
ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားမဝင်အလုပ်သမား ရှာဖွေဖမ်းဆီးရေး ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ယနေ့ထုတ် Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။နိုင်ငံတဝှမ်းမှာရှိတဲ့ ရွေ့ပြောင်းအလုပ်သမားများ အရေအတွက်ကို သိရှိဖို့နဲ့ တရားမဝင်အလုပ်သမား ဦးရေကို သိရှိနိုင်ဖို့ ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ စီမံကိန်းကို တရားမဝင်အလုပ်သမားတွေ အလုပ်လုပ်ကိုင်နေ တယ်လို့ ယူဆရတဲ့ နေရာတွေကို ပစ်မှတ်ထားကာ တိတိကျကျ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
အလုပ်သမားဌာန အကြီးအကဲ Arak Phrommanee က “သူတို့ ဌာနအနေနဲ့ အလုပ်ရှင်တွေနဲ့ တွေ့ဆုံသွားမယ် အထူးသဖြင့် တရားမဝင်အလုပ်သမားတွေကို ငှားရမ်းလုပ်ကိုင်နေတဲ့ သူတွေကို ညွှန်ကြားချက်တွေ ပေးမယ်” လို့လည်း ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာနက ဝန်ထမ်းတွေကို ရွေ့ပြောင်းအလုပ်သမားများရှိတဲ့ နေရာတွေကို ရှာဖွေဖို့ ပြီးခဲ့တဲ့ လ က စေလွှတ်ထားပြီး နောက်လမှာတော့ အစီရင်ခံစာ တက်နိုင်ပြီလို့ မျော်လင့်ကြောင်းလည်းဆိုပါတယ်။
အလုပ်ရှင်များအနေနဲ့ တရားမဝင်အလုပ်သမားများ ငှားရမ်းသုံးစွဲကြောင်း တွေ့ရှိပါက အလုပ်သမား တဦး အတွက် ထိုင်းဘတ် ၁သိန်း(ကျပ်သိန်း ၃၀ နီးပါး) ဒဏ်ငွေပေးဆောင်ရမှာဖြစ်သလို၊ ရေထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းရှင်များကတော့ အလုပ်သမားတဦးအတွက် ထိုင်းဘတ်ငွေ ၄သိန်း ဒဏ်ငွေချမှတ်ထားပါတယ်၊ ဒါအပြင် ဥပဒေကို လိုက်နာမှု ပျက်ကွက်တဲ့အတွက်လည်း လုပ်ငန်းပိတ်သိမ်းခံရမယ်လို့ သိရပါတယ်။