တရားဥပဒေစိုးမိုးရေး ဘာကြောင့်အရေးကြီး (နိဂုံး)

ဂီရာမို အိုဒေါ်နယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အစောပိုင်းမှာ ပြောခဲ့သလိုပါပဲ၊ တရားဥပဒေ စိုးမိုးမှုရယ်၊ ဒီမိုကရေစီရယ်နဲ့ ပတ်သက်တဲ့ မေးခွန်းက အမျိုးမျိုးသော ရှှုထောင့်တွေနဲ့ အတိုင်းအတာတွေကို အလေးထား စိစစ်နိုင်ရပါမယ်။ အဆိုပါ ရှှုထောင့်တွေနဲ့ အတိုင်းအတာတွေအရ အမှုအခင်းတခုမှာ ဒီမိုကရေစီနည်းကျ တရားဥပဒေ စိုးမိုးမှု ဂုဏ်အင်္ဂါရပ်တွေ ရှိ၊ မရှိ ဆိုတာကို ပြောနိုင်ပါတယ်။ တရားဥပဒေ စိုးမိုးရေးမှာ ယေဘုယျ ထည့်သွင်းထားပြီး ဒီမိုကရေစီနည်းကျ တရားဥပဒေစိုးမိုးမှုမှာ အထူးထည့်သွင်းဖွဲ့စည်းထားတဲ့ အမျိုးမျိုးသော အစိတ်အပိုင်းတွေကို အဆိုပါမေးခွန်းက လေ့လာဆန်းစစ် ပိုင်းခြားစိတ်ဖြာဖို့လည်း လိုအပ်ပါတယ်။ နောက်တဆင့်ကတော့ လက်တွေ့ အညွန်းကိန်းတွေကို သတ်မှတ်ဖော်ထုတ်ဖို့ပါ။ အညွှန်းကိန်းတွေ (ကိန်းရှင်းတွေ ဒါမှမဟုတ် စံသတ်မှတ်ချက်အတိုင်း) ကြောင့် အဓိပ္ပါယ် ဖွင့်ဆိုထားပြီးသား အမျိုးမျိုးသော ရှုထောင့်တွေအလျောက် ရေချိန်တွေနဲ့ ပြောင်းလဲမှုတွေကို မြေပုံဆွဲသလို ဖော်ပြနိုင်ပါလိမ့်မယ်။ အဲဒီလိုတွေ လုပ်ဆောင်ဖို့ဆိုတာ ခက်ခဲတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် အကျိုးစီးပွားဆိုတဲ့ ရှု့ထောင့်တချိုကို အကျိုးသင့်အကြောင်းသင့် ခန့်မှန်းတွက်ချက် ဖော်ပြဖို့ကတော့ ဖြစ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ အောက်မှာလည်း ဆက်လက်ဖော်ပြထားပါတယ်။

