ကချင်ပြည်နယ်ကို ဘိန်းစိုက်ပျိုးမှု ကင်းစင်သည့်နယ်မြေ ဖြစ်ရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဒေသခံ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဘိန်းစိုက်ခင်းများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် တလနီးပါး လိုက်လံဖျက်ဆီးခဲ့ကြသည်။
မျိုးဆက်သစ် လူငယ်များ မူးယစ်ကျေးကျွန်မှ လွတ်မြောက်ရန်နှင့် ပြည်နယ်တဝန်းရှိ ဘိန်းစိုက်ခင်းများ ပပျောက်ရေး အတွက် ရည်ရွယ်ပြီး အဓိက ဘိန်းစိုက်ခင်းများရှိရာ ဒေသများဖြစ်သည့် ကန်ပိုက်တီး၊ တနိုင်းဒေသ ဟူးကောင်းချိုင့်ဝှမ်း၊ ဆွမ်ပရာဘွန်၊ ပူတာအို၊ ချီဖွေ၊ ပန်ဝါတို့တွင် ဘိန်းခင်းများကို ဖျက်ဆီးခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအင်ခွမ်ထန်ဂွန်းက ပြောပြသည်။
လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က ဘိန်းခင်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်က စတင်ပြီး ယနေ့အထိ လိုက်လံ ဖျက်ဆီးခဲ့ရာတွင် ဘိန်းစိုက်ပျိုးကြသူတချို့က နည်းမျိုးစုံဖြင့် တိုက်ခိုက်မှု ပြုလုပ်ကြသည့်အတွက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဝင် တဦး သေဆုံးခဲ့ရပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်သည့်အဖွဲ့အား ခြုံခိုတိုက်ခိုက်ခြင်း မကြာခဏ ဖြစ်ပေါ်နေမှုနှင့်ပတ်သက်ပြီး ဦးအင်ခွမ်ထန်ဂွန်းက “ဘယ်သူ တွေ တိုက်ခိုက်တယ်ဆိုတာ၊ သူတို့တွေက ဘယ်အဖွဲ့လည်းဆိုတာ မသိရသေးဘူး။ သူတို့ကို အကြမ်းအားဖြင့် ပြောရမယ် ဆိုရင် ဘိန်းခင်းပိုင်ရှင်တွေလို့ ပြောလို့ရပါတယ်။ နာမည်ထည့်ပြီး မပြောနိုင်ပါဘူး။ ဒါပေမယ့် ဒေသခံတွေ အားလုံးက သိပါလိမ့်မယ်။ ဘယ်သူတွေ အရင်းအနှီးထုတ်ပြီး စိုက်တယ်ဆိုတာ သိကြပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်က တနိုင်းဒေသအတွင်း ဘိန်းခင်းများ ဖျက်ဆီးနေစဉ် ဘိန်းခင်းပိုင်ရှင်မှ ချောင်းမြောင်းပစ်ခတ်သဖြင့် အသက် ၁၉ နှစ်အရွယ် လူထုအခြေပြု အဖွဲ့ဝင်တဦး သေနတ် ကျည်ဆန် ထိမှန် သေဆုံးသွားကြောင်း၊ သေဆုံးသူသည် မိုးကောင်းမြို့နယ် လဘန်ကျေးရွာမှ လထော်တူးစိုင်း ဖြစ်ကြောင်း တနိုင်းဒေသရှိ ဘိန်းခင်းများ သွားရောက်ဖျက်ဆီးစဉ် ပါဝင်ခဲ့သည် တနိုင်း လူထု အခြေပြု မူးယစ်ဆေးဝါး အဖွဲ့မှ ဆရာနော်တောင်က ဧရာဝတီကို ပြောပြသည်။
ထိုနည်းတူ ဇန်နဝါရီ ၃၀ ရက်ကလည်း တနိုင်းဒေသအတွင်းရှိ ဘိန်းခင်းများ သွားရောက်ဖျက်ဆီးစဉ် ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဝင် တဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ခြုံခိုတိုက်ခိုက်သည့် ဒေသခံ ၂ ဦးကို တနိုင်း ရဲစခန်းသို့ ပို့ဆောင် ခဲ့ကြောင်းလည်း ဆရာနော်တောင်က ဆက်ပြောသည်။
ထို့အပြင် ဝိုင်းမော်မြို့နယ်အတွင်း ဇန်နဝါရီ ၃၀ ရက်က မိုင်းပေါက်ကွဲမှုကြောင့် လူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လုံခြုံရေးအတွက် သက်ဆိုင်ရာက ကူညီဆောင်ရွက်ပေးသော်လည် လုံလောက်မှု မရှိကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်(KBC) မှ ပြောရေး ဆိုခွင့်ရှိသူ ဦးလမာယော်က ပြောဆိုသည်။
