အိန္ဒိယနိုင်ငံသား ၂ ဦးကို တင်ဆောင်ကာ ကိုရဲလင်းထွဋ်ဆိုသူ မောင်းလာနှင်လာသော Hilux Surf အမျိုးအစား ယာဉ်အမှတ် 7E – 6294 သည် ပုသိမ်မြို့၊ ဒိုက်ထူကျေးရွာ အနီးရှိ မီးရထားသံလမ်းကို ဖြတ်မောင်းစဉ် ပုသိမ်ဘူတာမှ ထွက်ခွာလာသည့် လော်ကယ်ရထားနှင့် ယနေ့ နေ့လည် ၂ နာရီခွဲဝန်းကျင်က တိုက်မှုဖြစ်ပွားခဲ့သည်။
“ကားမောင်းသူက မီးရထားလာတာကို မမြင်ဘဲ သံလမ်းကိုဖြတ်မောင်းတဲ့အချိန် ရထားနဲ့ တိုက်မိပြီး ပေ ၅၀ လောက် ရထားနဲ့ ချိတ်ပြီးပါသွားတယ်။ ကားဘေးညာခြမ်းတော့ ပိန်ချိုင့်သွားပေမယ့် ကားပေါ်ပါတဲ့ လူတွေကတော့ ဘာမှထိခိုက်ဒဏ်ရာရတာ မရှိပါဘူး”ဟု ပုသိမ်မြို့၊ အမှတ် ၂ ရဲစခန်းမှ တာဝန်မှူး ရဲအုပ် ဝင်းဘိုက ဧရာဝတီကို ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ ပုသိမ်မီးရထားရုံပိုင်ကြီးက တိုင်စာပေးပို့တိုင်တန်းမှု ပြုလုပ်ပါက ယာဉ်မောင်းသူ ကိုရဲလင်းထွဋ်အား အမှုဖွင့်၍ အရေးယူပေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဆလိုင်းသန့်စင်ပေးပို့သည်။