ကျနော် အဓိပ္ပါယ်ဖွင့်ဆို ထားသလိုဆိုရင်တော့ စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီနည်းကျ တရားဥပဒေ စိုးမိုးမှုကို ဘယ်နိုင်ငံကမှ မရယူနိုင်ကြသေးပါဘူူး။ အဲဒီလို ရယူဖို့လည်း မလိုပါဘူးလို့ ပြောကောင်းပြောနိုင်ပါတယ်။ ဒါ့အပြင် အစောပိုင်း ဥပဒေရေးရာ အမြင်တွေရဲ့ နည်းနည်းပါးပါး ယထာဘူတကျတဲ့ လားရာတွေနဲ့ ဆန့်ကျင်ပြီး မျက်မှောက်ခေတ် လက်တွေ့ကျတဲ့ ဥပဒေသီအိုရီတွေမှာ လက်ခံထားတာက ဥပေဒတွေရဲ့ ပကတိအဓိပ္ပါယ် ဒါမှမဟုတ် ရည်ရွယ်ချက်တွေကို လူ့အဖွဲ့အစည်းမှာ သြဇာ လွှမ်းမိုးထားသူတွေ လုပ်ပိုင်ခွင့် ရထားသူတွေက အဓိပ္ပါယ် သတ်မှတ်ပေးထားတယ် ဆိုတာပါ။ ဥပဒေတွေနဲ့ အခြေခံဥပဒေတွေကို “သင့်တော် လျောက်ပတ်မှန်ကန်” အောင် အနက်ပြန်ဆိုနိုင်ရေးက ကမ္ဘာတခွင်မှာ ဒီနေ့ တိုက်ခိုက်နေကြတဲ့ နိုင်ငံရေးတိုက်ပွဲရဲ့ အဓိက အကြောင်းအရာကြီး ဖြစ်နေပါတယ်။ ဥပဒေ (ရေးသားထားတဲ့ ပါဝင်အကြောင်းအရာနဲ့ လက်တွေ့ကျင့်သုံးပုံ) ဆိုတာ (နိုင်ငံတာ် ကိုယ်တိုင်လိုပါပဲ) များသောအားဖြင့်တော့ အာဏာရှိသူ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကြားက စဉ်ဆက်မပြတ် ဆက်ဆံရေးကို အကျဉ်းချုပ် တင်ပြထားတာပါပဲ။ ပညာရှင်တွေအမြင်၊ ယထာဘူတကျတဲ့ အမြင်တွေနဲ့တော့ မတူပါ။ ဒါ့အပြင် ဥပဒေဆိုတာ လူမှုဆက်ဆံရေးတွေမှာ စည်းစနစ်ကျမှုတွေ ရှိလာအောင် ကြောင်းကျိုးဆီလျော်စွာ တီထွင်ထားတဲ့ နည်းစနစ် တခုအဖြစ်ထက် ပိုတယ်ဆိုတာကိုလည်း မေ့မထားသင့်ပါ။ အခွင့်အရေးအသစ်တွေကို ရယူခြင်းနဲ့ အခွင့်အရေး အဟောင်းတွေကို အနက်ပြန်ခြင်းဆိုတဲ့ အဆုံးမသတ်နိုင် တိုက်ပွဲလိုပါပဲ လူ့အဖဲ့ွအစည်းတွင်း ပြောင်းလဲမှုက တရားဥပဒေစိုးမိုးမှု၊ အထူးသဖြင့် ဒီမိုကရက်တစ်နည်းကျ တရားဥပဒေ စိုးမိုးမှုကို ပြောင်းလဲရွေ့လျားနေသော မိုးကုပ်စက်ဝိုင်း (စဉ်ဆက်မပြတ်ပြောင်းလဲမှု) ဖြစ်အောင် လုပ်ဆောင်ပေးလိုက်ပါတယ်။

ဒါကြောင့်ပါပဲ၊ တရားဥပဒေ စိုးမိုးမှုရယ်၊ ၎င်းနဲ့ ဒီမိုကရေစီကြား ဆက်စပ်မှုရယ်၊ ၎င်းနဲ့ ဒီမိုကရေစီ အရည်အသွေးရယ်ကြား ဆက်စပ်မှုတွေကို ဆန်းစစ်တဲ့နေရာမှာ စမှတ်တခုကို အရင် သတ်မှတ်သင့်ပါတယ်။ အဲဒီ အမှတ်အောက် ရောက်သွားရင် တရားဥပဒေအသုံးပြု အုပ်ချုပ်မှုတော့ ရှိချင်ရှိနေနိုင်ပေမယ့် တရားဥပဒေ စိုးမိုးမှုတော့ ရှိမနေဘူးလို့ ဆိုလိုပါတယ်။ အမှတ်ရဲ့ အထက်မှာတော့ ရှု့ထောင့်အမြင်မျိုးစုံ ပါဝင်တဲ့  ဒီဂရီအတိုင်းအတာ စဉ်ဆက်ပြ ဖြစ်စဉ်တခုရှိနေပြီး အဲဒီတလျှောက်မှာ ဥပဒေနဲ့ ပတ်သက်တဲ့ ဒီအမြင်ကို ခွဲခြမ်းစိတ်ဖြာပြပါတယ်။ အဲဒီဖြစ်စဉ် တလျှောက်မှာ အမှတ်တခုကို ချလိုက်ပြီးနောက်မှာတော့ တရားဥပဒေ စိုးမိုးရေး တည်ရှိနေပြီလို့ ပြောနိုင်ပါတယ်။ အထူးသဖြင့်တော့ ဒီမိုကရေစီနည်းကျ တရားဥပဒေ စိုးမိုးရေး ပုံစံမျိုးနဲ့ ပြန်လည်ပုံစံယူ တည်ရှိနေတာပါ။ အောက်မှာ ဆက်လက် ဆွေးနွေးသွားမယ့် ရှုထောင့်တွေကတော့ အရေးတကြီး ရှုထောင့်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ ကနဦးကြိုးပမ်းမှုပဲ ဖြစ်ပါတယ်။ (အနည်းဆုံးတော့) မူအားဖြင့်ရော ခန့်မှန်းတွက်ချက်မှု ဒီဂရီ အတိုင်းအတာ အရရော တည်နေရာကို လက်တွေ့ကျကျ ဖော်ပြနိုင်ပါလိမ့်မယ်။ ဒါ့အပြင် အဆိုပါစာရင်းက အပေါ်မှာ ဆွေးနွေးခဲ့တဲ့ ဒီမိုကရေစီနည်းကျ တရားဥပဒေစိုးမိုးမှု အင်္ဂါအစိတ်အပိုင်း အမျိုးမျိုးကို ရောင်ပြန်ဟပ် ဖော်ပြနေတယ် ဆိုတာကိုလည်း သတိထားမိစေမှာပါ။

