စစ်သင်တန်းကျောင်းတခုတွင် စီနီယာများက လူသစ်များအား ရိုက်နှက်ထိုးကြိတ်နေသည်ကို ရိုက်ကူးထားသော ဗီဒီယိုတခု ယခုအပတ်အတွင်း အွန်လိုင်းပေါ်၌ ပျံ့နှံခဲ့ပြီး လူမှုကွန်ရက်များတွင် ပြင်းထန်စွာ ဝေဖန်ပြစ်တင်မှုများ ပေါ်ထွက် လာခဲ့ပြီးနောက် စစ်ဘက်က စုံစမ်းစစ်ဆေးမှုပြုလုပ်သွားမည် ဖြစ်ကြောင်း ကတိပြုလိုက်သည်။
ပြီးခဲ့သည့် ရက်များအတွင်း အဆိုပါ ဗီဒီယို မှတ်တမ်းကို မြင်တွေ့ခဲ့ရသော ရက်စက်စွာ ပြုလုပ်ခဲ့သူများကို အရေးယူပေးရန် စစ်တပ်ကို မြန်မာ Facebook သုံးစွဲသူများက တောင်းဆိုခဲ့သည်။ ဗီဒီယိုထဲတွင် တပ်မတော် သင်တန်းကျောင်းတကျောင်းတွင် စီနီယာများ ဂျူနီယာများ၏ ဝမ်းဗိုက်နှင့် ရင်ဘတ်ကို လက်သီးဖြင့် ထိုးခြင်း၊ ခြေဖြင့်ကန်ခြင်း၊ ဒူးဖြင့် တိုက်ခြင်းများကို မြင်တွေ့ရပြီး ခံရသူများက မိမိကိုယ်မိမိ ကာကွယ်ရန် အားထုတ်ခြင်း မပြုကြသည်ကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရသည်။
“Friends of Moemaka” ဟု အမည်ပေးထားသော Facebook သုံးစွဲသူတဦးက အဆိုပါဗီဒီယိုကို သူ၏ စာမျက်နှာတွင် စ၍ တင်ခဲ့ခြင်း ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းနှင့် ပြန်ကြားရေး အရာရှိတဦး၏ အဆိုအရ ၎င်း အဖြစ်အပျက်မှာ ရှမ်းပြည်နယ် တောင်ပိုင်းရှိ အကြပ်သင်တန်းကျောင်း တခုတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး အဖွဲ့မှ ဗိုလ်မှူးကြီး ခင်မောင်ချိုက “အဲဒီတပ်က ဘယ်မှာ အခြေစိုက်သလဲ၊ သူတို့တွေက ဘယ်မှာနေတာလဲဆိုတာကို သူတို့ရဲ့ ပုခုံးက တံဆိပ်တွေကို ကြည့်ပြီးတော့ အလွယ်တကူ ပြောလို့ရပါတယ်။ သူတို့ရဲ့ သက်ဆိုင်ရာ တပ်ဖွဲ့က အရာရှိတွေက စုံစမ်းစစ်ဆေးပြီးတော့ အရေးယူ ဆောင်ရွက်ပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
“တကယ်လို့ ဒီကလေးတွေက ခင်ဗျားရဲ့ ညီအစ်ကိုတွေဖြစ်မယ်ဆိုရင် ဒီလို နှိပ်စက်တာမျိုးကို ဘယ်သူမှ လက်ခံမှာ မဟုတ်ပါဘူး။ ဟုတ်တယ် မဟုတ်လား” ဟု သူက ပြောသည်။ အဖြစ်အပျက် အသေးစိတ်ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့လျှင် ကြေညာချက် တစောင် ထုတ်ပြန်ပေးမည်ဟုလည်း ဗိုလ်မှူးကြီး ခင်မောင်ချိုက ပြောသည်။
စစ်အစိုးရဟောင်း လက်ထက် လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖောက်မှုများဖြင့် နာမည်ပျက်ခဲ့သော မြန်မာ့တပ်မတော်သည် ၂၀၁၁ ခုနှစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်သော အရပ်သားတပိုင်း အစိုးရလက်ထက်မှ စ၍ အမြင်ကောင်း ရလာစေရန် ကြိုးပမ်းလုပ်ဆောင်လာနေသည်။ ကလေးစစ်သားများ ပြန်လွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးစကားပြောခြင်းတို့ လုပ်ဆောင်လာသည်။
တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်ဘက်အုပ်ချုပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပေးထားပြီး အထူးသဖြင့် လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန်နှင့် အနောက်ဒီမိုကရေစီနိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်ချင်သော ဆန္ဒရှိပုံရကြောင်း စစ်ဘက်လေ့လာစောင့်ကြည့်သူတချို့က ဆိုကြသည်။
သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး ဦးရဲထွဋ်ကလည်း ကြမ်းတမ်းစွာ ပြုမှုခဲ့သူများကို သူ၏ Facebook စာမျက်နှာမှတဆင့် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။
“အခုတွေ့နေရတဲ့လုပ်ရပ်တွေဟာ မိမိကျောင်းရဲ့ ပုံရိပ်ကိုသာမက တပ်မတော်ရဲ့ ပုံရိပ် ကိုပါ ထိခိုက်တဲ့ အတွက် အကြီးအကဲများကလည်း ခွင့်လွှတ်မှာမဟုတ်ဘူး ဆိုတာကိုလည်း နားလည်စေချင်ပါတယ်” ဟု သူက ဖေဖော်ဝါရီလ ၃ ရက် နေ့တွင် ရေးသားခဲ့သည်။