အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် နှစ်ပေါင်းများစွာ လက်တွဲခဲ့သူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရလက်ထက်တွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေး အပ်ခြင်း ခံခဲ့ရသည်။ ဦးထွန်းထွန်းဟိန်သည် NLD ပါတီတွင်လည်း ဥပဒေရေးရာ ကိစ္စရပ်များတွင်လည်း အားကိုးခံရသူ တဦး ဖြစ်ခဲ့ပြီး ယခုအခါ လွှတ်တော်တွင် အရေးကြီးသည့် အမြဲတန်း ကော်မတီတခုကို ဦးဆောင်ခွင့် ရရှိသည့်အခါ သူ၏ လွှတ်တော်တွင်း ဆောင် ရွက်မည့် အစီအစဉ်များနှင့် ရည်မှန်းချက်တို့ကို ဧရာဝတီ သတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်တော့မယ့် အန်ကယ်အနေနဲ့ ဘာတွေကို ကြိုတင် ပြင်ဆင်ထားပြီးပြီလဲ။
ဖြေ ။ ။ ကျနော်အနေနဲ့ ဥပဒေကြမ်းကော်မတီကို မရောက်ခင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ကတည်းက ကျနော်ရဲ့ သဘောထားတွေကို ပြောထားပြီးသားပါ။ ဘာလဲဆိုတော့ ခေတ်နဲ့မညီတော့တဲ့ ဥပဒေတွေကို ပြင်ချင်တယ်ပေါ့။ နောက်ပြီး တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့ရာအတွက် လိုအပ်တဲ့ ဥပဒေတွေကို ပြဌာန်းမယ်ပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ပေါ့။ ဒါပေမယ့် ဥပဒေကြမ်း ကော်မတီ ဥက္ကဌ ဖြစ်လာတဲ့အခါ အရင်သက်တမ်းတုန်းက ပါခဲ့တဲ့ ကော်မတီဝင်ဟောင်းတွေနဲ့ တွေ့ပါတယ်။ များသောအားဖြင့် သူတို့ ဟာ တင်ပြလာတဲ့ ဥပဒေကြမ်းတွေကို စိစစ်ပေးရတာပေါ့။ ဥပဒေကို ပြန်ကြည့်လိုက်တဲ့အခါကျတော့ မိမိပြုစုလိုတဲ့ ဥပဒေတွေကို တင်နိုင်တယ်၊ အကြံပြုနိုင်တယ်ဆိုတာလဲတွေ့ရပါတယ်။ ကျနော်တို့ကတော့ ယခင်သက်တမ်းမှာ လုပ်ကိုင်ခဲ့တာတွေကို စံနမူနာလေး ယူရမှာပေါ့။ ပြီးမှ ဘယ်လိုပိုပြီး ကောင်းမွန်အောင် ဆောင်ရွက်မလဲဆိုတာတွေ ရှိလာမှာ ဖြစ်ပါတယ်။
မေး ။ ။ ဒီနေ့လည်း ကော်မတီ အစည်းအဝေး လုပ်တယ်လို့ သိရပါတယ်။ ဘာတွေများ ဆွေးနွေးဖြစ်ခဲ့ကြပါသလဲ။
ဖြေ ။ ။ ဒါက ကျနော်တို့ ပထမဆုံး စပြီး တွေ့တဲ့ အစည်းအဝေးလေးပါပဲ။ ကျနော်တို့ ၁၅ ဦး ပါဝင် ဖွဲ့စည်းခဲ့သူတွေက ဒီနေ့မှ တွေ့ရ တာပါ။ မိတ်ဆက်စကားပြောလောက်ပါပဲ။
မေး ။ ။ ပြဌာန်းပြီးသား ဥပဒေတွေထဲမှာ ခေတ်နဲ့မညီတော့ဘူးလို့ အန်ကယ်တို့ ယူဆတဲ့ ဘယ်လို ဥပဒေတွေကို အရင်ဆုံး ပြန်လည် စိစစ်ပြင်ဆင်သွားဖို့ ရှိလဲ။