ဆက်လက် ဖော်ပြမယ့် အကြံပြုချက်တွေက ဒီမိုကရေစီရဲ့ နောက်ဆုံးပန်းတိုင်ကို အကဲဖြတ်တိုင်းတာရာမှာ လုပ်ဆောင်ရာကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။  ဒီမိုကရေစီရဲ့  နောက်ဆုံးပန်းတိုင်ဆိုရာမှာ တရားဥပဒေ စိုးမိုးရေးက အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်နေပါတယ်။ ဒီနေရာမှာ အကြံပြုနိုင်တဲ့ ဒီမိုကရေစီနည်းကျ တရားဥပဒေစိုးမိုးရေးရဲ့ ရှုထောင့်တွေကတော့ –

တရားရေးစနစ်နဲ့ ဆက်နွယ်မှု ။    ။ ပထမဆုံးအနေနဲ့၊ တရားရေးစနစ်က နိုင်ငံတော်ရဲ့ နယ်ပယ်အားလုံးမှာ တပုံစံတည်း ဖြန့်ကျက်သွားနိုင်တဲ့ ဒီဂရီအတိုင်းအတာကို ကျနော်တို့ ကြည့်နိုင်ပါတယ်။ လက်တင်အမေရိကနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တုန်းက ပြောခဲ့တဲ့ “အညိုရောင်နယ်မြေ” တွေက ကွာဟချက်ကို ရှင်းရှင်းလင်းလင်းပြနိုင်တဲ့ လက္ခဏာတွေပါပဲ။ ဒါ့အပြင် အမျိုးမျိုးသော လူတန်းစားတွေ၊ စီးပွားရေးအုပ်စုတွေနဲ့ တခြား လူမှုအုပ်စုတွေနဲ့ ဆက်နွှယ်ပြီး တပြေးညီပြုမူတဲ့ တရားရေးစနစ်ရဲ့ ဒီဂရီ အတိုင်းအတာလည်း ရှိပါတယ်။ ထို့အတူ ဆင်းရဲသားတွေ၊ အမျိုးသမီးတွေ၊ နိုင်ငံခြားသားတွေနဲ့ အမျိုးမျိုးသော လူနည်းစုတွေကို ခွဲခြားဆက်ဆံခြင်း မပြုအောင် တားမြစ်အရေးယူတဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ခြင်းနဲ့ ကျင့်သုံးခြင်းဆိုတာလည်း တရားဥပဒေစိုးမိုးရေး နောက်မှာ လိုက်ပါလာပါတယ်။ လက်တင်အမေရိက နိုင်ငံအများအပြားမှာ အထူးစိုးရိမ်ပူပန်စရာ ကိစ္စကတော့ နိုင်ငံတခုလုံး တရားရေးစနစ်က ဌာနေတိုင်းရင်းသားအုပ်စုတွေရယ်၊ သူတို့ရဲ့ တရားရေးစနစ်တွေနဲ့ ယဉ်ကျေးမှုတွေနဲ့ ဆက်ဆံရာမှာ ဘယ်လောက် အတိုင်းအတာအထိ ရိုသေလေးစားမှုရှိ  ညှာတာထောက်ထားမှုရှိ သလဲဆိုတာပါ။ နောက်ဆုံးအနေနဲ့ ပြောရရင် အခြေခံဥပဒေရယ်၊ ၎င်းကို ထိထိရောက်ရောက် အနက်ဖွင့်ဆို အသုံးချပြီး ကာကွယ် စောင့်ရှောက်ပေးမယ့် နိုင်ငံတော်တရားရုံးချုပ် ဒါမှမဟုတ် အခြေခံဥပေဒ တရားရုံးတွေရဲ့  ကြီးမြတ်သာလွန်မှုကို ယေဘုယျ အသိအမှတ်ပြုထားသင့်ပါတယ်။

