အာဏာရှင်စနစ်မှ ဒီမိုကရေစီနှင့် ပွင့်လင်းမြင်သာမှုရှိသော ဈေးကွက်စီးပွားရေး စနစ်သို့ ကူးပြောင်းသော နိုင်ငံများတွင် အသွင်ကူးပြောင်းရေး ကာလသည် အခက်ခဲဆုံးကာလ ဖြစ်သည်။
ထိုကာလကို သမ္မတ ဦးသိန်းစိန်က အချိန်ကာလတခုဖြင့် ဖြတ်ကျော်ခဲ့ပြီး ဖြစ်သော်လည်း ဦးသိန်းစိန် အစိုးရသည် တပ်မတော် အစိုးရ၏ အစိတ်အပိုင်းတခုဟု မြင်သောကြောင့် ပြည်သူလူထုက လက်ခံခဲ့ခြင်း သိပ်မရှိခဲ့။
ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို အပြတ်အသတ် မဲထည့်ခဲ့ခြင်း ဖြစ်သည်။
မကြာမီတွင် တာဝန်နှင့် အာဏာ လွှဲပြောင်းရေး လုပ်ငန်းများ ချောချောမွေ့မွေ့ အဆုံးသတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရတရပ်ကို ဖွဲ့စည်းနိုင်မည်ဟု မျှော်လင့်ထားကြသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် အသွင်ကူးပြောင်းရေး ချောမွေ့ရန် လိုအပ်သည်။ တချို့ သော အသွင်ကူးပြောင်းရေး ပြုလုပ်ခဲ့သည့် နိုင်ငံများသည် ချောမွေ့ခြင်း သိပ်မရှိ။ အကြမ်းဖက်မှုများ ပေါ်ပေါက်ခြင်း၊ နောက်တက်လာမည့် အစိုးရအတွက် အခက်အခဲ အကျပ်အတည်းများ ကျန်ရစ်အောင် ဖန်တီးခြင်း၊ ပဋိပက္ခများ ဖန်တီးခြင်းနှင့် အခြေအနေ မတည်မငြိမ်ဖြစ်အောင် မိုင်းထောင်ခဲ့ခြင်းများ လုပ်ခဲ့လေ့ရှိသည်။
မြန်မာနိုင်ငံတွင် စည်းစိမ်ဥစ္စာနှင့် အာဏာကို ဆယ်စုနှစ် သုံး၊ လေး၊ ငါးခုမက ယူထားခဲ့သူများက ယခု အသွင်ကူးပြောင်းရေးကို ချောမွေ့အောင် လုပ်ပေးနိုင်ပါမည်လားဟု ပြည်သူလူထုက သံသယရှိသည်။
ကိုယ်ကျိုးစီးပွား ကြီးခဲ့သော အုပ်စုများက မိုင်းတွေ ထောင်ခဲ့ကြမည်လား၊ နောက်အစိုးရ တက်လာချိန် တံခါးများကို ဆွဲဖွင့်လိုက်လျှင် မိုင်းတွေ ထပေါက်မည်လား မေးခွန်းထုတ်ကြသည်။ တည်ငြိမ်မှု မရှိလျှင် အရင်ခေတ်ဟောင်းကို ပြန်တမ်းတတတ်သည်မှာ လူတွေ၏ သဘော။ ထို့ကြောင့် အသွင်ကူးပြောင်းရေး ချောမွေ့တည်ငြိမ်ဖို့လိုသည်။ အားလုံး သတိရှိရှိနှင့် ပါဝင်ကူညီဖို့လိုသည်။ မိုင်းတွေထောင်ထားခဲ့မလား၊ ဘယ်အုပ်စုက ထောင်ထားခဲ့မလဲ၊ သတိရှိဖို့လိုပါသည်။