အဖြူရောင်၊ အနက်ရောင် နဲ့ ရွှေဝါရောင် စတဲ့ အရောင်အသွေး အမျိုးအစား စုံလင်လှတဲ့ ကြောင်တွေကို တွေ့နေရပါတယ်။ တချို့ကြောင်တွေက တကောင်နဲ့ တကောင် ဆော့ကစားနေကြပြီး တချို့ကတော့ သူတို့အတွက် ပြုလုပ်ပေးထားတဲ့ ခြင်းငယ်တွေထဲမှာ ဝင်ပြီး အိပ်နေကြတယ်။
အဲဒီမြင်ကွင်းကတော့ ရန်ကုန်မြို့ပေါ်ကနေ မိုင် ၂၀ လောက် အကွာမှာရှိတဲ့ သန်လျင်မြို့နယ် ဘုရားကုန်း ကျေးရွာအုပ်စု၊ ကွမ်းခြံ ကုန်း ကျေးရွာ အတွင်းမှာရှိတဲ့ လေလွင့်ကြောင်တွေနဲ့ ကူသူမဲ့ ကြောင်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားရာ စခန်းမှာ တွေ့မြင် ရ တာဖြစ်ပါတယ်။
အဲဒီ အလျား ၁၅ ပေ၊ အနံ ပေ ၄၀ လောက် ကျယ်ဝန်းတဲ့ အိမ်ထဲက စခန်းမှာ ပိုင်ရှင်ဖြစ်သူတွေက စွန့့်ပစ်ထားတဲ့ ကြောင်တွေ၊ ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာရှိတဲ့ ဘုရားတွေမှာ လာရောက် စွန့့်ပစ်ခံထားရတဲ့ကြောင်တွေ နဲ့ နာမကျန်းဖြစ်နေတဲ့ကြောင် စုစုပေါင်း အကောင် ရေ ၂၃၀ ကျော်ကို ကယ်တင် စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
“သူတို့လေးတွေကို သိပ်ပြီးသနားတယ်။ ချစ်တာထက် သနားမိတဲ့စိတ်က ပိုများတယ်။ အဲဒါကြောင့် ကယ်ထားတာ။ လူတွေက မွေးတုန်းကမွေးပြီး နေမကောင်းဖြစ်လာတာတို့ တခုခုဖြစ်လာပြီဆိုတာနဲ့ ကလေးတွေကို စွန့်ပယ်ချင်လာကြတယ်။ ပြီးတော့ တချို့ကြောင်လေးတွေက ခွေးဆွဲ ခံရတယ်။ တချို့လူတွေက ရက်စက်တယ်။ အရက်ဆိုင်ကို ရောင်းစားကြတယ်။ ချက်စားဖို့ပေါ့။ ဒါကြောင့် ဂျပန်မှာ ရှိတဲ့ ညီမတယောက်နဲ့ တိုင်ပင်ပြီး အခုလိုမျိုး စောင့်ရှောက်မယ့်နေရာကို အကောင်အထည်ဖော်လိုက်တာ”လို့ ကြောင်တွေကို ထိန်းသိမ်း စောင့်ရှောက်ထားသူ ဒေါ်အေးအေးမော် က ပြောပြပါတယ်။
အဆိုပါ လေလွင့်ကြောင် ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းကို ၂၀၁၅ ခုနှစ် အောက်တိုဘာ လက စတင် တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီစခန်း စတင်ဖွင့်လှစ်ခဲ့စဉ်က ဆူးလေစေတီတော်၊ ကျိုက်ဝိုင်းစေတီတော်၊ ဇိနတ်မာန်အောင်စေတီတော် နဲ့ ကျိုက်ခေါက် စေတီတော် စတဲ့ စေတီပုထိုးတွေမှာ လာရောက်စွန့်ပစ်ခံရတဲ့ ကြောင်တွေ အပါအဝင် ဒုက္ခရောက်နေတဲ့ ကြောင် အကောင်ရေ ၅၀ ကျော်ကို ကယ်ဆယ်ခဲ့ပြီး ၄ လအတွင်းမှာ အကောင်ရေ ၁၅၀ ကျော်ကို ထပ်မံ ကယ်တင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အေးအေးမော် က “ဒီနေရာ မဖွင့်ခင်ကတည်းက ဘုရားတွေ အနီးတဝိုက်မှာ သွားလာနေတဲ့ ကြောင်တွေ နဲ့ ခွေးတွေကို အစာ လိုက်ကျွေးတယ်။ အဲဒီလို အစာလိုက်ကျွေးတဲ့အခါမှာ တိရစ္တာန် မချစ်တတ်တဲ့သူတွေနဲ့ အဆင်မပြေတာတွေ ရှိတယ်။ စကားများရ တယ်။ စကားပြောရတယ်။ ပြီးတော့ ကလေးတွေကို ဒုက္ခရောက်နေတဲ့ပုံတွေ မြင်နေရတာ ကျမစိတ်မချမ်းသာဘူူး။ ကိုယ့်အိမ်မှာလည်း ခေါ်ထားဖို့ အဆင်မပြေလို့ သီးသန့်စခန်းတခု ဖွင့်လိုက်တာ”လို့ ရှင်းပြပါတယ်။
လေလွင့်ကြောင် ထိန်းသိမ်း စောင့်ရှောက်ရေးစခန်း ဖွင့်လှစ်ခဲ့တဲ့ ၄ လအတွင်းမှာ တချို့က ဖုန်းဆက်၍ သော်လည်းကောင်း၊ လူ ကိုယ်တိုင် လာ၍သော်လည်းကောင်း ဒုက္ခရောက်နေတဲ့ကြောင်တွေကို လာရောက်အပ်နှံမှုတွေ ရှိတယ်လို့ သိရပါတယ်။
ဒေါ်အေးအေးမော် ဖွင့်လှစ်ထားတဲ့ လေလွင့်ကြောင် ထိန်းသိမ်းရေးစခန်းမှာ ကြောင်အကောင်ရေ ၂၃၀ ကျော် အပြင် လမ်းဘေး လေလွင့်ခွေး ၄ ကောင်ကိုလည်း ခေါ်ယူမွေးစားထားတာ တွေ့ရပါတယ်။
“သူတို့ကိုလည်း သနားတယ်လေ။ ဒါကြောင့် မွေးထားလိုက်တာ။ တချို့ကလေးတွေဆိုရင် တော်ရုံ နို့မှုန့်တိုက်လို့မရဘူး။ Dumex လို နို့မှုန့်တိုက်မှ ရတယ်။ တချို့နို့မှုန့်တွေက တိုက်ရင် ဝမ်းသွားလို့”ဆိုပြီး သူက လေလွင့်ခွေးတွေကို မွေးစားထားတာနဲ့ပတ်သက်လို့ လည်း ပြောပြပါသေးတယ်။
ဒေါ်အေးအေးမော် က သူ နေထိုင်ရာ ရန်ကုန်မြို့ရှိ အိမ်ကနေ သန်လျင်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ လေလွင့်ကြောင် ကယ်ဆယ်ရေး စခန်းကို နေ့စဉ် မနက် ၇ နာရီ အရောက် လာတယ်လို့ သိရပါတယ်။
“ကျမတို့ လူတွေတောင် မနက်မိုးလင်းတာနဲ့ ဗိုက်ဆာတတ်တယ် မဟုတ်လား။ အဲဒီတော့ သူတို့လည်း ဆာမှာပဲ။ တနေ့ ၃ ကြိမ်ကျွေးတယ်။ ကလေးတွေ ကံကောင်းတယ်လို့ ပြောလို့ရမလား မသိဘူး။ ကြောင်စာ ကုန်တာနဲ့ အလှူရှင်တွေ ရောက်ရောက် လာတယ်” လို့ ဒေါ်အေးအေးမော် က ရယ်မောလျက်နဲ့ ပြောပြတယ်။
