ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အမှန်တကယ် မြေယာမရှိသူ (ကျူးကျော်များ) ကို လက်ရှိအစိုးရ လက်ကျန် သက်တမ်းအတွင်း မြေနေရာလွတ်များ၌ စိစစ်ချထားပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသို့ နေရာချထားပေးနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် ၄ မြို့နယ်ရှိ ပြန်လည် စွန့်လွှတ်မြေများ၊ စီမံကိန်း မလုပ်ဖြစ်ဘဲ လွတ်နေသည့် မြေနေရာများကို အဓိကထား ရှာဖွေနေကြောင်းနှင့် မည့်သည့်အချိန်တွင် စတင် ပေးအပ်နိုင်မည်ကို မပြောဆိုနိုင်သေးသော်လည်း လက်ရှိအစိုးရ လက်ထက်တွင် နေရာချထား ပေးနိုင်ရေးအတွက် အင်တိုက်အားတိုက် ကွင်းဆင်းဆောင်ရွက်နေသည်ဟု မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်) ညွှန်ကြားရေးမှူး ဦးယုခိုင်က ဧရာဝတီကို ပြောသည်။
“ဒီအစိုးရ လက်ထက်မှာပဲ ဒီလူတွေကို နေရာချထားပေးဖို့ ယူဆတယ်။ တဘက်ကလည်း အင်တိုက်အားတိုက် ကွင်းဆင်း ဆောင်ရွက်နေတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း သွားကြည့်တယ်။ အောက်ခြေ ဝန်ထမ်းတင် မဟုတ်ဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း လုပ်နေပါတယ်။ လက်ရှိ လုပ်လက်စတွေကလည်း လုပ်နေရတော့ နေရာအဆိုင်းတွေခွဲပြီး လိုက်ဆင်းကြည့် ရှာနေပါတယ်” ဟု ၎င်းက ဆိုသည်။
မြေနေရာလွတ်များ ရှာဖွေပြီးသည့်အခါတွင် အမှန်တကယ် နေထိုင်ရေးအတွက် အခက်အခဲ ရှိသူများကို ဥပဒေနှင့်အညီ နေရာချထားပေးသွားမည် ဖြစ်ကြောင်းနှင့် တဘက်တွင်လည်း လုပ်ငန်း သဘာဝအရ ရွှေ့ပြောင်း နေထိုင်ရင်း ကျူးကျော်ဖြစ်နေသူများကို အငှားအိမ်ရာများ၌ နေရာချထားပေးနိုင်ရန် လုပ်ဆောင်နေသည်ဟု ဦးယုခိုင်က ဆက်ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းတွင် ကျူးကျော်နေထိုင်သူ ၃ သောင်းကျော် ရှိနေပြီး လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်တို့တွင် အများဆုံး ဖြစ်နေကြောင်းနှင့် မြေနေရာ လွတ်နေသည်ဟု ကြားသိရပြီးနောက် ကွင်းဆင်း သွားကြည့်ချိန်တွင် ထိုနေရာ၌ ကျူးကျော်များ ဝင်ရောက်နေသည်ကို တွေ့ရှိရသည့်အတွက် ၎င်းတို့ကို စာရင်းပြုစုရေးနှင့် ကျူးကျော်စာရင်းများ စိစစ်ရာတွင် အခက်အခဲများ ရှိနေသည်ဟု သိရသည်။
“အဓိကကတော့ လက်ရှိမြေနေရာ မရှိဘူးဆိုပြီး ဖြစ်နေတဲ့ ဟိုနားကျူး ဒီနားကျူးတွေပေါ့ဗျာ။ အဲဒီသူတွေကို ပြန်လည် နေရာချထားဖို့ကိုတော့ အဓိက ဦးစားပေး လုပ်ရတော့မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အိမ်နေရာ ဖယ်ရှားခံလိုက်တာကိုး” ဟု ညွှန်ကြားရေးမှူး ဦးယုခိုင်က ဆိုသည်။
ထိုသို့ မြေနေရာလွတ်များ စိစစ်ချထားပေးရာတွင် အမှန်တကယ် မြေယာမရှိသူများ ဖြစ်ရမည်ဖြစ်ပြီး ထိုမြေနေရာများကို အပိုင်ပေးခြင်း မဟုတ်ဘဲ အငှားချပေးခြင်းသာ ဖြစ်ကြောင်းနှင့် မြေနေရာရရှိသူများ အနေဖြင့် ပြန်လည်ရောင်းချခြင်း မပြုနိုင်စေရန် အငှားချပေးသည့် အချိန်၌ စည်းကမ်းချက်များ ထုတ်ပြန် ပေးသွားမည် ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဧရာဝတီသို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဒဂုံဆိပ်ကမ်းမြို့နယ် ၇၃၊ ၇၄၊ ၇၅ နှင့် ၆၁ ရပ်ကွက်များရှိ ကျူးကျော်အိမ်ခြေ ၂၀၀ ကျော်ကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် စက်မှုဇုန်နယ်မြေ အတွင်းရှိ ကျူးကျော်အိမ်ခြေ ၅၀၀ ခန့်ကိုလည်းကောင်း အင်အားသုံး ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်ခဲ့ရာ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
“ရာသီဥတုကအေးတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ လုံးဝအဆင်မပြေဘူး။ စုပြုံပြီး နေကြရတာဆိုတော့ ဝမ်းပျက်တာတွေ ဘာတွေ ဖြစ်ကြတယ်။ ကျနော်တို့ကို နေရာချထားပေးမယ် ဆိုရင်လည်း ချထားပေးစေချင်တယ်” ဟု မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုန် မြဲမြံအောင် စိုက်ခင်းရပ်၌ ကျူးကျော်နေထိုင်သည်ဟုဆိုကာ ဖယ်ရှားရှင်းလင်း ခံခဲ့ရသည့် ဦးရွှေသီးက ပြောသည်။
ထိုကဲ့သို့ အစိုးရက ကျူးကျော်နေထိုင်သူများအား အတင်းအဓမ္မ ဖယ်ရှား ရှင်းလင်းခဲ့ပြီးနောက် လူမှုရေးဆိုင်ရာ အကူအညီပေးခြင်း အပါအဝင် ပြန်လည် နေရာချထားပေးရန် ဆောင်ရွက်သင့်သည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဖေဖော်ဝါရီ ၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။