ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်က ပင်နီဝတ်စုံများ အများအပြား နေရာယူထားသည့် လွှတ်တော်သစ်ထဲတွင် လွန်ခဲ့သည့် ၅ ရက်ခန့်က ကလေးမီးဖွားသန့်စင်ခဲ့သော သွေးနုသားနု အမျိုးသမီးတဦးလည်း အားမာန်အပြည့်ဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရန် ရောက်ရှိ နေလေသည်။
ထိုအမျိုးသမီးက၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ ကယားပြည်နယ်၊ ရှားတောမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ကိုယ်စားပြု အနိုင်ရရှိခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းပင် ဖြစ်သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၌ NLD ပါတီက ကိုယ်စားလှယ်များ အများအပြား အနိုင်ရရှိခဲ့ပြီး ပထမဆုံးအကြိမ် ကျင်းပသည့် လွှတ်တော်သစ် စတင်ချိန်တွင် သူမသည် မီးဖွားပြီးကာစ ၅ ရက်သာ ရှိသေးသည်။
ပုံမှန်အားဖြင့် ကလေးမီးဖွားသန့်စင်ပြီးသူသည် မီးတွင်း၌ ရက်သတ္တပတ်မျှ နေထိုင်ရမည် ဖြစ်သော်လည်း ဒေါ်ဝင့်ဝါထွန်းသည် ၎င်းအားရွေးချယ်တင်မြှောက်လိုက်သည့် မဲဆန္ဒရှင်များက ပေးအပ်သော တာဝန်များကို ထမ်းဆောင်နိုင်ရန် သားသည်မိခင်တဦး၏ မီးထွက်ရက်မပြည့်သေးသော်လည်း လွှတ်တော်စတင်ချိန် ဖေဖော်ဝါရီ ၁ ရက်တွင် လွှတ်တော်သို့ မပျက်မကွက် တက်ရောက်ခဲ့သူ ဖြစ်သည်။
ထို့အပြင် ပြည်သူ့ဝန်ထမ်း အမျိုးသမီးတဦးအား မီးဖွားခွင့်အဖြစ် နာခွင့် လေးလအထိ ပေးထားသော်လည်း သူမအနေဖြင့် ခွင့် တလသာ ယူဆောင်ရန် ဆုံးဖြစ်ထားသည်ဟု ပြောဆိုသည်။
“ကျမကတော့ ခွင့်ကို ၁ လ ပဲ ယူဖို့စိတ်ကူးထားတယ်။ တလအတွင်းမှာလည်း တပြိုင်နက်တည်း ယူထားတာမျိုး မဟုတ်ဘဲ၊ အချိန်ဇယားကို ကြည့်ပြီး ခွင့်ယူဖို့ စီစဉ်ထားပါတယ်”ဟု ဒေါ်ဝင့်ဝါထွန်းက ပြောသည်။
ထို့အပြင် သားသည်အမေ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ အတွက် သီးသန့်နားနေဆောင် ထားရှိချင်း မရှိသည့်အတွက် သူ၏သားငယ်ကို ယာယီနားခိုနေထိုင်နေသည် စည်ပင်ရိပ်သာရှိ အခန်းတွင်း၌သာ ခေါ်ဆောင်ထားရှိကြောင်းနှင့် လွှတ်တော်သို့ သွားရောက်ချိန်တွင် သားငယ်အား စည်ပင်ရိပ်သာရှိ သူ၏အခန်းတွင်း၌ ထားခဲ့ရကြောင်း သူကပြောသည်။
လွှတ်တော်တက်ရောက်နေသည့်အချိန် သူ၏သားငယ် ဆာလောင်ပါက တိုက်ကျွေးရန် မိခင်နို့ကို သန့်စင်စွာထားရှိပေးခဲရပြီး သားငယ်အား ပြုစုစောင့်ရှောက်ပေးမည့်သူထံ သေချာစွာအပ်နှံထားရှိခဲ့ရသည်ဟု ဒေါ်ဝင့်ဝါထွန်းက ပြောသည်။
“ကလေးဆရာဝန်တွေနဲ့ တိုင်ပင်ထားတာကတော့ မိခင်နို့က ၆ နာရီအထိ အထားခံတယ်။ သူတို့ကလည်း မိခင်နို့ တမျိုးတည်း တိုက်ပေး ချင်တဲ့အတွက် ကျမလွှတ်တော် တက်တဲ့အခါမှာ မိခင်နို့ကို ချန်ခဲ့ရမယ်။ လွှတ်တော်မှာက ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေ နားဖို့ အတွက် သီးသန့်နားနေဆောင် လုပ်မထားဘူး။ ဒါ့ကြောင့် ကျမကလေးကိုကျမ ဘယ်လိုမှ လွှတ်တော်ထဲရောက်အောင် ခေါ်သွားလို့ မရဘူး”ဟု ဒေါ်ဝင့်ဝါထွန်းက ဧရာဝတီကို ပြောသည်။
ယခုကျင်းပနေသည့် လွှတ်တော်သစ်တွင် အစိုးရသစ် ပြောင်းလဲဖို့အတွက် လုပ်ဆောင်နေရသည့် အချိန်ကာလဖြစ်ကြောင်း၊ ထိုကာလ ပြီးဆုံးသွားပါက သူမအနေဖြင့် ကယားပြည်နယ် ရှားတောမြို့နယ်အတွက် အရေးကြီးဆုံးဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အဆိုများကို တင်သွင်းဆွေးနွေးသွားမည်ဟု သူက ဆိုသည်။