ဖြေ ။ ။ ဥပဒေတွေက အများကြီးပါပဲ။ ဖဆပလခေတ်မှာကတည်းက မြန်မာတရားရုံးများ ဥပဒေ အတွဲ-၁၃ ဆိုပြီး ရှိပါတယ်။ အဲဒီမှာ ပါတဲ့ ဥပဒေတွေကကို အမျာကြီးပါပဲ။ မှတ်မိနိုင်လောက်ကို မရှိပါဘူး။ ထို့အတူပဲ ဆိုရှယ်လစ်ခေတ်မှာ ထပ်ပြီး ပြဌာန်းခဲ့တဲ့ ဥပဒေတွေ လည်း အများကြီးပါပဲ။ နောက်ပိုင်း နဝတ/နအဖခေတ်မှာလည်း ဒီလိုပါပဲ။ ပြီးခဲ့တဲ့ ၅ နှစ်သက်တမ်းမှာလည်း ဥပဒေပေါင်း ၂၂၉ ခု လောက် ပြဌာန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီလောက်တော့ ဒီလောက်များတ့ဲ ဥပဒေတွေကို ကျနော်တို့ အကုန်လုံး ပြန်စိစစ်ဖို့က တော်တော်တော့ အခက်အခဲရှိမယ့် ကိစ္စပါ။ ပထမဆုံးတော့ တာဝန်တွေခွဲပြီးမှ လုပ်ရမယ်ပေါ့။
မေး ။ ။ ရှေ့ကကော်မတီ သက်တမ်းမှာ မပြီးပြတ်သေးတဲ့ ဥပဒေကြမ်းတွေ ကျန်နေပါသေးတယ်။ ဒါတွေကိုရော ဘယ်လို ဆက် လုပ်ဖို့ ရှိပါသလဲ။
ဖြေ ။ ။ ဟုတ်ပါတယ်။ ၂၃ ခု ကျန်ပါသေးတယ်။ အဲဒီ ဥပေဒေတွေကို ဘယ်ဥပဒေက ဘယ်အဆင့် ရောက်ပြီလဲဆိုတာ ဆွေးနွေး မေးမြန်းပြီးမှ ဘာဆက်လုပ်မယ်ဆိုတာ ပြောလို့ရမှာပါ။
မေး ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ရော ဘာတွေ ဆောင်ရွက်ထားပြီလဲ ခင်ဗျာ။
ဖြေ။ ။ NLD အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ၁၆၈ ချက် ရှိပါတယ်။ ဒါအကုန်လုံးကို ပြင်နိုင်မလား။ အခြေအနေပေါ် မူတည်ပြီး ဘယ်ဟာက အရင်ဆုံးပြင်နိုင်မလဲဆိုတာစဉ်းစားရမှာပါ။ ဥပဒေကြမ်းကော်မတီ တခုတည်းအနေနဲ့လည်း ဒါကိုစဉ်းစားလို့ မရပါဘူး။ ဥပဒေကြမ်း ကော်မတီအနေနဲ့ ကိုယ်ပြင်ချင်တဲ့ဥပဒေကို ကိုယ်ကပဲ အဆိုတင်၊ ကိုယ်ကပဲ ပြန်စိစစ် ဆိုတာကတော့ သိပ်ပြီးအဆင်ပြေတဲ့ ကိစ္စတော့မဟုတ်ဘူး။ နည်းလမ်း ရှာရမှာပေါ့။ ဒီ ၁၆၈ ချက်လုံးကို ပြင်ဖို့ နည်းလမ်းရှာရာမှာလည်း မဖြစ်နိုင်စရာ မရှိပါဘူး။ ဖြစ်နိုင်ပါတယ်။
မေး ။ ။ ပုဒ်မ ၅၉(စ) ဆိုင်းငံ့ဖို့ ကိစ္စနဲ့ ပတ်သက်လို့ရော ဥပဒေကြမ်းကော်မတီ ဥက္ကဌတယောက်အနေနဲ့ ဘယ်လိုထင်မြင်ပါသလဲ။
ဖြေ ။ ။ ဒါကို အများသူငါကရော ဥပဒေပညာရှင်တွေကပါ ထင်မြင်ချက်တွေ အမျိုးမျိုး ပေးနေကြတာပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာတော့ ဆိုင်းငံ့ထားဖို့က မပါပါဘူး။ သို့သော်လည်းပဲ မြန်မာနိုင်ငံသမိုင်းမှာ ၁၉၅၈-၅၉ ခုနှစ်လောက်က ၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ယာယီရပ်ဆိုင်းပြီးတော့ အိမ်စောင့်အစိုးရ ဖွဲ့ခဲ့တာ ရှိပါတယ်။ သမိုင်းကြောင်းလေးပေါ့။ ဒါကို မူတည်ပြီး တချို့ကလည်း ရပ်ဆိုင်းလို့ ရတယ်လို့ ပြောတယ်ပေါ့။ တချို့ကလည်း ရပ်ဆိုင်းတယ်ဆိုတာ ဥပဒေမှာ မပါတဲ့အတွက် မရဘူးပေါ့။ ဒီလိုလုပ်တာကလည်း အစဉ်အလာအားဖြင့် မကောာင်းဘူးပေါ့ ပြောကြတာပါပဲ။ ဒီလိုပြောနေကြတဲ့အပေါ် ဘာမှမှတ်ချက်ပေးဖို့တော့ မရှိပါဘူး။ ကျနော်တို့က တခုပဲ။ ၅၉(စ) ဟာ လူတဦးတယောက်တည်းကိုပဲ ဦးတည်ပြဌာန်းထားတယ်ဆိုရင်တော့ မသင့်တော်ဘူးပေါ့။ ဥပဒေဆိုတာကတော့ ပိုပြီးတော့ တနိုင်ငံလုံး သက်ဆိုင်တာပဲ ဖြစ်သင့်တယ်။ တဦးတယောက်နဲ့ သက်ဆိုင်တာဆိုရင်တော့ ဥပဒေ မဟုတ်တော့ပါဘူးး။
မေး ။ ။ NLD ကိုယ်စားလှယ်တယောက်က ပုဒ်မ-၅၉(စ)ကို ဆိုင်းငံ့ဖို့ လွှတ်တော်မှာ အဆိုတင်မယ် ဆိုတာက ဘယ်တော့လောက် ဖြစ်မလဲ။
ဖြေ ။ ။ ကျနော်ကတော့ ဒီလိုတင်မယ်ဆိုတာက ဘယ်သူကပြောလဲ မသိပါဘူး။ ကျနော်ကတော့ မသိသေးဘူး။ ကျနော်ကလည်း တခါတလေ တော်တော်လေး နောက်ကျမှ သိတဲ့အခါလည်း ရှိပါတယ်။
မေး ။ ။ အန်ကယ်တို့အနေနဲ့ တပ်နဲ့ပတ်သက်တဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်ဖို့ ထည့်သွင်းထားတာအတွက်ရော တပ်မတော်နဲ့ ဘယ်လို ညှိနှိုင်းမှုတွေ လုပ်ထားပြီးပါပြီလဲ။
ဖြေ ။ ။ ကျနော်တို့က ဒီလိုရှိပါတယ်။ တပ်မတော်ဟာ အရေးကြီးတဲ့ကဏ္ဍက ရပ်နေတယ်ဆိုတာကတော့ ဘယ်သူကမှ အငြင်း ပွားမှာ မဟုတ်ပါဘူး။ ကျနော်တို့က ချက်ချင်းကြီး ပြည်သူလူထုက ဖြစ်ချင်သလို ပါတီက ဖြစ်ချင်သလို ဗြုန်းဒိုင်းဆိုပြီး လုပ်လို့ မရပါဘူး။ ညှိနှိုင်းရမယ်။ အဲဒီနေရာမှာ ယုံကြည်စိတ်ချရမှုတွေ လိုတယ်။ အချိန်ယူရမယ်။ ဥပဒေအရ ဖွဲ့စည်းပုံကို ပြင်ဖို့ လွှတ်တော်က ၇၅ ရာခိုင် နှုန်းကျော် ထောက်ခံချက်ရမှ ဆိုတာက ဖြစ်နိုင်ချေ တော်တော်နည်းတဲ့ ကိစ္စပါပဲ။ ဒါပေမယ့် ဒါကို မရဘူးလို့လဲ ပြောလို့ မရပါဘူး။ ရအောင် ဘယ်လို လုပ်မလဲပေါ့။ ညှိနှိုင်းဈေးဆစ်တာတွေ၊ အပေးအယူတွေလည်း လိုတာပေါ့လေ။ တပ်မတော်ဘက်က အခုချိန်မှာ ဒါကိုမပြင်ပေးနိုင်ဘူလို့ ပြောနေသေးပေမယ့် နောင်လာမယ့်အချိန်မှာ မပြင်ဘူးလို့ ပြောတာလဲ မဟုတ်သေးပါဘူး။ ပြင်မယ်ဆိုရင် အေးချမ်းသာယာစွာလေး ပြင်နိုင်ဖို့လိုပါတယ်။ တိုင်းပြည်အတွက်လည်း ကောင်းတာပေါ့။
မေး ။ ။ NLD အနေနဲ့ လွှတ်တော်ရေးရာ ကေ်ာမတီတွေဖွဲ့ရာမှာ တပ်မတော်သားတွေကို အဖွဲ့ဝင်တွေအဖြစ် ထည့်သွင်း ဖွဲ့စည်းတာ ကရော ညှိနှိုှုင်းထားမှုတွေအရပဲလား။
