Women

ရှင်ရေး စေတနာရှင် ဒေါ်ရွှေကြာ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အကျႌနှင့် ဘောင်းဘီကို စတိုင်ကျကျ လှလှပပ ဝတ်ဆင်ထားသော အမျိုးသမီး တဦး။ အရပ်အမောင်းက ၅ ပေ ၆ လက်မခန့်။ ကိုယ်လုံး ကိုယ်ထည် ဟန်ပန်က တောင့်တင်း သန်မာတဲ့ ဟန်ပန်။ သူ့ကို မြင်ရုံနှင့် နာမကျန်းသူ ဝေဒနာရှင်တွေ အားကိုးချင်စဖွယ် ပုံပန်း သဏ္ဌာန်နှင့် ဖြစ်သည်။

သူက သွားရေးလာရေး အခက်အခဲ ဖြစ်နေသည့် လူနာများကို စေတနာ့ဝန်ထမ်း အခမဲ့ အစီအစဉ်နှင့် ဆေးရုံ ဆေးခန်း လိုရာ ခရီး သို့ ကိုယ်တိုင် ကားမောင်းပြီး ပို့ဆောင်ပေးနေသော အလုပ်ကို စေတနာ သဒ္ဓါ ကြည်ဖြူစွာနှင့် ဆောင်ရွက်ပေးနေသည့် ဒေါ်ရွှေကြာ အမည်ရှိ အမျိုးသမီးပင်။

ယခုကဲ့သို့သော ပရဟိတ လုပ်ငန်းကို လုပ်ဆောင်ပေးနေသည့် ရှင်ရေးကူညီမှု အသင်း ၏ တည်ထောင်သူ၊ ဦးဆောင်သူလည်း ဖြစ် သည်။

ရန်ကုန်နှင့် မိုင် ၅၀ အတွင်းရှိ မည်သည့် ဝေဒနာရှင်မဆို ရှင်ရေး ကူညီမှု အသင်း အား အကူအညီ တောင်းလာပါက လူနာတင် ယာဉ် ကို ကိုယ်တိုင်မောင်း၊ လူနာကို ကိုယ်တိုင် ဖေးမ သယ်ဆောင်၍ အကူအညီ ပေးရသည့်အလုပ်ကို မညည်းမညူ ဆောင်ရွက် နေသူလည်း ဖြစ်သည်။

ဒေါ်ရွှေကြာသည် ငယ်စဉ် ကလေးဘဝကတည်းကပင် စစ်မြေပြင်ရောက် လူနာများကို ပြုစုပေးရသည့် စစ်သူနာပြုတဦး ဖြစ်လို သော စိတ်ကူးယဉ် အိပ်မက်ကို မက်ခဲ့ဖူးသူ ဖြစ်သည်ဟု ဆိုသည်။

“တိုက်ပွဲမှာ ဘယ်လိုလူနာဖြစ်ဖြစ်ကို ကူညီပြုစုပေးချင်ခဲ့တာ ကျမ ဝါသနာ။ ဆန်ပြုတ်လှူနေရင်း လူနာပို့ဆောင်ပေးဖို့ အကူအညီ တောင်းလာတော့ ကျမ ကူညီဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခါနီး အဖေဆုံးသွားလို့ နည်းနည်း ကြန့်ကြာ သွားသေးတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်တယ်၊ သူငယ်ချင်းတွေနဲ့ တိုင်ပင်တယ်၊ အဲဒီကနေ ဒီလုပ်ငန်း စဖြစ်ခဲ့တာပါ”ဟု ဒေါ်ရွှေကြာက ပြောပြသည်။

ဒေါ်ရွှေကြာသည် နှလုံး ဘယ်ဘက်ခန်း ကြီးခြင်း၊ ငှက်ဖျား၊ သွေးလွန်တုတ်ကွေး စသည့် ရောဂါများကြောင့် မကြာခဏ ဆိုသလို ဆေးရုံတက်၍ ကုသမှု ခံယူခဲ့ရပြီး ဆေးရုံများ၏ လိုအပ်ချက်များစွာကို တွေ့မြင်ခဲ့သူတဦး ဖြစ်၍လည်း လူနာများစွာ၏ အခက်အခဲကို အနီးကပ် သိရှိ ခံစားခဲ့ရသူဟုလည်း ဆိုရမည် ဖြစ်သည်။

