ပြည်ထောင်စု လွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီလ ၈ ရက်နေ့ စတင်ခေါ်ယူမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ပထမဆုံး စတင်သည့်နေ့တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ် တင်မြှောက်ရေး အတွက် သတ်မှတ်သည့်နေ့ရက်များကို ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုသည်။
“လွှတ်တော်ရုံးက တနင်္လာနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး တက်ဖို့ စာပို့ထားပြီးပြီ။ အဓိကက သမ္မတနဲ့ ဒုတိယသမ္မတတွေ ရွေးချယ်မယ့်နေ့ကို ကြေညာမှာပေါ့။ အဲဒီရက်မှာ ခွင့်မယူကြဖို့လည်း ကိုယ်စားလှယ်တွေ အားလုံးမှာကြားထားပြီးသားပါ။ သမ္မတနဲ့ ဒုသမ္မတ ရွေးမှာမဟုတ်ဘူး။ ရွေးမယ့်ရက်ကိုပဲ ကြေညာမှာပါ။ နားလည်မှု လွဲမှာစိုးလို့ပါ။ ရက်ကို အတိအကျ ထုတ်ပြန်ကြေညာမယ့်သဘောပါ”ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် အလွန်နီးစပ်မှု ရှိသည့် NLD လွှတ်တော်ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ အတည်ပြု ပြောသည်။
လတ်တလော အခြေအနေများအရ ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး အဆို တင်သွင်းရေး ကိစ္စများနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခွင့် မရရှိသေးလျှင် ယာယီသမ္မတ ၁ ဦး တင်သွင်းရန် ရှိနေကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် အသိုင်း အဝိုင်းက ပြောသည်။
NLD ပါတီသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် အမတ်နေရာအများစု အနိုင်ရရှိထားရာ ပြည်သူ့လွှတ်တော်အတွက် သမ္မတလောင်း ဒုတိယသမ္မတ ၁ ဦး၊ အမျိုးသားလွှတ်တော်အတွက် သမ္မတလောင်း ဒုတိယသမ္မတ ၁ ဦး တင်သွင်းခွင့်ရရှိမည်ဖြစ်သည်။