မြစ်ကြီးနား လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးအင်ခွမ်ထန်ဂွန်းက “လုံခြုံရေးကတော့ အခု နောက် ပိုင်းမှာ လိုက်ပေးပါတယ်။ လူ တထောင်ကျော် ရှိတဲ့ဟာကို လုံခြုံရေးလိုက်တာ ၃၀ ပဲ ရှိတယ်။ စစ်တပ်ကလည်း လိုက်ပေးဖို့၊ အခု ဒီအထက်ဘက်မှာ လုံခြုံရေးအားနည်းတယ်လို့ ပြောလို့ရတယ်။ လုံခြုံရေးပေးတဲ့ အထဲမှာ ရဲတွေ၊ စစ်တပ်တွေ လိုက်ပေးပါတယ်”ဟု ပြောသည်။
ဝိုင်းမော်မြို့နယ် အပါအဝင် ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်နှင့် အင်ဂျန်းယန်မြို့နယ်များသည် ဦးစခုန်တိန့်ယိန်း၏ နယ်ခြားစောင့် တပ်များ အုပ်ချုပ်ရေး အာဏာ ၈၀ ရာခိုင်နှုန်းခန့် သက်ရောက်နေသည့်မြို့များ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေသများတွင် အစိုးရတပ်၏ တပ်ဖွဲ့များ၊ လုံခြုံရေးစခန်းများလည်း ရှိကြောင်း လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က ပြောသည်။
“နယ်ခြားစောင့်တို့ ပြည်သူ့စစ်တို့ဆိုတာ အစိုးရတပ်မတော်ရဲ့ လက်အောက်ခံတွေပါ။ သူတို့တွေ အလုပ်လုပ်ရင် ဘာမှမခက်ခဲပါဘူး” ဟု ဖားကန့်မြို့နယ် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဝင် ဦးမရန်က ပြောဆိုသည်။
ထိုသို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် အခက်အခဲများစွာရှိသော်လည်း ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အောင်မြင်နိုင်ကြောင်း လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က မျှော်လင့်ထားကြသည်။
“မူးယစ်ဆေးဝါး တိုက်ဖျက်ရေးက အောင်မြင်မှာပါ။ အောင်မြင်မယ်ဆိုတာက စာရင်းကောက်ထားတဲ့ နေရာတွေကို လူထုကိုယ်တိုင် သွားရောက် တိုက်ဖျက်နိုင်ခဲ့တယ်။ ဟန့်တားနှောင့်ယှက်မှု ရှိပေမယ့် အစိုးရနဲ့ စစ်တပ်ကလည်း လုံခြုံရေးယူပေးခဲ့တယ်။ လူထု အင်အားနဲ့ တိုက်ဖျက်နိုင်တဲ့အတွက် ကျနော်တို့ ရည်မှန်းချက် အောင်မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးမရန်က ဆိုသည်။
ကချင်ပြည်နယ်အတွင်းရှိ မူးယစ်ဆေးဝါး စိုက်ခင်းများအား လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ၂၀၁၅ ခုနစ်အတွင်း က စတင်ဖျက်ဆီးခဲ့သော်လည်း ဧက အနည်းငယ်သာ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် ကချင်ပြည်နယ်တဝန်း ဘိန်းခင်းများကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပညာပေးမှုများလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရန်လည်း တိုက်တွန်းသွားမည်ဟု ဦးမရန်က ဆက်ပြော သည်။
ကချင် ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက “မူးယစ်ဆေးဝါး တိုက်ဖျက်ရေးက အောင်မြင်မှာပါ။ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တော်တော်ကြိုးစား လုပ်ကြတယ်။ အရင်ကထက် အများကြီး ကြိုးစားလုပ်ကြပါတယ်။ အဖွဲ့အစည်းပေါင်းစုံ ကနေ ပေါင်းပြီး လုပ်နေကြတာ ထိရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ခက်ခဲစိန်ခေါ်မှုကတော့ အများကြီး ရှိပါတယ်”ဟု ဧရာဝတီကို ပြော သည်။
ထို့အပြင် မူးယစ်ဆေးဝါး နှိမ်နင်းရေးသည်လည်း အရေးကြီးကြောင်း၊ နယ်စပ်ရှိဒေသခံတချို့က ဘိန်းခင်းများကို ကာကွယ်ကြသည့် အပိုင်းရှိနေသည့်အပြင် မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်း ပိုမိုအောင်မြင်ရန်အတွက် လမ်းပန်း ဆက်သွယ်ရေးသည်လည်း အဓိက အချက်ဖြစ်ကြောင်း၊ ကချင်လူထုက ယခုကဲ့သို့ လုပ်ဆောင်နေကြသည့်အပေါ် အစိုးရက အသိအမှတ်ပြု ဝိုင်းဝန်းကူညီ ပူးပေါင်း လုပ်ဆောင်ပါက မူးယစ်ဆေးဝါး နှိမ်နင်းရေးသည် ပိုအောင်မြင်နိုင်မည် ဖြစ်ကြောင်းလည်း ဒေါက်တာ တူးဂျာက ဆက်ပြောသည်။