သူသည် ရှင်ရေး ကူညီမှု အသင်း မတည်ထောင်ခင်ကတည်းက နာရေးကူညီမှု အသင်းတွင် ပါဝင်ပြီး ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နေခဲ့ပြီးနောက် ကားမောင်းသူ တဦးအနေနှင့် လူနာတွေ့လျှင် မည်သို့မည်ပုံ လူနာကို ကိုင်တွယ်ပုံ၊ ကိုင်တွယ်နည်း သင်တန်း တခုကို နာရေးကူညီမှု အသင်းတွင် စနစ်တကျ တက်ရောက် သင်ယူခဲ့သည်။

ယင်းသင်တန်းမှ ရရှိသည့် သင်ခန်းစာများက အခက်အခဲ ဖြစ်နေသော လူနာများကို ကူညီရန် စိတ်ကူးရှိသည့် သူ၏ စိတ်အခံ မျိုးစေ့ ကို ပျိုးထောင်ပေးလိုက်သလို ဖြစ်ခဲ့သည်။

ထို့နောက် သူလုပ်ဆောင်နေသည့် ဆန်ပြုတ်အလှူကြောင့် တွေ့ဆုံခဲ့သော ကယ်ကူရာမျှော်လင့်နေသည့် လူနာများကြောင့် ပိုပြီးတွန်း အား ဖြစ်စေခဲ့သည်ဟု ဒေါ်ရွှေကြာက ပြောသည်။

“ပထမဆုံး ပရဟိတ တခု အရင်လုပ်မယ်လို့ ဆုံးဖြတ်ပြီး သူငယ်ချင်းတွေ အကူအညီနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ဆန်ပြုတ်လှူခဲ့တယ်။ အဲဒီ ဆန်ပြုတ်က ကျမ ပရဟိတ လုပ်တဲ့ မှှတ်တိုင် တခုလို့လည်း ပြောလို့ရမယ်”ဟုလည်း ဒေါ်ရွှေကြာက ဆိုသည်။

ပထမဆုံး ဒေါ်ရွှေကြာ ဦးဆောင်လှူဒါန်း ဖြစ်ခဲ့သော ဆန်ပြုတ် အလှူကို သူ၏ မွေးနေ့တွင် စတင်ခဲ့ပြီးနောက် စိတ်ပါဝင်စားသည့် အလှူရှင်များက ဆက်သွယ်လာမှုကြောင့် တလတကြိမ် ပုံမှန် လှူဒါန်း ဖြစ်ခဲ့သည်မှာ လက်ရှိတွင် ဆန်ပြုတ် အလှူရေ အကြိမ်ပေါင်း ၄၇၁ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
“ပထမဆုံး ဆန်ပြုတ်သွားလှူတော့ လူနာတွေကရော၊ လူနာရှင်တွေကပါ အစ်မ ဘယ်တော့ ပြန်လာမလဲလို့ ကျမကို မေးတယ်။ အဲဒီစကားကြောင့်ပဲ ကျမ ပုံမှန် လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တယ်”ဟု ဒေါ်ရွှေကြာက ပြောပြသည်။

သူ၏ ဆန်ပြုတ် လှူဒါန်းမှုကို အသိအမှတ်ပြုသည့် အနေဖြင့် ဆန်ပြုတ်အလှူအဖွဲ့ဟု အများစုက သတ်မှတ်ခဲ့ကြပြီး နောက်တွင် ဆေးရုံများရှိ လူနာများကို ကူညီနိုင်ရန် အတွက် ၂၀၁၄ ခုနှစ် ၁၁ လပိုင်း ၁၁ ရက်နေ့မှ စတင်ပြီး သူကိုယ်တိုင် လူနာတင်ကား မောင်း ၍ အကူအညီတောင်းသူ မှန်သမျှ လူနာများကို ဆေးရုံနှင့် နေအိမ်များသို့ အပြန်အလှန် ကြိမ်ဖန်များစွာ ပို့ဆောင်ပေးခဲ့သည်။

ကိုယ်လက်အင်္ဂါ လှုပ်ရှားရန် အခက်အခဲ ဖြစ်နေသော လူနာ၊ ခွဲစိတ်ထားသည့် လူနာ၊ အိပ်ရာက မထနိုင်သည့် လူနာများ အပါအဝင် လမ်းဘေးတွင် စွန့်ပစ်ထားသည့် လူနာများနှင့် အများသူငါ မကိုင်တွယ်ချင်လောက်အောင် ဝေဒနာ ခံစားနေရသည့် လူနာပေါင်း များစွာကို အထိအခိုက် မရှိ လိုရာခရီးသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

“ရွံ့စရာ တွေ့နေရတောင် ကျမ အလုပ်လုပ်နေတဲ့အချိန်မှာ သူ ညစ်ပတ်နေတာကို မမြင်တော့ဘူး။ သူ့ကို ဘယ်လို ကယ်တင်ရမလဲ ဆိုတာကိုပဲ ကျမ တွေးတယ်၊ ကူတယ်၊ သယ်တယ်။ အားလုံးပြီးသွားမှပဲ တချို့ အနံ့တော်တော် နံပါလားဆိုတာကို သတိထားမိ တယ်”ဟုလည်း ဒေါ်ရွှေကြာက သတိတရ ပြန်လည် ပြောပြသည်။

လူနာများ ပို့ဆောင်မှု အဆက်မပြတ် လုပ်ဆောင်လာရပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်တော့“ရှင်ရေးကူညီရေး အသင်း” အမည် သတ်မှတ်၍ တရားဝင် ပရဟိတ လုပ်ငန်းများကို ဒေါ်ရွှေကြာ ကိုယ်တိုင်ဦးဆောင်ပြီး လုပ်ဆောင်လာခဲ့သည်။
ပရဟိတ အဖွဲ့တွင် ပါဝင်လာသည့် ကူညီလုပ်ကိုင်ပေးမည့်သူများကိုလည်း ဒေါ်ရွှေကြာ ကိုယ်တိုင် လူနာ ကိုင်တွယ်ပုံ၊ ကိုယ်တွယ် နည်းများကို ဆက်လက်မျှဝေ သင်ကြားပေးခဲ့မှုကြောင့် ပရဟိတ လုပ်ငန်းဆောင်ရွက်မှုသည် ပိုပြီး အဆင်ပြေ ချောမွေ့မှုများ ရှိလာ သည်။
သူ့အနေနှင့်လည်း လိုအပ်သည့် သင်တန်းများကို ဆက်လက် သင်ယူမှုများ လုပ်ဆောင်ခဲ့သည်။

ထိုင်းနိုင်ငံတွင် သင်ကြားပို့ချနေသည့် အဆင့် သုံးဆင့် ရှိသည့် သဘာ၀ ဘေးအန္တရာယ်တွင် ကြုံတွေ့နေရသည့် မြေပြင်တွင် လူနာ ကယ်တင်နည်း၊ ရေပြင်တွင် လူနာ ကယ်တင်နည်းနှင့် လေဟာနယ်တွင် လူနာကယ်တင်ခြင်း သင်တန်းများထဲမှ မြေပြင်နှင့် ရေပြင် တွင် လူနာ ကယ်တင်နည်း သင်တန်းကို တက်ရောက်ခဲ့သည်။

