ထိုင်းနိုင်ငံတွင် မြန်မာ ဘာသာစကား သင်ကြားပြသသည့် ကာလတလျှောက် ဆရာမ ဥဘွန်ရတ် ပန်ထုမင် (Ubonrat Pantumin) ၏ အတန်းများတွင် မြန်မာစာကို စိတ်ဝင်စားသော ထိုင်းကျောင်းသား အနည်းငယ်သာ ရှိခဲ့သည်။
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဇင်းမယ် (ခေါ်) ချင်းမိုင် တက္ကသိုလ်မှ တွဲဖက် ပါမောက္ခတဦး ဖြစ်သည့် ဆရာမ ဥဘွန်ရတ် ပန်ထုမင်က “လွန်ခဲ့တဲ့ သုံး၊ လေးနှစ်အထိ ကျောင်းသား ၁၀ ယောက်လောက်ပဲ ရှိတယ်” ဟု ပြောသည်။ သို့သော် အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) အတွက် ပြင်ဆင်မှုများ လုပ်လာသည့် ၂၀၁၃ ခုနှစ်တွင် ထိုင်း ကျောင်းသားများ၏ မြန်မာ ဘာသာစကား အပေါ် စိတ်ဝင်စားမှု တိုးမြင့်လာခဲ့သည်ဟု ဆရာမ ပန်ထုမင်က ဆိုသည်။
ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအပြင် AEC တွင် အိမ်နီးချင်း နိုင်ငံများ၏ ဘာသာစကားများ သင်ယူရေး အပါအဝင် အိမ်နီးချင်း နိုင်ငံများအကြား ဆက်ဆံရေး အားကောင်းစေရန် အလေးထားကြသည်။ ထို့ကြောင့် ယခုအချိန်တွင် ချင်းမိုင် တက္ကသိုလ်၌ မြန်မာစာ သင်ကြားနေသော ကျောင်းသား ၁၀၀ ကျော် ရှိလာသည်။
မြန်မာစာဌာန (Myanmar Language Division) ၏ အကြီးအကဲဖြစ်သော ဆရာမ ပန်ထုမင်သည် လုပ်သက်နှစ် ၂၀ ကျော် အကြာတွင် မြန်မာစာကို အခြေခံအဆင့် သင်ကြားရေးမှ အဆင့်မြင့်တန်းကို မကြာခင်တွင် သင်ကြားတော့မည် ဖြစ်သည်။ ထိုင်းမြောက်ပိုင်း ချင်းမိုင်တက္ကသိုလ် နယ်မြေတွင် မြန်မာဘာသာစကားကို အပိုဘာသာရပ် (Minor subject) တခုအဖြစ် သင်ယူနိုင်ကြသည်။ ယခု နှစ်ကုန်ပိုင်းလောက်တွင်မူ အဓိက ဘာသာရပ်တခုအဖြစ် သင်ကြားနိုင်တော့မည် ဖြစ်သည်။ အဓိက ဘာသာရပ်တခု ဖြစ်လာပါက ကျောင်းသားများ အနေဖြင့် ချင်းမိုင်တက္ကသိုလ်တွင် ပထမ စာသင်နှစ် ၃ နှစ်ထိ သင်ကြားပြီး နောက်ဆုံးနှစ်တွင် မြန်မာနိုင်ငံ၌ သွားရောက် သင်ယူရမည် ဖြစ်သည်။
“အခုဆိုရင် ကျောင်းသားတွေက သူတို့ ဒီဘာသာစကား သင်ပြီးသွားရင် ဘာလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှင်းရှင်းလင်းလင်း ရှိလာပြီ” ဟု ဆရာမ ပန်ထုမင်က ယနေ့ခေတ် ကျောင်းသားများနှင့် အစောပိုင်းကာလက သင်ကြားခဲ့သော ကျောင်းသားများကို ယှဉ်၍ ပြောကြားသည်။ “ဒီဘာသာရပ် လေ့လာပြီးရင်က ပုဂ္ဂလိက ကုမ္ပဏီတွေ၊ အစိုးရ အဖွဲ့အစည်းတွေမှာ အလုပ်တွေ ရလာနိုင်တယ်။ နောက် သုတေသန ပညာရှင်တွေအဖြစ် အထောက်အကူ ဖြစ်ပါလိမ့်မယ်” ဟု သူက ဆိုသည်။