ကချင်ပြည်နယ်တွင် နိုင်ငံတော်အဆင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး မလုပ်နိုင်သည့်အတွက် ကချင်လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က လုပ်ဆောင်နေရကြောင်း၊ နိုင်ငံတိုးတက်ရန်အတွက် လူ့အရင်းအမြစ်သည် အလွန် အရေးကြီး ၍ လူ့အရင်းအမြစ်ကို ဖျက်ဆီးသည့် မူးယစ်ဆေးဝါးကို ပူးပေါင်းတိုက်ဖျက်သင့်ကြောင်း ဦးမရန်ဂျာလ ကလည်း ပြောဆိုသည်။
ကချင်ပြည်သူလူထုက ယခုကဲ့သို့ လုပ်ဆောင်နေသည့်အပေါ် အစိုးရက အသိအမှတ်ပြု ဝိုင်းဝန်းကူညီ ပူးပေါင်း လုပ်ဆောင်မည် ဆို ပါက မူးယစ်ဆေးဝါး နှိမ်နင်းရေးသည် ယခုထက် ပိုမိုအောင်မြင်နိုင်မည်ဟု လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က လည်း မျှော်လင့်နေသည်
ကချင် လူငယ်တဦးဖြစ်သည့် လုထွယ်က“ဘိန်းခင်းကို ဖျက်တာတော့ ကောင်းပါတယ်။ ဒါပေမယ့် ဘိန်းစိုက်ပျိုးတဲ့ သူတွေအတွက် ဘိန်းအစားထိုးသီးနှံတွေ ပေးတာတို့ သူတို့အတွက် ဈေးကွက်ရှာပေးတာတွေ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ပေးတာတွေကို ထည့်သွင်းစဉ်းစားပေးရင် ပိုကောင်း ပါတယ်”ဟု ပြောသည်။
နိုင်ငံတော်က မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို ၁၉၉၉ -၂၀၀၀ ပြည့်နစ်မှ ၂၀၁၃-၂၀၁၄ ခုနစ်အထိ သတ်မှတ်ဆောင် ရွက် ခဲ့ရာ ၂၀၁၂ ခုနစ်တွင် ဘိန်းစိုက်ပျိုးမြေ ဟက်တာ ၅၁, ၁၀၀ နှင့် ထုတ်လုပ်မှုတန်ချိန် ၆၉၀ ရှိနေသေးကြောင်း၊ ကုလသမဂ္ဂ မူးယစ် ဆေးဝါး တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး(UNODC) ၏ မှတ်တမ်းများအရ သိရသည်။
ထို့အပြင် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသေးသဖြင့် နောက်တိုး ၅ နှစ်စီမံကိန်း ၂၀၁၉ ခုနှစ်အထိ တိုးမြှင့် ဆောင်ရွက်မည်ဖြစ်သည်ဟုလည်း ဆိုသည်။
၁၉၈၇ ခုနစ်တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ဇွန်လ ၂၆ ရက်ကို ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။
၁၉၇၄ ခုနစ်တွင် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးဆိုင်ရာ ဥပဒေကို ပြဌာန်းခဲ့ပြီး ဥပဒေနှင့် အညီ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို ၁၉၇၄ ခုနစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂ ကွန်ဗင်းရှင်းများပါ ပြဌာန်းချက်နှင့်အညီ ၁၉၉၃ ခုနစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုလည်း ပြဌာန်းခဲ့သည်။
မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်သည် ဘိန်းစိုက်ပျိုးမှု အများဆုံးပြည်နယ်တခုဖြစ်ပြီး မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဘိန်းစိုက်ပျိုးထုတ် လုပ်မှု အများဆုံးနိုင်ငံဖြစ်သည့် အာဖဂန်နစ္စတန်နိုင်ငံ အနောက်တွင် ရပ်တည်နေကြောင်း၊ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထုတ် လုပ် သည့် ထိပ်တန်းနိုင်ငံများထဲတွင် ရှိနေဆဲဖြစ်ကြောင်း UNODC က ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ ဘိန်းစစ်တမ်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။ ။