ရှင်ရေး ကူညီမှု အသင်း၏ စည်းကမ်းနှင့် စည်းမျဉ်း ကောင်းမွန်မှုကြောင့် လူနာများအတွက် အဆင်ပြေ ချောမွေ့မှုများရှိလာပြီး အလှူရှင်များစွာ၏ လှူဒါန်းမှုများကြောင့်လည်း လူနာတင်ယာဉ် တစီးက နှစ်စီး ဖြစ်လာကြောင်း၊ လူနာတင်ယာဉ် ထပ်မံ အင်အားဖြည့် စည်း မှုတွေလည်း ပြုလုပ်ရန် စီစဉ်ထားသလို ပရဟိတ စေတနာ့ဝန်ထမ်း လူငယ်များစွာလည်း ပါဝင်လာမှုကြောင့် ယခုဆိုလျင် စေ တနာ့ ဝန်ထမ်း အင်အား ၆၀ ကျော်၊ အမြဲတမ်း ဝန်ထမ်း ၂၀ ကျော်နဲ့ များစွာ အဆင်ပြေချော့မွေ့နေကြောင်း၊ ပြန်လည် ရရှိသည့် အပြုံး ပီတိများသည်လည်း သူ့အတွက် အလွန်အဖိုး ထိုက်တန်လှကြောင်း ဒေါ်ရွှေကြာ က ပြောပြသည်။

သို့သော် စိတ်ဖိစီးမှုများစွာ ရှိနေသေးကြောင်းလည်း သူက ဆိုသည်။

ရှင်ရေး ကူညီမှု အသင်းသို့ လူနာ ခေါ်ဆောင်ရန် အကူအညီတောင်းခံသည့် အခါ သူတို့အနေနှင့် ပုံမှန်မေးခွန်းတချို့ မေးမြန်းတာမျိုး လုပ်ဆောင်ရာတွင် လူနာရှင်တချို့က အချက်အလက်အမှန် ပြောကြားမှု မရှိခြင်းကြောင့် အခက်အခဲ ကြုံတွေ့ရသည်ဟု ဒေါ်ရွှေကြာ က ပြောသည်။

“ကျမတို့က လူနာသွားခေါ်ပြီဆို မခေါ်ခင် တိုက်ခန်းဆိုရင် ဘယ်နှလွှာလဲ၊ ဓာတ်လှေကားရှိလား၊ ဓာတ်လှေကား မရှိဘူးဆိုရင် လှေကားက ကျဉ်းလား၊ ကျယ်လား၊ လူနာက ဝလား၊ ပိန်လား၊ စတဲ့ ကျမတို့ သတ်မှတ်ထားတဲ့ အချက်တွေကိုမေးတယ်။ ဒါကလည်း ကျမတို့ လူသွားသယ်တဲ့အခါ ဒီကနေ ကြိုတင်ပြင်ဆင် သွားရတာမျိုးတွေ ရှိတယ်။ ဝတဲ့သူဆိုရင် လူဘယ်လောက် ခေါ်သွားရမယ်။ လှေကား ကျဉ်းရင် ဘယ်လို သယ်မယ်ဆိုတာမျိုးတွေ လုပ်ရတယ်။ ဒါကို တချို့က အမှန်မဖြေလို့ အခက်အခဲတွေ ဖြစ်ရတယ်”ဟု သူက ပြောပြသည်။

ဒီအချက်က သူ၏ အခက်အခဲများထဲမှ တခု ဖြစ်သည်။ နောက်အခက်အခဲတခုမှာ အမျိုးသမီးတဦး အနေနှင့် လူနာတင်ယာဉ် မောင်းနှင်ခြင်းကို အမျိုးသားတချို့က အထင်သေး အမြင်သေးသည့် ပုံစံများဖြင့် မကြာခဏ ဆိုသလို အစအနောက် ခံရခြင်း ဖြစ် သည်ဟု ဆိုသည်။