“ငြိမ်းချမ်းရေးလို့ ပြောလိုက်ပြီးဆိုရင် လုံးဝရှောင်လို့ မရတာက အမျိုးသမီး ရေးရာကဏ္ဍနဲ့ ကလေး သူငယ် စောင့်ရှောက်ဖို့ပဲ။ ဒါကျမ စဉ်းစားထားတဲ့ အတွေးအခေါ်တရပ် ဖြစ်ပါတယ်။ မငြိမ်းချမ်းတာကို အဓိက ရင်ဆိုင်ရနေတာ အမျိုးသမီးနဲ့ ကလေးတွေပါပဲ။ ကျမက ဒီအပစ်အခတ် ရပ်စဲရေးဖြစ်တဲ့ NCA အဓိကထားပြီး ဆွေးနွေးရာကနေ ဒီအမျိုးသမီးကဏ္ဍကို ပူးတွဲလုပ်ဆောင်သွားမယ်”ဟု သူမက ဆိုသည်။
ရွေးကောက်ပွဲ မဲဆွယ်ကာလတွင်လည်း သူမသည် ရှားတောမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ၆ လအရွယ် ကိုယ်ဝန်ကို လွယ်ဆောင်ထားပြီး တရွာဝင်တရွာထွက် တအိမ်တက်ဆင်း မဲဆွယ်ခဲ့သဖြင့် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်သည့် ရွှေးကောက်ပွဲတွင် ပြိုင်ဘက်ပါတီများအပေါ် ဆန္ဒမဲ အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သူ ဖြစ်သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၈၀၀ ခန့် ရှိသည့်အနက် ၁၅၀ ခန့် အနိုင်ရရှိခဲ့ပြီး လွှတ်တော်သစ်တွင် အမျိုးသမီး ကိုယ်စားလှယ်ဦးရေ ပိုမိုပါဝင်လာပြီဖြစ်ရာ အမျိုးသမီးအရေး၊ ကလေးသူငယ်အရေးကိစ္စများကို ပိုမိုတင်သွင်း တောင်းဆိုသွားကြမည်ဟု တက်ရောက်လာကြသည့် ပါတီစုံမှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။
သားသည်အမေ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်ပြီး သားငယ်အား လွှတ်တော်အတွင်း ခေါ်လာနိုင်ရန် သူ့အနေဖြင့် လက်ရှိ အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်တွင်း၌ နားနေဆောင် ထားရှိပေးရန် အဓိကထား ဆွေးနွေးမည် မဟုတ်ကြောင်း ဒေါ်ဝင့်ဝါထွန်းက ဧရာဝတီကို ပြောသည်။
“ကျမအနေနဲ့ ဒါကို focus ထားပြီး ဆွေးနွေးရင် အခွင့်အရေးယူသလို ဖြစ်မယ်။ ကျမတို့ လွှတ်တော်သက်တမ်းမှာ အမျိုးသမီးတွေ အများကြီး ပါဝင်လာပြီး အမျိုးသမီးဆိုတာ တချိန်ချိန်မှာ မဖြစ်မနေ မိခင်တာဝန် ထမ်းဆောင်ရမှာ မလွှဲမသွေပါပဲ။ ဒီတာဝန်ကြီးကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ဖို့အတွက် တဖက်ကနေပြီး ပြန်လည်ပံ့ပိုးပေးရမယ် ဆိုတဲ့အပိုင်းတော့ ရှိပါတယ်။ သဘာဝတရားအရ ကျမတို့ကို လွှတ်တော်ကနေပြီးတော့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် သားသည်မိခင်တွေကို ပံ့ပိုးပေးနိုင်ရင်တော့ ကောင်းပါတယ်” ဟု သူက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် နိုင်ငံတဝန်းလုံး အပြတ်အသတ် အနိုင်ရရှိခဲ့ရာ လာမည့် အစိုးရသစ်အဖွ့ဲသည် အမျိုးသမီး ဦးဆောင်မည့် အစိုးရသစ်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အမျိုးသမီး အကြမ်းဖက်ခံရမှုများ၊ သက်ငယ်မုဒိန်းမှုများ၊ ဘက်ပေါင်းစုံမှ မဖွံ့ဖြိုးသေးသည့် အမျိုးသမီးများ၏ ဘဝရပ်တည်မှု လုံခြုံရေးအတွက် ကာကွယ်ပေးမည့် ဥပဒေတရပ် ပေါ်ထွန်းလာရန် အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူများနှင့်အတူ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များကလည်း လက်ရှိအချိန်တွင် မျှော်လင့်နေကြသည်။