အစိုးရတွေ နိုင်ငံတော်တွေနဲ့ ဆက်နွှယ်မှု ။    ။ ပထမ၊ နယ်မြေပိုင်နက် အားလုံးအပေါ်မှာ ဥပဒေနဲ့ ထိထိရောက်ရောက် ချည်နှောင်ထားတဲ့ ထိန်းချုပ်မှုကို နိုင်ငံတော်တခုက ဘယ်လောက် အတိုင်းအတာနဲ့ ကျင့်သုံးနိုင်သလဲဆိုတာ စစ်ဆေးရပါမယ်။ ဒုတိယ၊ ရွေးကောက်တင်မြှောက်ခံ အရာရှိတွေ (လုပ်ဆောင်တယ်လို့ ယူဆရတဲ့) ကျူးလွန်မှုတွေ ဒါမှမဟုတ် ခေါင်းရှောင်မှုတွေကို ဖြေရှင်းတာ အပါအဝင် အပြန်အလှန် တာဝန်ယူမှုကို ကျင့်သုံးနိုင်အောင် လုပ်ပိုင်ခွင့်အာဏာ ထိထိရောက်ရောက် အပ်နှင်းခံထားရတဲ့ နိုင်ငံတော် အင်စတီကျူးရှင်းတွေ ရှိထားသင့်ပါတယ်။ နောက်ဆုံးအနေနဲ့ နိုင်ငံတော် အင်စတီကျူးရှင်းတွေက လူတယောက်ချင်းစီကို စာနာထောက်ထားမှု၊ ရိုသေလေးစားမှုတွေနဲ့ ဆက်ဆံသင့်ပါတယ်။ ဒါ့အပြင် အဲဒီလိုဆက်ဆံမှုတွေ ဖြစ်ပေါ်လာအောင် သေချာစေမယ့် ဒါမှမဟုတ် မဖြစ်ပါကလည်း ကုစားပြင်ဆင်ပေးမယ့် လုပ်ငန်းစဉ်တွေ လုံလုံလောက်လောက် ရှိထားသင့်ပါတယ်။

