တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးခြင်း လုပ်ငန်းများ အပြည့်အ၀ အောင်မြင်ရန် ထိုင်းဘုရင့်တပ်မတော်အနေဖြင့် ဆက်လက်ကူညီစေလိုကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွမ်မိုင်း ကအိုတီရာနှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ မြန်မာနှင့် ထိုင်းသည် ထာဝရ မပြောင်းလဲသော ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းဖြစ်ပြီး၊ ယခင်က အောက်ခြေအဆင့် Township Border Committee (TBC) ဆွေးနွေးပွဲမှသည် Regional Border Committee (RBC) အဆင့်၊ ထို့နောက် High Level Committee(HLC) အဆင့်အထိ ပြုလုပ်၍ Senior Staff Talk များစွာ ဆောင်ရွက်နိုင်ခဲ့ရာနှစ်နိုင်ငံတပ်မတော်အကြား လက်ရှိ ဆက်ဆံရေးမှာ အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေပြီး လက်ရှိထိုင်းနိုင်ငံအစိုးရ၏ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးပြုပြင်ပြောင်း လဲရေး လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ နားလည်ထောက်ခံပါကြောင်း ပြောဆိုသည်ဟု မြဝတီသတင်းတွင် ဖော်ပြထားသည်။
အလားတူ ထိုင်းဘုရင်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ထိုင်း-မြန်မာ တပ်မတော်နှစ်ရပ်အကြား ကောင်းမွန်သည့်ဆက်ဆံရေး Model ကို ဆက်လက်ထိန်းသိမ်း လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှုအတွက် ဂုဏ်ယူသကဲ့သို့ ဆက်လက်ပြီး ကူညီဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံသား အလုပ်သမားများနှင့် ပတ်သက်၍လည်း အတတ်နိုင်ဆုံး ကူညီစောင့်ရှောက် သွားမည်ဖြစ်ကြောင်း ဆိုသည်ဟု ဖော်ပြထားသည်။