သူ၏ ကျောင်းသားတချို့ ထိုင်းစာသင်ကျောင်းများတွင် မြန်မာဘာသာဆရာအဖြစ် စာသင်ကြားပေးနေကြကြောင်း သိရသည်။
ဆရာမ ပန်ထုမင်သည် ယမန်နှစ် စက်တင်ဘာလက ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံး အသစ်နှင့် ပူးတွဲ၍ မြန်မာစင်တာဟု ခေါ်သော မြန်မာနိုင်ငံဆိုင်ရာ စာအုပ်စာတမ်းများ ငှားရမ်းရယူနိုင်သည့် စင်တာတခုအား ဖွင့်လှစ်ခဲ့သည်။ ဘာသာရပ်ဆိုင်ရာ တက္ကသိုလ် ကျောင်းသားများနှင့် သုတေသနပညာရှင်များ ထိုစင်တာတွင် သွားရောက် လေ့လာနိုင်သည်။
ဆရာမ ပန်ထုမင်သည် မြန်မာစာ ချင်းမိုင်မြို့ ရှိ ဝပ်ဆိုင်မွန်း မြန်မာဘုန်းကြီးကျောင်း ဆရာတော်ထံတွင် စတင် သင်ကြားခဲ့သည်။ ဆရာမ ပန်ထုမင်က ဘာသာစကား လေ့လာမှုကို အလွန် စိတ်ဝင်စားသည်။ လန်နာ (Lanna) အက္ခရာ ခေါ် မြောက်ပိုင်း ထိုင်းအက္ခရာကို လေ့လာရင်းမှ လန်နာအက္ခရာနှင့် ဆင်တူသော မြန်မာအက္ခရာကို စိတ်ဝင်စားပြီး မြန်မာဘာသာကို လေ့လာဖြစ်ကြောင်း သူက ပြန်ပြောင်းပြောပြသည်။
“မြန်မာအက္ခရာနဲ့ လန်နာ အက္ခရာ ဆင်တူတယ်။ အဲဒါက ကျမကို မြန်မာဘာသာ စကားကို ပိုပြီး လေ့လာဖြစ်စေတယ်” ဟု သူကပြောသည်။ ထို့ကြောင့် ဝပ်ဆိုင်မွန်းကျောင်း ဆရာတော်ကို သူ၏ဆရာအဖြစ် သင်ကြားပေးပါရန် လျှောက်တင်ပြီး မြန်မာစာသင်ယူခဲ့သည်။
၁၉၉၅ ခုနှစ်တွင် ဆရာမ ပန်ထုမင်သည် ရန်ကုန်မြို့ နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် မြန်မာ ဘာသာစကားကို ၁ နှစ်ကြာ လာရောက် လေ့လာခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံသို့ ပြန်ရောက်သောအခါ မြန်မာစာ အတန်းကို ဖွင့်လှစ်နိုင်ခဲ့သည်။
အစပိုင်းတွင် ရန်ကုန် တက္ကသိုလ်နှင့် ချင်းမိုင် တက္ကသိုလ် မြန်မာစာဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့သည်။ ၁၉၉၀ ခုနှစ်များ နှောင်းပိုင်းတွင် ရန်ကုန်တက္ကသိုလ်မှ ၂ နှစ်တကြိမ် မြန်မာဆရာ၊ ဆရာမ ၂ ဦးစီဖြင့် မြန်မာစာပြဆရာ ၆ ဦး လာရောက်ပြီး မြန်မာဘာသာစကား ကူညီသင်ကြားပေးခဲ့သည်။ နောက်ပိုင်းတွင် ဆက်သွယ်ဆောင်ရွက်မှု မရှိတော့ဘဲ ဆရာမ ပန်ထုမင်က သူ၏ မြန်မာစာဌာနကို လက်ထောက် ဆရာ ၂ ဦးနှင့်အတူ ဆက်လက် သင်ကြားခဲ့သည်။
ယခုကာလတွင် ဆရာမ ပန်ထုမင်က ထိုင်းနှင့် မြန်မာကျောင်းသားများ အတွေ့အကြုံ ဖလှယ်ရေး အစီအစဉ်အတွက် ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ် နိုင်ငံခြားသာသာဌာနနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားသည်။ အတွေ့အကြုံ ဖလှယ်ရေး အစီအစဉ်မှတဆင့် ထိုင်းနှင့် မြန်မာကျောင်းသားများ မတူညီသော ယဉ်ကျေးမှုများ လေ့လာရန် နှင့် ဘာသာစကား လေ့ကျင့်မှုများ ပြုလုပ်နိုင်သည်။
အဆိုပါ အစီအစဉ် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းစဉ် ၂၀၁၅ ခုနှစ်တွင်မှ ဆရာမ ပန်ထုမင် အနေဖြင့် မြန်မာနိုင်ငံသို့ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည် သွားရောက် လည်ပတ်ခဲ့သည်။ မြန်မာပြည် အပြောင်းအလဲများနှင့် ပတ်သက်၍ သူ့ အမြင်ကို မေးမြန်းကြည့်ရာ “ပြောင်းတာတွေကတော့ အများကြီးပဲ။ အဓိက မှတ်မိတာက အခု စားသောက်စရိတ်နဲ့ လူနေမှုစရိတ်တွေ တအားတက်လာတာ” ဟု မြန်မာစာပြ ထိုင်းဆရာမက ဆိုသည်။
၁၉၉၀ ခုနှစ်များတွင် မြန်မာနိုင်ငံရှိ မည်သည့် နိုင်ငံခြားသားမဆို သတ်မှတ်ထားသော နေရာသို့သာ သွားလာခွင့်ရှိပြီး အခြေချရာ ဒေသမှ တခြားဒေသသို့ သွားလိုလျှင်လည်း အာဏာပိုင်များကို ကြိုတင် အကြောင်းကြားပြီးမှ သွားခွင့်ရသည်။ သို့သော် မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုး စေတီတော်သို့ သွားရောက် လည်ပတ်စဉ်က တင်ကြိုခွင့်ပြုချက် မယူဘဲ သွားခဲ့သော်လည်း အဆင်ပြေခဲ့ကြောင်း ပြောသည်။ “သွားမယ့်ခရီးစဉ်အကြောင်း ကြိုအကြောင်းမကြားဘဲ ကျမ ထိုင်းသူငယ်ချင်းတွေ နဲ့အတူ သွားခဲ့တယ်” ဟု ပြန်ပြောင်းပြောပြသေးသည်။
ဘဝတလျှောက် မြန်မာစာကို မပြတ်ဆည်းပူး လေ့လာလျက်ရှိသည့် ဆရာမ ပန်ထုမင်က ၎င်းလေးစားရသော ဆရာများ အကြောင်းကိုလည်း တခုတ်တရ ပြောပြသည်။ ဌာနမတူသော်လည်း မြန်မာဘာသာဆိုင်ရာ အငြိမ်းစား ပါမောက ၂ ဦးဖြစ်သော ဆရာကြီး ဒေါက်တာ စောထွန်းနှင့် အင်္ဂလန်မှ မြန်မာစာဆရာ ဒေါက်တာ ဂျွန်အိုကဲလ်တို့က သူ၏ စံနမူနာ ပုဂ္ဂိုလ်များ ဖြစ်သည်ဟု ဆိုသည်။
သူ တနေ့တာတွင် မြန်မာစာဖတ်ခြင်း၊ မြန်မာ ရေဒီယိုနှင့် သီချင်းများ နားထောင်ခြင်း သို့မဟုတ် မြန်မာရုပ်ရှင်ကား ကြည့်ခြင်းများကို မဖြစ်မနေ ဆောင်ရွက်လေ့ ရှိကြောင်းလည်း သိရသည်။ သူအကြိုက်ဆုံး အဆိုတော်မှာ ဟေမာနေဝင်းဖြစ်ပြီး တေးရေး၊ တေးဆို ခင်မောင်တိုး၏ “ပန်းချစ်သူ” သီချင်းကို အလွန်နှစ်သက်သူ ဖြစ်သည်။ သာမန်ပြည်သူများ၏ လူမှုဘဝနေထိုင်မှုကို ဖွဲ့နွဲ့ရေးသားသော စာရေးဆရာမ မစန္ဒာကိုလည်း နှစ်သက်သည်ဟု ဆိုသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ငြိမ်းငြိမ်း၏ Thai Professor: Interest in Burmese Language Has Increased Ten-Fold ကို ဆုမွန်ဖြိုး ဘာသာပြန်ဆိုသည်။)