ဒေါ်အေးအေးမော် အနေနဲ့ ကြောင် ထိန်းသိမ်းရေးစခန်း ကို မနက် ၇ နာရီ ရောက်လာပြီးနောက် ကြောင်တွေကို မနက်စာကျွေးမွေးတာ နဲ့ သူ့ရဲ့ မနက်ခင်းကို ဖြတ်သန်းပါတယ်။
အဲဒီနောက် နေ့လယ် ၁၂ နာရီမှာ နေ့လယ်စာ တကြိမ် နဲ့ ညနေ ၅ နာရီမှာတော့ ညနေစာ ထပ်မံကျွေးပြီး အညစ်အကြေး သန့်စင်ခြင်း နဲ့ ဆေးတိုက်ခြင်း၊ ဆေးထည့်ပေးခြင်းတွေ လုပ်ပေးတယ်လို့ သိရပါတယ်။
သူထိန်းသိမ်း စောင့်ရှောက်ထားတဲ့ ကြောင်တွေရဲ့ ကိစ္စဝိစ္စတွေအားလုံး လုပ်ကိုင်ပေးအပြီး ညနေ ၅ နာရီနောက်ပိုင်းမှ ရန်ကုန်မြို့မှာ ရှိတဲ့ နေအိမ်ကို ပြန်ပါတယ်။
ညအချိန် စခန်းမှာ ကျန်ရစ်ခဲ့တဲ့ကြောင်တွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ အတွက်ကိုတော့ ခြံစောင့်တဦးကို ခေါ်ယူပြီး ညအိပ် စောင့်ရှောက်ဖို့ ငှားထားတယ်လို့ ပြောပါတယ်။
ကြောင်တွေ ရဲ့ ကျန်းမာရေးအတွက်ကိုလည်း အပတ်စဉ် အင်္ဂါနေ့တိုင်း တိရစ္ဆာန်တွေကို ဆေးကုသပေးနေတဲ့ ပရဟိတ ဆရာဝန် အဖွဲ့တချို့က လာရောက်ကြည့်ရှု စစ်ဆေးပေးတယ်လို့ သိရပါတယ်။
သူ ဖွင့်လှစ်ထားတဲ့ ကြောင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းမှာ နာမကျန်းဖြစ်နေတဲ့ ကြောင်တွေကိုတော့ သီးသန့် လှောင်အိမ်တွေ နဲ့ ထားပြီး ဂရုတစိုက် စောင့်ကြည့်နေတာ တွေ့ခဲ့ရပါတယ်။
သန်းမွှားရှိတဲ့ကြောင်တွေနဲ့ အချင်းချင်းရန်ဖြစ်ရာက ကုတ်ခြစ်ဒဏ်ရာ ရတဲ့ကြောင်တွေကိုတော့ သူကိုယ်တိုင် ဆေးထည့်၊ ဆေး လိမ်း ပေးတာလည်း တွေ့ရပါတယ်။
အရင်က မြန်မာနိုင်ငံမှာ ခွေး၊ ကြောင် အစရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို မွေးမြူခြင်းနဲ့ လေလွင့်တိရစ္ဆာန်တွေကို ဂေဟာတွေ၊ စခန်း တွေ ဖွင့်လှစ် စောင့်ရှောက်မှုတွေ မရှိသလောက် နည်းပါးခဲ့ပေမယ့် ၂၀၁၂ နောက်ပိုင်းကစလို့ တိရစ္ဆာန် စောင့်ရှောက်မှုစခန်းတွေ တစထက်တစ များပြားလာပါတယ်။
အဲဒီအပြင် လမ်းဘေးလေလွင့်ခွေး နဲ့ ကြောင်တွေ အတွက် ဆေးကုသပေးတဲ့ ပရဟိတ ဆရာဝန်တွေ၊ ပရဟိတအဖွဲ့တွေလည်း ရှိလာပါပြီ။
လက်ရှိမှာ လေလွင့်ကြောင်တွေကို ကယ်တင်စောင့်ရှောက်ထားတဲ့ ဒေါ်အေးအေးမော် ကတော့ “ကျမ ရဲ့ နောက်ဆုံးထွက်သက် အထိ သူတို့လေးတွေကို စောင့်ရှောက်မယ်။ ကယ်တင်သွားမယ်။ ဒါကျမ ရဲ့ ရည်ရွယ်ချက်ပဲ”လို့ ပြောဆိုပါတယ်။ ။