“ကျမကို စကားနဲ့ စနောက်တာမျိုးလည်း ကြုံရတယ်။ ကျမက အရေးကြီးလို့ ယဉ်ယဉ်ကျေးကျေး လမ်းတောင်းတာကို မချေမငံ ဆက်ဆံ ပြောဆိုတာလည်း ခံရတယ်။ ကျမ မောင်းလာတဲ့ ကားကို အရှေ့ကနေ လမ်းမဖယ်ပေးဘဲ ပိတ်မောင်းတာတွေ အပြင် အရှေ့ကနေ ပိတ်ရပ်တာမျိုးအထိတောင် ကြုံရတယ်။ ကျမက အစကတည်းက စိတ်ဆတ်တဲ့ သူမျိုးပါ။ ဒါပေမယ့် ပရဟိတ လုပ်နေ တဲ့ သူတယောက်လည်း ဖြစ်သလို အသင်းနဲ့ လုပ်နေတဲ့အတွက် ကျမ အရမ်း စိတ်ထိန်းရတယ်”ဟု ဒေါ်ရွှေကြာက ပြောသည်။

အမျိုးသမီးနှင့် အမျိုးသား ခွဲခြားဆက်ဆံ ခံရမှုများလည်း ကြုံတွေ့ရကြောင်း သူက ပြောဆိုသည်။

သူ့အတွက်ရော သူ၏ ပရဟိတလုပ်ငန်းအတွက်ပါ အခက်အခဲများစွာထဲမှ အဓိက အရေးကြီးဆုံး အခက်အခဲတခုမှာ နေ့စဉ် ကြုံတွေ့နေရသည့် ကားလမ်းပိတ်ဆို့သည့် အခက်အခဲပင် ဖြစ်သည်။

ကားလမ်း ပိတ်ခြင်းများကြောင့် အချိန်ကြန့်ကြာမှုများစွာ ကြုံတွေ့ရသည့်အတွက် နောက်ပိုင်းတွင် လူနာတချို့ကို သွားရောက် မခေါ်ဆောင်ပေးနိုင်သည်အထိ ငြင်းဆန်ရသည်မျိုး ရှိကြောင်း သူက ပြောပြသည်။

“ကျမ ဒီအချိန်မှာ အခက်အခဲဆုံး အရာလို့ ပြောမယ်ဆိုရင် ကားလမ်းပိတ်တာပဲ။ ကျမတို့ လုပ်ငန်းက အချိန်နဲ့ တပြေးညီ သွားလာ သယ်ပို့နိုင်မှ အဆင်ပြေတာပါ။ ကားလမ်းပိတ်မှုကြောင့် အချိန်တွေ မကုန်သင့်ဘဲ ကုန်ရတယ်။ ကျမတို့အတွက် ဒီကိစ္စက အရေးကြီး တဲ့ အခြေအနေ တခုပါ”ဟုလည်း ဒေါ်ရွှေကြာက ပြောသည်။

ယခု လုပ်ကိုင်နေသော ပရဟိတလုပ်ငန်းမျိုးသည် အချိန်နှင့် တပြေးညီ လုပ်ကိုင်ရသော လုပ်ငန်း ဖြစ်သည့်အတွက် နောက်တက် လာမည့် အစိုးရသစ် လက်ထက်တွင် ကားလမ်းပိတ်ဆို့မှုကို စနစ်တကျ ဖြေရှင်းပေးနိုင်ရန်နှင့် အခြားနိုင်ငံများနည်းတူ ယာဉ်သွားလမ်းများကို သတ်သတ်မှတ်မှတ် သတ်မှတ်နိုင်ရန် မျှော်လင့်ကြောင်းလည်း သူက ပြောဆိုသည်။

မည်သို့ပင်ဆိုစေ စေတနာ့ဝန်ထမ်း ပရဟိတ လုပ်ငန်းကို ငယ်စဉ်ကတည်းကပင် အိပ်မက် မက်ခဲ့သူ၊ လူအများ ရှင်သန်ရေး အတွက် ရတက်မအေးနိုင်ဘဲ ဝေဒနာသည် တဦးလိုဖြစ်နေသူ ဒေါ်ရွှေကြာ ကတော့ အကူအညီ တောင်းလာသည့် လူနာများစွာကို တတ်နိုင် သမျှ ကူညီနေဦးမည် ဟု ယုံကြည်ရသူ တဦးဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading