အစိုးရက ကျုးကျော်နေထိုင်သူများကို အတင်းအဓမ္မ ဖယ်ရှားရှင်းလင်းခဲ့ပြီးနောက် လူမှုရေးဆိုင်ရာ အကူအညီပေးခြင်း အပါအဝင် ပြန်လည်နေရာချထားပေးရန် ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ယမန်နေ့ က သတင်း ထုတ်ပြန်လိုက်သည်။
“အစိုးရအနေနဲ့ သူတို့ကို ဖယ်ရှားပေးဖို့ကို မဖယ်ရှားခင် အမိန့်ထုတ်တာမျိုးအပါအဝင် ကျန်းမာရေး၊ ပညာရေး နေရေးထိုင်ရေး စီစဉ် ပေးသင့်တယ်လို့ သုံးသပ်တယ်။ ကျုးကျော်နေထိုင်သူတွေမှာက အုပ်စုလိုက်ကြီးဆိုတော့ ဒီအချိန်မှာ ဖယ်ရှားတယ်ဆိုတာက အေး တဲ့ရာသီမှာ အိမ်မရှိ ဘာမရှိဆိုတော့ နေထိုင်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးတွေ ဆုံးရှုံးတယ်လို့ ယူဆတယ်”ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဖျက်သိမ်းခံရသည့် ကျုးကျော်အိမ်နေရာများသို့ ကော်မရှင်က သွားရောက်လေ့လာရာ၌ အစိုးရ က ကျုးကျော်သူများကို ဖယ်ရှားရာတွင် တာဝန်ရှိသူတချို့က လတ်တလောသွားလာမှု အဆင်မပြေသူများကို ယာယီနေထိုင် စားသောက် နိုင်ရန်နှင့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုများ ပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ထောက်ပံ့ကူညီမှု မရရှိကြကြောင်း သိရသည်။
ထို့အပြင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ၊ ပညာသင်နေဆဲ ကျောင်းသားကျောင်းသူများ ပါဝင်နေ သည့် အပြင် သောက်သုံးရေ လုံလောက်စွာ မရရှိသည်တို့ကို ကြားသိခဲ့ရသည်ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရအနေဖြင့် ကျူးကျော်နေထိုင်သူများကို မလွှဲမရှောင်သာ ဖယ်ရှားရမည်ဆိုပါက ညင်သာသိမ်မွေ့စွာ ဆောင်ရွက်ခြင်း၊ ဖယ်ရှားခြင်းမပြုမီ အသိပညာပေး ဆွေးနွေးခြင်း၊ သတိပေးအမိန့်များ ထုတ်ပြန်ခြင်း၊ ရွှေ့ပြောင်းရေးအတွက် သယ်ယူပို့ဆောင်ရေးများ စီစဉ် ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အကူအညီများပေးခြင်း၊ ဖယ်ရှားပြီးနောက် ပြန်လည်နေရာချထားပေးခြင်းတို့ကို လူသားချင်းစာနာမှု အခြေခံဖြင့် ဆောင်ရွက်ပေးသင့်သည်ဟုလည်း ကော်မရှင်က ဖေဖော်ဝါရီ ၃ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန် ခြင်း ဖြစ်သည်။
ထို့အပြင် ကျူးကျော်နေထိုင်သူများအနေဖြင့် အစိုးရပိုင်းက ပြန်လည်နေရာချထားပေးခြင်း ပြုလုပ်ပေးသည့်အခါတွင် စည်းမျဉ်း စည်း ကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သင့်သည်ဟု ကော်မရှင်က အကြံပြုထားသည်။
“နောင်တက်လာမယ့် အစိုးရကလည်း သူတို့နေထိုင်ဖို့ နေရာကို ဖန်တီးပေးဖို့ လိုမှာပေါ့။ တကယ်နေစရာမရှိသူ အခက်အခဲရှိသူတွေကို နေရာဖန်တီးပေးသင့်တယ်လို့ ယူဆတယ်လေ။ အခွင့်အရေးသမားတွေကိုလည်း သေချာ စိစစ်ဖို့တော့ လိုမှာပေါ့”ဟု ဒေါက်တာ ဉာဏ်ဇော်က ဆိုသည်။
အစိုးရသည် ရန်ကုန်တိုင်းဒေသကြီး ယုဇနဥယျာဉ်မြို့တော် အနီးရှိ ကျူးကျော်နေထိုင်သူများ၊ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် စက်မှုဇုန် နယ်မြေအတွင်းရှိ ကျုးကျော်အိမ်ခြေ ၅၀၀ ခန့်ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ညောင်နီကျေးရွာရှိ ကျူးကျော်နေထိုင်သူများကိုလည်းကောင်း ဇန်နဝါရီလ အတွင်းက အင်အားသုံး ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်ခဲ့ရာ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ သည်။
“ရာသီဥတုကအေးတော့ သက်ကြီးရွယ်အိုတွေ ကလေးတွေ လုံးဝအဆင်မပြေဘူး။ စုပြုံပြီး နေကြရတာဆိုတော့ ဝမ်းပျက်တာတွေ ဘာတွေဖြစ်ကြတယ်။ ကျနော်တို့ကို နေရာချထားပေးမယ် ဆိုရင်လည်း ချထားပေးစေချင်တယ်”ဟု မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် စက်မှုဇုန် မြဲမြံအောင် စိုက်ခင်းရပ်၌ နေထိုင်လျက်ရှိရာတွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ဖယ်ရှားရှင်းလင်း ခံခဲ့ရသည့် ဦးရွှေသီး က ပြောသည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကျူးကျော်နေထိုင်သူများအား မည်သည့်အချိန်တွင် နောက်ဆုံးထား ရှင်းလင်း ဖယ်ရှားသွားမည်ဟူ၍ သတ်မှတ်ထားခြင်း မရှိသော်လည်း ယခုအစိုးရလက်ထက်သာမက နောင်အစိုးရ လက်ထက်အထိပါ တောက်လျှောက်ရှင်းလင်းသွားမည်ဟု ထုတ်ပြန်ပြောဆိုထားသည်။