တရားရုံးတွေ၊ တွဲဖက် အင်စတီကျူးရှင်းတွေရယ်နဲ့ ပတ်သက်ပြီး ဆက်နွှယ်မှု ။    ။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ ပုဂ္ဂလ အကျိုးစီးပွားတွေဆီကနေ သက်ရောက်လာနိုင်တဲ့ မလျော်သြဇာတွေကနေလည်း တရားစီရင်ရေး မဏ္ဍိုင်က ကင်းလွတ်နေရပါမယ်။ သက်ရောက်ဖို့ ကြိုးစားလာပြီဆိုရင်လည်း အဓိပ္ပါယ် ကျဉ်းကျဉ်းမြောင်းမြောင်း ဖွင့်ဆိုထားတဲ့ ကော်ပိုရိတ် အကျိုးစီးပွားတွေကို ဖော်ဆောင်ပေးနိုင်ဖို့ ဆိုပြီး တရားစီရင်ရေးစနစ်က ၎င်းရဲ့ လွတ်လပ်စွာ ဆုံးဖြတ်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားမလုပ်ရပါ။ တရားရုံး အမျိုးအစားတွေ အပေါ်မူတည်ပြီး တရားရုံးတွေကို ဆက်သွယ်ဆောင်ရွက် အားကိုးရာမှာ တရားမျှတမှုနဲ့ မြန်ဆန်ထိရောက်မှုတွေ အတော်များများ ရှိသင့်ပါတယ်။ လူသား အခွင့်အရေး၊ ကျား/မအခွင့်အရေး၊ ကလေးအခွင့်အရေး၊ စီးပွားရေးအခွင့်အရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ သဘောတူညီချက်တွေ၊ စာချုပ်တွေကို တရားရုံးတွေက ဘယ်လို အခြေအနေမျိုးတွေမှာ ဘယ်လောက် အတိုင်းအတာအထိ အသိအမှတ် ပြုထားသလဲဆိုတာလည်း စစ်ဆေးသင့်ပါတယ်။ ဒီမိုကရေစီနည်းကျ တရားဥပဒေစိုးမိုးရေးသာရှိရင် ဆင်းရဲသားတွေ၊ စာမတတ်သူတွေ၊ အခြေခံ မပြည့်စုံသူတွေ အုပ်စုတွေအတွက် တရားရုံးတွေနဲ့ ဥပဒေရေးရာ အကြံပေး ဆွေးနွေးမှုကို ဆက်သွယ် ဆောင်ရွက် အားကိုးနိုင်ဖို့ ထိရောက်တဲ့ အစီအမံတွေလည်း ရှိသင့်ပါတယ်။ ရဲတွေနဲ့ တခြားလုံခြုံရေး တပ်ဖွဲ့တွေက လူတဦးချင်း တယောက်ချင်းရဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာရပါမယ်။ လုပ်ထုံးလုပ်နည်းတွေ တရားမျှတမှု ရှိစေဖို့  ချမှတ်ထားသော အခြေခံ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး လူတဦးချင်း တယောက်ချင်းကို အကျဉ်းထောင် အတွင်း ထည့်ထားတာ၊ ဆိုးဝါးတဲ့ အခြေအနေမျိုးတွေကို တွေ့ကြုံစေတာလည်း မဖြစ်သင့်ပါ။ နောက်ဆုံးအနေနဲ့ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေရဲ့ လူသားဂုဏ်သိက္ခာနဲ့ ကိုက်ညီမယ့် အခြေအနေမျိုးတွေ လုံလောက်အောင် ရှိထားသင့်ပါတယ်။

နိုင်ငံတော် အင်စတီကျူးရှင်းများနှင့် ယေဘုယျ ဆက်နွယ်နေမှု ။    ။ ဒီမိုကရေစီနည်းကျ တရားဥပေဒ စိုးမိုးမှုမှာ တရားရုံးတွေအပြင် တခြားနိုင်ငံတော် အင်စတီကျူးရှင်းတွေကလည်း လူတိုင်းလူတိုင်းကို တရားမျှတမှု၊ ညှာတာထောက်ထားမှု၊ ရိုသေလေးစားမှုတွေနဲ့ ဆက်ဆံရပါမယ်။ နိုင်ငံတော် အင်စတီကျူးရှင်းတွေကို ထိန်းကျောင်းနေတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေက ရှင်းလင်းပြီး မှန်မှန်ကန်ကန် အတည်ပြု ပြဌာန်းထားတာ ဖြစ်တဲ့အပြင် ပြည်သူတွေအတွက်လည်း အလွယ်တကူ လက်လှမ်းမှီစေရပါမယ်။ နောက်ဆုံးအနေနဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို နိုင်ငံတော်က ချိုးဖောက်နေတာရှိနေရင် ကာကွယ်တားမြစ်ရန် ဒါမှမဟုတ် ကုစားပြင်ဆင်ပေးရန် ချက်ချင်းလက်ငင်း အသုံးပြုနိုင်တဲ့ လုပ်ငန်းစဉ်တွေလည်း အဆင်သင့်ရှိထားသင့်ပါတယ်။

