အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး တားဆီးနေသည့် ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး အဆို လွှတ်တော်သို့ တင်ပြလာပါက ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆောင်ရွက်သွား မည်ဖြစ် ကြောင်း တပ်မတော်နှင့်ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စား လှယ်တချို့ က ပြောဆို လိုက်သည်။
NLD ပါတီက မကြာခင် ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး အဆိုတရပ်တင်ပြမည်ဖြစ်ရာ ယင်းသို့ ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ ရေး အဆိုတင်ပြမှုများရှိလာခဲ့ပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း တပ်မတော်က ဆောင်ရွက်သွားမည် ဟု တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခေါင်းဆောင် ဗိုလ်ချုပ်တောက်ထွန်းက ဖေဖော်ဝါရီလ ၄ ရက်နေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးအပြီး ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆောင်ရွက်မှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပဲ ဆောင်ရွက်မှာပါ။ ဥပဒေအတိုင်းပဲ ဆောင်ရွက်မှာပါ”ဟု ဗိုလ်ချုပ်တောက်ထွန်းက ပြောသည်။
ကြံ့ခိုင်ရေးပါတီမှ ဇေယျာသီရိမြို့နယ်၏ ပြည်သူ့ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်းကမူ NLD ပါတီ၏ ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး အဆို တင်သွင်းမည့်အပေါ် သဘောထားမှတ်ချက် ပေးရန် စောနေသေးသည် ဟု ဧရာဝတီသို့ ပြောသည်။
“ဘာမှ ပြောစရာမရှိသေးဘူး။ နည်းနည်းစောနေသေးတယ်”ဟု ဦးလှဌေးဝင်းက ဆိုသည်။
ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် လည်း ဖြစ်သူ ဗိုလ်ချုပ်ဟောင်း ဦးသိန်းဆွေကမူ ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေးသည် အခြေခံဥပဒေ အတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပဲ သွားရမယ်။ အဲဒါကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘယ်လို ဆိုတာ ထားလဲဆို တာ အသေးစိတ်မလေ့လာရသေးဘူး။ ဒါက လုပ်နိုင်တဲ့ကိစ္စလား၊ မလုပ်နိုင်တဲ့ ကိစ္စလား။ အန်ကယ်က ဥပဒေ ပညာရှင် မဟုတ်ဘူး။သေချာ ပြန်လေ့လာပြီး တိုင်ပင်ပြီးမှ အဆုံးအဖြတ်ပေးရမယ်။ သင့်မသင့် ဆုံးဖြတ် ရ မယ်”ဟု ဦးသိန်းဆွေက ပြောသည်။
ဥပဒေပညာရှင်များအကြားတွင်မူ ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေးသည် အခြေခံဥပဒေတွင် တားမြစ်ထားခြင်းမရှိ၍ လုပ်ဆောင်ရသည်ဟု ပြောဆိုမှုများရှိသကဲ့သို့ ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေးသည် အခြေခံဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဆိုသော သုံးသပ်မှုများလည်း ရှိနေသည်။