ရှမ်းပြည်နယ်မြောက်ပိုင်း “ပလောင်” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ မီးဘေး အကြီးအကျယ် သင့်ခဲ့သော နမ့်ဆန်မြို့ကို ပညာရှင်များ အကူအညီဖြင့် မြို့ပြစီမံကိန်း (Town Plan) ပြန်လည် ရေးဆွဲမည်ဟု “ပလောင်” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဖွံ့ဖြိုးရေး ဥက္ကဋ္ဌ ဦးမောင်ကျော်က ဧရာဝတီကို ပြောသည်။
“ကျနော်တို့ Town Plan ပြန်ဆွဲရမယ်။ ပညာရှင်တွေနဲ့ Town Plan ပြန်ဆွဲပြီးတော့မှ နေရာချ ထားပေးမယ်။ နေရာချပေးတဲ့ အခါမှာ ဒီလိုနောက်ထပ် မီးလောင်မှု မဖြစ်အောင် လမ်းတွေ ပိုကျယ်သွားအောင် စနစ်တကျ ပြန်လုပ်ပေးမယ်” ဟု ဦးမောင်ကျော်က ဆိုသည်။
နမ့်ဆန်မြို့တွင် ဖေဖော်ဝါရီ ၄ ရက် နေ့လည် ၁ နာရီကျော်က စတင် လောင်ကျွမ်းခဲ့သည့်မီးသည် ဖေဖော်ဝါရီ ၅ ရက် နံနက် ၆ နာရီခန့်မှသာ ငြိမ်းသတ်နိုင်ခဲ့ပြီး ၁၆ နာရီကြာ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၂၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့သည်။
နမ့်ဆန်မြို့ ပြန်လည် ထူထောင်ရေး ကာလသည် အချိန်ကြာမြင့်မည် ဖြစ်ကြောင်းနှင့် လက်ရှိ အချိန်၌ မီးကြွင်းမီးကျန်များကို ငြိမ်းသတ်နေရသေးကြောင်း၊ ကြာမြင့်စွာ မီးလောင်ကျွမ်းခဲ့ရခြင်းသည် နမ့်ဆန်မြို့ရှိ လမ်းများသည် ကျဉ်းမြောင်းသည့်အပြင် မီးသတ်ကားများ အရည်အသွေး မပြည့်ဝမှုကြောင့်လည်း ဖြစ်ကြောင်း ဦးမောင်ကျော်က ပြောသည်။
နမ့်ဆန်မြို့ လူမှုရေးအဖွဲ့ဖြစ်သည့် ကာလဒါနအသင်းမှ ဦးကြားသီက “ကျနော်တို့မြို့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ဆိုတဲ့ အထဲမှာ မြို့ပြစီမံခန့်ခွဲမှုလည်း ပါတယ်။ ကျနော်တို့မြို့က လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ ကတည်းက တည်ထားတဲ့မြို့ မြို့ကကျဉ်းတယ်။ အိမ်တွေက သစ်သားအိမ်တွေ၊ တအိမ်နဲ့တအိမ်ကလည်း ကပ်နေတဲ့အတွက်ကြောင့် ဒါကြောင့် မဖြစ်သင့်တာတွေ ဖြစ်ရတာ။ မြို့ပြစီမံခန့်ခွဲမှုကို အချိန်ယူလုပ်ရင် ကောင်းပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
နမ့်ဆန်မြို့တွင် မီးကြာမြင့်စွာ လောင်ကျွမ်းမှုကြောင့် ရပ်ကွက် ၂ ခု ဖြစ်သည့် မင်္ဂလာရပ်ကွက်နှင့် မြို့လယ်ရပ်ကွက်တို့ ပျက်စီးသွားကြောင်း၊ မီးစတင် လောင်ကျွမ်းသည့် အိမ်ရှင်ကို အမှုဖွင့်ထားကြောင်း နမ့်ဆန်မြို့မ ရဲစခန်းမှ ဒုရဲမှူး မိုးညွှန့်ဦးက ပြောသည်။
“မီး စတင်လောင်ကျွမ်းတဲ့ အိမ်ရှင် မောင်စောခိုင်ကို ကျနော်တို့က ပြစ်မှု (ပ) ၁/၂၀၁၆ ပုဒ်မ ၂၈၅ နဲ့ နောက် တမှုက မူးယစ်ပုဒ်မ ၁/၂၀၁၆၊ မူး/ဆေး ၁၅/၂၅ နဲ့ အရေးယူ ထားပါတယ်။ ပြစ်ဒဏ်က ၂၈၅ ကတော့ အနည်းဆုံး ထောင်ဒဏ် ၃နှစ် ချမှတ်နိုင်ပြီး၊ ငွေဒဏ်လည်း ချမှတ်နိုင်တယ်။ မူးယစ်သုံးစွဲတာ ပေါ်ပေါက်ရင် ထောင်ဒဏ် အနည်းဆုံး ၅ နှစ် ချမှတ်နိုင်ပါတယ်” ဟု ဒုရဲမှူး မိုးညွန့်ဦးက ဆိုသည်
နမ့်ဆန်မြို့သည် ၂၀၁၂ ခုနစ်တွင်လည်း မီးအကြီးအကျယ် မီးလောင်ခဲ့ဖူးသည့် မြို့ ဖြစ်သည်။