ဖြေ ။ ။ ကျနော်တို့အနေနဲ့က တိုင်းပြည်ကို ပြန်လည်ထူထောင်တဲ့နေရာမှာ ငါတို့ပါတီတခုတည်းကပဲ လုပ်နိုင်တယ်ဆိုတဲ့ စိတ်မျိုး မရှိပါဘူး ခင်ဗျ။ မည်သူပင်ဖြစ်ပါစေ တိုင်းပြည်ကောင်းဖို့အတွက်ကို ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်မယ်ရမှာပဲ။ အာားလုံးက အဖိုးတန် တဲ့သူတွေကြီးပါပဲ။ နောက်တခုက အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ စကားကိုတော့ ကျနော်သိပ်မသုံးချင်ပါဘူး။ သို့သော်လည်း တယောက်နဲ့ တယောက်ကြားမှာ နည်းနည်းလေး ကွဲကွာနေတာလေးတွေက ရှိပါတယ်။ ဒါကိုဘာလို့ ပြန်ပြောရလဲဆိုတော့ ကျနော်တို့ တဖက်နဲ့တဖက် ဒီလိုကွာဟမှုတွေ ရှိနေပါတယ်ဆိုတဲ့ အခြေအနေမှန်ကို ပထမဆုံး လက်ခံရမှာပေါ့လေ။ ပြီးမှပေါင်းစည်းလို့ ရတာပေါ့။ မကွဲပါဘူးလို့ ဆိုနေရင် ကျနော်ပေါင်းစည်းဖို့ကလည်း ဘာမှလုပ်စရာမရှိတော့ပါဘူး။ အဲဒီတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပါပဲ။ တခြားပါတီကသူတွေလည်း ပါပါသေးတယ်။
မေး ။ ။ လွှတ်တော်ကနေ သူရဦးရွှေမန်းကို ဥက္ကဌအဖြစ် တာဝန်ပေးပြီး ကော်မရှင်တရပ် ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီမှာ ပါတဲ့သူတွေ ကလည်း ယခင်သက်တမ်းက ကြံ့ခိုင်ရေးပါတီက လူဟောင်းတွေ အများစုဖြစ်နေတာ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ ကျနော်ပြောချင်တာ ပညာရပ်ဆိုတာ ကျနော်တို့ တဦးချင်းအားလုံး မတတ်နိုင်ပါဘူး။ ဥပမာ စွမ်းအင်နဲ့ ပတ်သက်လာရင် ဒီစွမ်းအင်ကဏ္ဍမှာ တကယ်လုပ်နေတဲ့သူလောက် ကျနော်တို့ မသိပါဘူး။ စွမ်းအင်နဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း တခုတင်လာပြီ ဆိုပါ တော့။ ကျနော်တို့က မေးမြန်းဖို့ လူရှာရပါပြီ။ ဒီကဏ္ဍမှာ ဘယ်သူတွေ ပညာရှင်၊ ဘယ်သူတွေကို ဖိတ်ခေါ်ရမယ် ဆိုတာမျိုးက အစပါ။ အကြံဉာဏ် ပေးနိုင်တဲ့သူတွေ ရှိဖို့ လိုပါတယ်။ ဒီကော်မရှင်ထဲက ၂၃ ယောက်လုံးကလည်း သူနေရာနဲ့သူ ကျွမ်းကျင်တဲ့ သူတွေပါပဲ။
မေး ။ ။ ဒီကော်မရှင်မှာ ပါသူတွေဟာ သူရဦးရွှေမန်းနဲ့ နီးစပ်သူတွေကိုပဲ ကော်မရှင်တရပ်ဖွဲ့ပြီး တမင်ရွေးခေါ်လိုက်တာာပဲလို့ ဝေဖန်နေတာတွေ ရှိပါတယ်ခင်ဗျာ။
