မြန်မာနိုင်ငံမှ အမျိုးသမီးများ အပါအဝင် အကြောင်းအမျိုးမျိုးဖြင့် လူကုန်ကူးခံရမှုသည် ယခင်နှစ် ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ဇန်နဝါရီ လတွင် ပိုများလာကြောင်း သတင်း ရရှိသည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း အရေးယူနိုင်သော လူကုန်ကူးခံရသည့် အမှုပေါင်း ၇ မှုရှိပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း လူကုန်ကူး ခံရမှုပေါင်း ၁၂ မှုအထိ တိုးလာကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး မင်းနိုင်က ဧရာဝတီသို့ ပြော သည်။
ဒုရဲမှူး မင်းနိုင်က“အမှုတိုးလာလို့ လူကုန်ကူးခံရတာ များလာတယ်လို့ ပြောလို့မရပါဘူး။ အရင်တုန်းက လူကုန်ကူးခံရတာ ဒီထက်များပါတယ်။ ဒါပေမယ့် လူကုန်ကူးခံရသူတွေက ဘယ်မှာတိုင်ရမှန်း မသိလို့ ကျနော်တို့ဆီ မတက်လာတဲ့ အမှုတွေ အများကြီးပါ။ အခုမှ တိုင်မယ့် နေရာသိလာတဲ့အတွက် အမှုက ပိုလာတာပါ”ဟုလည်း ဆိုသည်။
၂၀၁၄ ခုနှစ် တနှစ်လုံးတွင် လူကုန်ကူးခံရသူ အမျိုးသမီး ၁၈၈ ဦးရှိပြီး ၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးခံရသူ အမျိုးသမီး ၂၄၃ ဦး ရှိကြောင်းလည်း ရဲတပ်ဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ စာရင်းများအရ လူကုန်ကူးခံရသည့် အမှုပေါင်း ၁၂ မှုတွင် ရှမ်းပြည်နယ်တွင် ၅ မှု၊ ရန်ကုန်တိုင်း၊ စစ်ကိုင်း တိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် စသည့် နေရာအသီးသီးတွင် ၁ မှုစီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုစာရင်းတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှု ၇ မှု၊ ထိုင်းနိုင်ငံသို့ ၃ မှု၊ မလေးရှားနိုင်ငံသို့ ၁ မှုနှင့် ပြည်တွင်းတွင် ၁ မှု ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှု အများစုသည် အဓမ္မ လက်ထပ် ထိမ်းမြားခံရသည့် အမှုဖြစ်ပြီး ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသည့် အမှု အများစုသည် အဓမ္မ အလုပ်စေခိုင်းခံရသည့် အမှုများ ဖြစ်ကြောင်းလည်း ပါရှိသည်။
ထို့အပြင် အင်ဒိုနီးရှားနိုင်ငံ ငါးဖမ်းစက်လှေများတွင် အလုပ်ကြမ်း လုပ်ကိုင်ရန် မြန်မာလူမျိုးများကို ရောင်းစားခဲ့သည့် တရားခံ အများစုကို အမှုဖွင့် အရေးယူနိုင်ခြင်း မရှိသေးကြောင်း ဒုရဲမှူးမင်းနိုင်က ပြောသည်။
“ထိုင်းနိုင်ငံ ရနောင်းကနေတဆင့် အင်ဒိုနီးရှား ငါးဖမ်းစက်လှေတွေမှာ အလုပ်ရမယ်ဆိုပြီး တဆင့် ရောင်းစားခံရတဲ့ အမှုတွေ တော် တော်များများကို အမှုဖွင့် အရေးယူနိုင်ခြင်း မရှိသေးဘူး။ သူတို့တွေက ရနောင်းရောက်မှ ဆုံတဲ့သူက တဆင့် လိုက်သွားကြတာများတော့ တရားခံကို နာမည်ကအစ ပြန်မပြောနိုင်ကြဘူး။ တရားခံ နာမည်တောင် မပြောနိုင်တော့ အမှု ဖွင့်လို့ မရဘူး”ဟု ဒုရဲမှူး မင်းနိုင် က ဆိုသည်။
လူကုန်ကူးခံရသူ အများဆုံး ပို့ဆောင်ခြင်းခံရသည့် နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံသည် ဒုတိယ အများဆုံး ဖြစ်ကြောင်း၊ လူကုန်ကူးခံရသည့် အမှု အမျိုးအစားများထဲတွင် အဓမ္မလက်ထပ်ခြင်း အမှုသည် ၂၀၁၄၊ ၂၀၁၅ ၂ နှစ်စလုံးတွင် အများဆုံး ဖြစ် ကြောင်း ရဲတပ်ဖွဲ့၏ စာရင်းများတွင် တွေ့ရှိရသည်။