အစိုးရ တပ်မတော်နှင့် ကရင် အမျိုးသား အစည်းအရုံး(KNU) တို့ကြား ပစ်ခတ်မှုများ မဖြစ်ပွားစေရန် စောင့်ကြည့်မည့် ပြည်နယ် အဆင့် ကော်မတီတရပ်ကို တနင်္သာရီတိုင်းတွင် ဖွဲ့စည်းမည်ဟု သတင်းရရှိသည်။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ-ပြည်ထောင်စုအဆင့်” (JMC-U) မှ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က “ဒီလထဲမှာ ပြည်ထောင်စုအဆင့် အစည်းအဝေး လုပ်ပြီး KNU နဲ့ တနသာၤရီတိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ-ပြည်နယ်အဆင့် (JMC-S) ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာနတွင် အစည်း အဝေးတရပ်ပြုလုပ်ပြီး တနင်္သာရီတိုင်း JMC-S ဖွဲ့ရန် ကိုယ်စားလှယ်များ ရွေးချယ်သွားမည်ဟု ဆိုသည်။
ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များက အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ သွားပြီး ထပ်မံ အစည်းအဝေး ပြုလုပ်၍ တနင်္သာရီတိုင်း JMC-S ကို ဖွဲ့စည်းကြမည် ဖြစ်ကြောင်း၊ ယင်း JMC-S တွင် အစိုးရဘက်မှ ကိုယ်စားလှယ် ၅ ဦး၊ သက်ဆိုင်ရာ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့မှ ကိုယ်စားလှယ် ၅ ဦး ၊ အရပ်သား ၄ ဦး တို့ ပါဝင် ဖွဲ့စည်းမည် ဖြစ်ကြောင်း သိရသည်။
KNU ၏ စစ်ဌာနချုပ်နှင့် တပ်စခန်းအများစုသည် ကရင်ပြည်နယ်တွင် အခြေစိုက်သော်လည်း တနင်္သာရီတိုင်း၌ အရင်ဆုံး JMC-S ဖွဲ့စည်းရခြင်းသည် လက်ရှိတွင် ကရင်ပြည်နယ်အတွင်း အခြား ကရင်လက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်ကြား တိုက်ပွဲများ ရှိနေပြီး ဆွေးနွေးရန် ကိစ္စရပ်များ ရှိနေခြင်းတို့ကြောင့် ဖြစ်သည်ဟု JMC-U မှ ပြောရေးဆိုခွင့်ရှိသူ ဆရာတော် စောမက်သယူးအေး က ပြောသည်။
ဆရာတော် စောမက်သယူးအေး က“ကရင်ပြည်နယ်ထက် တနင်္သာရီတိုင်းက ပိုပြီး အဆင်သင့်ဖြစ်နေတယ်။ ဒါ့ကြောင့် ကရင်ပြည် နယ် မှာ ပစ်ခတ်မှု စောင့်ကြည့်ရေးကို အရင်မဖွဲ့ဘဲ တနင်္သာရီတိုင်းမှာ ဖွဲ့ဖို့ အရင်စလုပ်လိုက်တာပါ”ဟုလည်း ပြောပြသည်။
ဗိုလ်မှူးကြီး ဝဏ္ဏအောင် ကလည်း“ဒါ KNU ဘက်က သူတို့ အဆင်သင့်ဖြစ်တဲ့ နေရာကို ရွေးပေးတာပါ”ဟု ပြောသည်။
တနင်္သာရီတိုင်းအတွင်းရှိ KNU အခြေစိုက်နေရာများတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ၏ တပ်ဖွဲ့တချို့ရှိသော်လည်း တနင်္သာရီတိုင်း JMC-S ဖွဲ့စည်းရာတွင် ABSDF ပါဝင်ခြင်း ရှိ မရှိကိုမူ မသိရှိသေးကြောင်း ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောဆိုသည်။
KNU သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) တွင် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက် နက် ကိုင် တပ်ဖွဲ့ဖြစ်သည်။
NCA စာချုပ် လက်မှတ်ထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်ကြား ပစ်ခတ်မှုများ ပြန်လည်မဖြစ်ပွားစေရန် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ-ပြည်ထောင်စုအဆင့်(JMC-U) ကို ဖွဲ့စည်းခဲ့ပြီးဖြစ် သည်။
JMC-U မှ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထဲမှ တဖွဲ့ချင်းစီ၏ သက်ဆိုင်ရာ ဒေသများတွင် ပြည်နယ်အဆင့် (JMC-S) နှင့် ဒေသန္တရအဆင့် (JMC-L) တို့ကို ဖွဲ့စည်းကာ အဆင့်ဆင့် စောင့်ကြည့်သည့် လုပ်ငန်းများကို အရပ် သားများနှင့်ပါ ပူးပေါင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလကလည်း ရှမ်းပြည်နယ် ခိုလမ်မြို့တွင် တပ်မတော်၏ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ တာဝန်ရှိသူများနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့က ရှမ်းပြည်နယ် JMC-S ကို ဖွဲ့စည်းပြီး လုပ်ငန်းများ စတင်နေပြီဖြစ်သည်။
JMC များ အဆင့်ဆင့် စတင်ဖွဲ့စည်းနေပြီဖြစ်သော်လည်း အစိုးရနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့၏ JMC လုပ်ငန်း ၃ နှစ်တာ ဆောင်ရွက်နိုင်စေရန် ဒေါ်လာ ၂၁ သန်းကျော် လိုအပ်နေဆဲဖြစ်သည်ဟုလည်း သိရသည်။