ဖြေ ။ ။ ပြောတာကတော့ ပြောနေကြဦးမှာပဲ။ ဒီလို ထင်မြင်ယူဆချက်တွေကို မပြောလိုပါဘူး။ သူတို့ဆီက အတွေ့အကြုံတွေ အကြံ ဉာဏ်တွေကို ယူနိုင်ရင် ကျနော်တို့အတွက် အမြတ်ရတာပါပဲ။ ကျနော်အနေနဲ့ ဆိုပါစို့ အရင်ဥပဒေကြမ်းကော်မတီရဲ့ အတွေ့အကြုံတွေ ကို ယူပြီး သုံးရင် တိုင်းပြည်အတွက် ပိုပြီး ကောင်းတာပေါ့။ အဲလိုမှ မဟုတ်ဘဲ ဒါတွေက အရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဟာတွေမို့ မယူဘူး။ ငါ့ဟာငါပဲ လုပ်မယ်ဆိုရင် အသစ်က ပြန်စရမှာပဲ။ ဘာမှမထူးပါဘူး။ သူတို့တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေရှိမှာပါ။ ဒီအထဲကနေ ကျနော် တို့ အကူအညီ၊ အတွေ့အကြုံတွေ ရယူရမှာပါ။ နောာက်ပြီး လိုအပ်လာရင်လဲ ကောာ်မရှင်အဖွဲ့ဝင် ဦးရေကို ထပ်ပြီးတော့ တိုးပြီး ဖွဲ့လို့ရပါတယ်။
မေး ။ ။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လည်း MPC မှာ ဦးဆောင်နေတဲ့ ဦးအောင်မင်းတို့လိုသူတွေရော NLD အစိုးရအဖွဲ့မှာ ပြန်ပါလာနိုင်မလား။
ဖြေ ။ ။ ဝန်ကြီးဦးအောင်မင်းတို့ MPC မှာလုပ်နေတဲ့ ကိစ္စတွေက အများကြီး ရှိပါတယ်။ ကျနော်တို့က ဒါတွေကို ပစ်ပယ်လိုက်တာ မဟုတ်ပါဘူး။ သူတို့က သူတို့ဆီကနေ အအကူအညီတွေ ပြန်တောင်းရဦးမှာပါပဲ။ အခုကလည်း သူတို့က လွှတ်တော်ကိစ္စနဲ့လည်း မဆိုင်သေးလို့ပါ။ နောက်ပိုင်းတော့ ပါလာနိုင်ပါတယ်။ ဒါက ကျနော်အထင်ပေါ့နော်။ ကျနော်အနေနဲ့ကလည်း အဲဒီလောက် ရွေးချယ်နိုင်ဖို့ အနေအထားမရှိပါဘူး။
မေး ။ ။ ယခင် ဥပဒေကြမ်းကော်မတီ သက်တမ်းမှာ ဥပဒေတွေ တခုနဲ့တခု မကိုက်ညီတာမျိုးတွေ ရှိခဲ့လို့ ဝေဖန်ခံရတာတွေ ရှိခဲ့ပါ တယ်။ အန်ကယ်တို့အနေနဲ့ ဒါတွေကို ဘယ်လိုပြန်စိစစ်ဖို့ ရှိသလဲ။
ဖြေ ။ ။ တချို့ ဥပဒေတွေက ရှေ့မှာ ပြဌာန်းထားတာက တမျိုး၊ နောက်မှာ ပြဌာန်းတာကတမျိုး မကိုက်ညီတာတွေ ဖြစ်နေတယ်ပေါ့။ ဥပမာ အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့ ဥပဒေမှာ ပြဌာန်းထားတာက လွှတ်တော်သက်တမ်းနဲ့ အညီလို့ ပြဌာန်းထားပြီး နည်းဥပဒေမှာ ကျ တော့ အစိုးရသက်တမ်းနဲ့ အညီလို့ ပြဌာန်ထားတာတွေပေါ့။ ဒါတွေကိုဘယ်လိုပြန်လုပ်မလဲ ဆိုတာကတော့ ညှိနှိုင်းပြီးပြန်လုပ်ရမယ့် ကိစ္စတွေ ရှိလာတာပေါ့။
မေး ။ ။ ဘာများဖြည့်စွက် ပြောချင်တာများ ရှိပါသေးလဲ။
ဖြေ ။ ။ ကျနော်ကို ပြည်သူက တာဝန်ပေးထားတဲ့ ကိစ္စတွေမှာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ တိုင်းပြည်အတွက် စိတ်မှာ ရည်စူးပြီးတော့ အတတ်နိုင်ဆုံး ကျနော်ကြိုးစားမှာပါ။