ပဲခူးတိုင်း အနောက်ခြမ်း ပန်းတောင်မြို့နယ်အတွင်းရှိ ကျေးရွာတချို့၌ ရေနံရှာဖွေရေးနှင့် တိုင်းတာရေး လုပ်ငန်းများလုပ်ကိုင်နေသည့် Alpha Geo ကုမ္ပဏီက ဒေသခံများကို အသိပေးခြင်းရှိပဲ စိုက်ခင်းများအတွင်း ပေ ၆၀နက်သည့် ကျင်းများတူးကာ မိုင်းများအသုံးပြုပြီး စမ်းသပ်ရေနံရှာဖွေနေသည့်အတွက် ဒေသခံများက စိုးရိမ်လျှက်ရှိကြောင်း သတင်းရ သည်။
Alpha Geo ကုမ္ပဏီက ရေနံရှာဖွေရေးနှင့် တိုင်းတာရေး ဝင်ရောက်လုပ်ကိုင်နေသည့် ရွာများမှာ ကျီးတော၊ ထောက်ကြံ့ကုန်း၊ တုံကင်း၊ ကွင်းလှ၊ ကုန်းကလေးနှင့် မြောင်ကျေးရွာ အုပ်စုများအတွင်းဖြစ်သည်။
တုံကင်းကျေးရွာ အုပ်စု ပေပင်ခုံရွာမှ မမွှေးက “တွင်းတွေတူးခဲ့ပြီး မိုင်းတွေထောင်ခဲ့တယ်၊ အခုတောင်သူတွေ မသွားရဲမလာရဲဖြစ်နေရပြီ။ ကျမတို့ကတော့ သီးနှံအတွက် လျော်ခြင်းမလျော်ခြင်းထက် ကိုယ့်အမည်ပေါက် မြေပေါ်မှာ ကိုယ့်ခွင့်ပြုချက်မယူပဲ မိုင်းထောင်ခဲ့တာကို လုံးဝမကျေနပ်တာ။ သီးနှံလျော်ကြေးထက် မိုးတွင်း မြေကျွံရင် ကျမတို့က အသက်နဲ့ ရင်းရအုံးမယ်”ဟုဆိုသည်။
ထိုသို့ ပြုလုပ်မည်ကို တောင်သူများအနေဖြင့် သိရှိခြင်းမရှိကြောင်း ၊ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း တောင်သူများအား ကြိုတင်ရှင်းလင်းပြောပြထားခြင်းမရှိကြောင်း သူက ဆက်ပြောသည်။
အလားတူ ရွာထောင်ရွာမှ တောင်သူဦးတင်လှိုင်က “ပဲခင်းထဲကားတွေနဲ့ စက်တွေနဲ့ ကျင်းတွေတူးနေတယ် ဆိုပြီး သူများလာပြောမှ သွားကြည့်ပြီး ဘာအတွက်တူးတာလဲ ဘာလုပ်တာလဲမေးတော့ တူးနေတဲ့လူတွေက ကျနော်တို့မသိဘူး။ ကျနော်တို့က အလုပ်သမားတွေ တူးဆိုလို့တူးတာ သိချင်ရင် ကုမ္ပဏီ လူကြီးကို သွားမေး လို့ပြောလို့၊ နိုင်ငံခြားသားလူကြီးကိုသွားမေးတော့ သူတို့က ကျေးရွာအုပ်ချုပ်ရေးမှူးပြောပြီး တူးတာတဲ့၊ ပျက်စီး သွားတဲ့ စိုက်ခင်းတွေအတွက် သီးနှံလျော်ကြေးကို နောက်လာမဲ့အဖွဲ့က လာပေးလိမ့် မယ်ဆိုပြီး စကားပြန် နဲ့ပြောပြီးပြန်လွှတ်တယ်”ဟု ဆိုသည်။
Alpha Geo ကုမ္ပဏီအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့ကတည်းက ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ကျေးရွာမြေယာစီမံခန့်ခွဲရေး ကော်မတီဝင်များကို သီးနှံလျော်ကြေးအပါအဝင် တခြားသောကိစ္စရပ်များအတွက် အကြောင်းကြားပြီ ဖြစ်ကြောင်း ရေနံရှာဖွေမှုများ ပြုလုပ်မည်ကို တောင်သူများမသိရှိခြင်းမှာ ကျေးရွာအုပ်ချုပ် ရေးမှူများမှ အသိပေး ပြောကြားရန် ပျက်ကွက်ခဲ့ခြင်း ကြောင့်ဖြစ်သည်ဟု မြေယာစီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင် ဦးသောင်းထွဋ်ကဆိုသည်။
“အုပ်စု ၆ ခုမှာ ရေနံရှာမယ်၊ ပျက်ဆီးသွားတဲ့ သီးနှံလျော်ကြေးတွေကို ကြံခင်းမြို့နယ်မှာ လျော်တဲ့အတိုင်း ပဲခင်းတွေဆိုရင် တတင်း ၆ သောင်းနှုန်း၊ တဧကကို ၂၅ တင်းနှုန်းနဲ့ ၁၅ သိန်းလျော်ပေးမယ်လို့ အစည်းအဝေးမှာ ပြောထားပြီးသား၊ ကုမ္ပဏီဘက်က တောင်သူတဦးချင်းကို လိုက်မပြောနိုင်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို တဆင့်ပြန်ပြောပေးဖို့ အစည်းအဝေးခေါ်ခဲ့တာလေ။ တောင်သူတွေကိုယ်စား အစည်းအဝေးလာတက်ပြီး တောင်သူတွေကို သူတို့က ပြန်ပြောရမှာလေ။ အခုတောင်သူတွေ မသိဘူးဆိုတာ သူတို့မပြောလို့ပေါ့” ဟု ၎င်းက ပြောသည်။
မြန်မာ့ရေနံနှင့် သဘာဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ခံအရာရှိ ဦးအောင်ကျော်ဆန်းကလည်း စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် သီးနှံလျော်ကြေးကို တောင်သူများနှင့် ညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး အတင်းအကျပ် လုပ်ဆောင် မည်မဟုတ်ဟု ဆိုသည်။
Alpha Geo ကုမ္ပဏီမှ ဧရာဝတီတိုင်း မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်တို့ တွင် ရေနံရှာဖွေရန် တိုင်းတာခြင်းလုပ်ငန်းအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၆ ခုနှစ် မေလအထိ လုပ်ကိုင်ခွင့် ကန်ထရိုက် ရရှိထားသော အိန္ဒိယအခြေဆိုက် ကုမ္ပဏီတခုဖြစ်ကြောင်းသိရသည်။