လူမှုစနစ် အနေအထားနှင့် ဆက်စပ်နေခြင်း ။    ။ နိုင်ငံရေးအသင်းအဖွဲ့တွေမှာ တိုက်ရိုက် ဖွဲ့စည်း ပါဝင် ဆောင်ရွက်နိုင်ခွင့်အပြင် (ကျန်တဲ့ အသင်းအဖွဲ့တွေမှာလည်း) ပါဝင်ဆောင်ရွက်ခွင့် ရှိရပါမယ်။ အနည်းဆုံးတော့ နိုင်ငံသားတွေအားလုံးရဲ့ နိုင်ငံသား အခွင့်အရေးတွေ (နောက်ဆုံးမှာ သူတို့ရဲ့ အလုပ်သမား အခွင့်အရေးအထိ) ကို မြှင့်တင်ပေးထားပြီး ပါဝင်ဆောင်ရွက်နိုင်ခွင့် ပေးထားရပါမယ်။ ဒါ့အပြင် အမျိုးမျိုးစားစားသော လူမှုအသင်းအဖွဲ့တွေ လည်ပတ်လုပ်ကိုင်ဖို့နဲ့ လူ့အဖွဲ့အစည်းတွင်း အထက်အောက် တာဝန်ခံမှုတွေ ကျင့်သုံးနိုင်ဖို့အတွက် လုံလောက်တဲ့ အခွင့်အရေးတွေနဲ့ အာမခံချက်တွေလည်း ရှိနေရပါမယ်။

လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေးတွေနဲ့ ဆက်စပ်မှု ။    ။ အခွင့်အရေးတွေကို ဘယ်လောက် အတိုင်းအတာနဲ့ ချိုးဖောက်နေကြသလဲဆိုတာ ဆန်းစစ်ကြည့်ပြီဆိုရင် အိမ်တွင်းအကြမ်းဖက်မှုနဲ့ ရဲတွေရဲ့ အကြမ်းဖက်မှု အပါအဝင် ရုပ်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုရဲ့ သားကောင် ဖြစ်ရသူတွေရဲ့ အရေအတွက်၊ လူမှုအနေအထား၊ ကျား/မ၊ အသက်အရွယ်နဲ့ နေထိုင်ရာနေရာတွေကို လေ့လာ စုံစမ်းသင့်ပါတယ်။ ဒါ့အပြင် အမျိုးမျိုးသော ရာဇဝတ်မှုတွေရဲ့ အရေအတွက်နဲ့ ဖြစ်ပွားရာ ပြနေရာတွေနဲ့ ပတ်သက်ပြီးတော့လည်း အချက်အလက်တွေကို ကောက်ယူနိုင်ပါတယ်။ အထူးသဖြင့်တော့ လူသတ်မှု၊ ဓားပြမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ မိသားစု အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အထူး ကောက်ယူသင့်ပါတယ်။ နောက်ဆုံးအနေနဲ့ နိုင်ငံခြားသားတွေကိုလည်း နိုင်ငံသားတွေကဲ့သို့ အလားတူ ပြည်သူ့ ရပိုင်ခွင့်တွေ ပေးအပ်သင့်ပါတယ်။ အနည်းဆုံးတော့ ဒေသအဆင့်နိုင်ငံရေးရာ ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ခွင့် ပြုသင့်ပါတယ်။ နိုင်ငံတော်အရာရှိတွေ အဖွဲ့အစည်းတွေနဲ့ နိုင်ငံသားတွေက သူတို့ကို လေးစားထောက်ထားစွာ ဆက်ဆံသင့်ပါတယ်။

တရားဥပဒေစိုးမိုးမှုနဲ့ ပတ်သက်ပြီး အများကြီး ပြောထား ရေးထားကြပါတယ်။ ဒါပေမယ့် နောက်ထပ်ပြီး စိတ်မကောင်းစွာနဲ့ ထပ်ဖြည့်ပြောချင်တာတွေ ရှိပါတယ်။ တခါတလေမှာတော့ တရားဥပဒေ စိုးမိုးရေးဆိုတာ (ကြားကောင်းအောင်ပြောတဲ့ တရားဥပဒေ စိုးမိုးရေးပဲဖြစ်ဖြစ်၊ ဘယ်လို တရားဥပဒေ စိုးမိုးရေးပဲဖြစ်ဖြစ်) ကို အာဏာရှင်ဆန်ဆန် နိုင်ငံရေး အယူအဆတွေ ရှင်သန်အားကောင်းလာစေဖို့ မတရား အသုံးချ ကျင့်သုံးနေတာလည်း ရှိပါတယ်။ အစောပိုင်း အချိန်တွေမှာဆိုရင် လက်တင်အမေရိက နိုင်ငံတွေလို တရားမမျှတမှုတွေ ဆိုးဝါးပြင်းထန်တဲ့ နေရာတွေမှာ ဥပဒေဆိုင်ရာ လုပ်ဆောင်မှုတွေက တရားမျှတမှု ပေါ်ပေါက်ရေးအတွက် မဟုတ်ဘဲ မတရားမှုတွေ ထွန်းကား အားကောင်းလာအောင်နဲ့ လူမှုဝေဒနာ အပြစ်အနာအဆာတွေကို တိုးပွားအောင်လုပ်ပေးဖို့သာ ဖြစ်နေခဲ့ပါတယ်။

ဒီဆောင်းပါးမှာတော့ တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီက အဆင်ပြေ ညီညွတ်နေတယ်ဆိုတာ အမှန်တကယ် ပြောနိုင်မယ့် သိမြင်ခံစားမှုတွေနဲ့ အခြေအနေ အနေအထားတွေကိုပဲ ကြိုးစားဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို သတ်မှတ်ဖော်ထုတ်ခဲ့ခြင်းဖြင့် တရားဥပဒေအခြေခံ အုပ်ချုပ်ရေးရဲ့ တချို့ရှုထောင့်တွေကို ညွှန်ပြနိုင်ဖို့လည်း ကြိုးစားခဲ့ပြီး အုပ်ချုပ်ရေးတွေ ထိရောက်အောင် ဘာတွေက လုပ်ဆောင်ပေးတယ်၊ တိုင်းပြည်တွေရဲ့  စွမ်းဆောင်မှုပိုင်းမှာ တခြား ရှုထောင့်တွေနဲ့ ဘယ်လို ဆက်နွှယ်နေတယ် ဆိုတာကိုပါ နားလည်လာစေပါတယ်။ တိုင်းပြည်တွေရဲ့ စွမ်းဆောင်မှု ဆိုရာမှာ ၎င်းတို့ရဲ့ အင်စတီကျူးရှင်း တည်ဆောက်ပံုံကြားက ဒီမိုကရေစီ အုပ်ချုပ်နည်း စနစ်လည်း ပါဝင်ပါတယ်။ ဒီမိုကရေစီနည်းကျ တရားဥပဒေစိုးမိုးမှု ပေါ်ပေါက်လာဖို့ သဘောတရား အရရော လက်တွေ့အပိုင်းမှာရော လုပ်ဆောင်စရာတွေ အများကြီး ကျန်နေပါသေးတယ် ဆိုတာတော့ သေချာပါတယ်။

(ဂီရာမို အိုဒေါ်နယ် (Guillermo’Donnell) သည် Notre Dame (နော်တာဒိန်း) တက္ကသိုလ်၊ အစိုးရနှင့် နိုင်ငံတကာ လေ့လာရေး ဌာန၏ Helen Kellogg ပါမောက္ခ ဖြစ်ပါသည်။ လက်ရာဟောင်းများဖြစ်သည့် The Quality of Democracy:Theory and Applications (၂၀၀၄)၊  Polyarchies and the (Un) Rule ofLaw in Latin America ၊ The Rule of Law and the Underprivileged in Latin America (၁၉၉၉) တို့ကို အနည်းငယ် ပြင်ဆင်ရေးသားပြီး လေ့လာ့တွေ့ရှိချက် အသစ်များနှင့် ပေါင်းစပ်ကာ ယခုဆောင်းပါးကို ရေးသားထားသည်။ နောက်ဆုံးစာအုပ် ၂ အုပ်ကို University of Notre Dame Press က ပုံနှိပ်ထုတ်ဝေသည်။ ယခု ဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခဲ့ခြင်း ဖြစ်သည်။

Educational Initiatives အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading