ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန် နှင့် နမ့်ခမ်းမြို့နယ်များအတွင်း ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) တို့ တပ်စခန်း နေရာများနှင့်ပတ်သက်ပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။
TNLA မှ ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက “နမ့်ခမ်းမြို့နယ်မှာတော့ ကျနော်တို့ စခန်းကို သူတို့ လာတိုက်တာ ပါ။ ဖေဖော်ဝါရီ ၇ ရက်က စဖြစ်တယ်။ ကျောက်မဲတို့ ပန်နင် ဘက်တွေကတော့ ကျနော်တို့ သွားထိုးတာပေါ့။ သူတို့လည်း ပြန်ထိုးတယ်။ စခန်းတွေ လုကြ တာပါ”ဟု ဧရာဝတီကို ပြောသည်။
TNLA နှင့် RCSS သည် ဖေဖော်ဝါရီလ ၇ ရက်မှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၉ ရက်တွင် ပစ်ခတ်မှုများ ငြိမ်နေ သော်လည်း စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားသည့် နေရာများမှာ ကျောက်မဲမြို့နယ် ရှိ ညောင်မောင်းကျေးရွာ၊ တော့စန် ကျေးရွာ၊ နမ့်ဆန် မြို့နယ် ပန်နင်ကျေးရွာ၊ နမ့်ခမ်းမြို့နယ် လောနော် ကျေးရွာများတွင် ဖြစ်သည်။
အဆိုပါ နေရာများသည် TNLA ၏ တပ်မဟာ (၂) နှင့် တပ်မဟာ (၃) အခြေစိုက်ရာ နေရာများဖြစ်ပြီး RCSS က အနီးတဝိုက် တောင် ကုန်း များတွင် အခြေစိုက်စခန်းများ ပြုလုပ်လာသဖြင့် TNLA မှ စတင် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက ပြော သည်။
တိုက်ပွဲအကြိမ်ရေ ၅ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး TNLA ဘက်မှ တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့သည်ဟုလည်း ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက ဆိုသည်။
“ကျနော်တို့ ဒေသမှာ RCSSက တပ်စခန်းတွေ လာချထားတယ်။ ဒါတွေက ကျနော်တို့နေရာကို ကျူးကျော်တာပဲ။ သူတို့ တပ်လာချတဲ့ နေရာတွေက ပလောင်ရွာတွေချည်းပဲ။ ဒါ့ကြောင့် ကျနော်တို့ ပြန်တိုက်ထုတ်တာပါ”ဟု ၎င်းက ဆက်ပြောသည်။
RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှကမူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်၊ နမ့်ဆန် မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်များအတွင်း RCSSမှ တပ်စခန်းများ ချထားသည်မှာ လာရောက် ကျူးကျော်ခြင်း မဟုတ်ဘဲ ရှေ့တန်းတွင် TNLA နှင့် တိုက်ပွဲဖြစ် နေသည့် RCSS အဖွဲ့များကို နောက်တန်းမှ စစ်အင်အား ကူရန် တပ်စခန်းများ ချထားခြင်း ဖြစ်သည်ဟု ပြောသည်။
ကျောက်မဲမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်များအတွင်း RCSS မှ တပ်အခိုင်အမာ မချထားသော်လည်း လှုပ်ရှားတပ်ဖွဲ့များ ယခင် ကတည်း က ရှိပြီး TNLA တပ်ဖွဲ့များနှင့် အတူယှဉ်တွဲ နေထိုင်ဖူးကြောင်း၊ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ထိုးပြီးနောက်မှ စ၍ TNLA နှင့် မပြေလည်တော့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ဗိုလ်မှူးကြီး စိုင်းလှက “ကျနော်တို့နေတဲ့ တောင်ကုန်းတွေ၊ တပ်စွဲထားတဲ့ တောင်ကုန်းတွေကို TNLAက အင်အားနဲ့ လာဝင်တိုက် တာပါ။ သူတို့ရဲ့ မဟာမိတ် တပ်ဖွဲ့တွေလည်း ပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။
ဆက်လက်၍လည်း“ကျနော်တို့ တောင်ကုန်းကို ထိုးတက်တာ မရတော့ ပြန်ဆုတ်သွားတယ်။ ရွာတွေမှာ ရှိနေတဲ့ အိမ်တွေကို TNLA က မီးရှို့တယ်။ ရွာသားတွေကို ဖမ်းဆီးသွားတယ်။ ရွာသားတွေကို ကူပြောပေးတဲ့ ဘုန်းကြီးကိုလည်း ဖမ်းသွားပါတယ်”ဟု ၎င်းက ပြောပြသည်။
RCSS ဘက်မှ TNLA တပ်သား ၈ ယောက်ကို ဖမ်းမိထားသော်လည်း ပြန်လွှတ်လိုက်ပြီး ဖြစ်သည်ဟုလည်း သိရသည်။
TNLA မှ ဗိုလ်မှူးချုပ် တားဂျုတ်ဂျားက တိုက်ပွဲဖြစ်ပွားရာ နေရာများသည် ပလောင်ရွာများဖြစ်ပြီး ရှမ်းရွာများကို မီးရှို့ခြင်း၊ ရှမ်းဒေသ ခံများကို ဖမ်းဆီးထားခြင်းမရှိကြောင်း ငြင်းဆိုပြီး RCSS တပ်ဖွဲ့ဝင် ၅ ဦးကိုသာ ဖမ်းဆီးထားသည်ဟု ပြောသည်။
TNLA နှင့် RCSS သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ စ၍ RCSS သည် ရှမ်းပြည် တောင်ပိုင်းတပ်ဖွဲ့တခုဖြစ်ပြီး မြောက်ပိုင်းသို့ ကျူးကျော်လာခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲများ ရပ်တန့်ရန် ရှမ်းပြည်မြောက်ပိုင်းမှ ပြန်လည်ထွက်ခွာ သွားစေ လိုကြောင်း ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက ပြောဆိုထား သည်။
RCSS မှ ဗိုလ်မှူးကြီး စိုင်းလှကလည်း ၎င်းတို့ အနေဖြင့် တိုင်းရင်းသား တပ်ဖွဲ့များ အချင်းချင်း အတူတကွ ယှဉ်တွဲနေထိုင်ရန် ညှိနှိုင်း လိုသည်ဟု ပြောသည်။
နှစ်ဖက်တပ်ဖွဲ့များအကြား တပ်စခန်း နေရာ ကိစ္စများ၊ တိုက်ပွဲဖြစ်ပွားရခြင်း အကြောင်းအရင်းများ အပေါ် အပြန်အလှန် အငြင်းပွားမှုများ ရှိနေကြောင်းလည်း သိရသည်။
RCSS က ပလောင် တိုင်းရင်းသားများကို ဖမ်းဆီးနှိပ်စက်ခြင်းများ ရှိသည်ဟု TNLAက ပြောဆိုသကဲ့သို့ RCSS ကလည်း TNLAက ရှမ်း တိုင်းရင်းသားများကို ဖမ်းဆီးခြင်းများ ရှိသည်ဟု ပြောဆိုမှုများလည်း ရှိသည်။
တိုင်းရင်းသားတပ်ဖွဲ့နှစ်ဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ TNLA နှင့် RCSS တို့ အကြား ညှိနှိုင်းမှုများ ပြုလုပ်ရန် ၂၀၁၅ ခုနှစ်အတွင်းက အစီအစဉ်များ ပြုလုပ်ခဲ့သော်လည်း တွေ့ဆုံနိုင်သည့် အခြေအနေ မရှိသေးပါ။
RCSS သည် အစိုးရနှင့် NCA လက်မှတ်ထိုထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း လွယ် တိုင်းလျန်း ဒေသတွင် အခြေစိုက်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲ မြို့နယ် နှင့် နမ့်ခမ်း မြို့နယ်များတွင် လှုပ်ရှားသည်ဟု သိရသည်။
TNLA သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပြီး သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ပါဝင်ခဲ့သော်လည်း သဘောတူညီချက် တစုံတရာ ပြုလုပ်ထားခြင်း မရှိသေးပါ။
TNLA သည် တပ်မတော်နှင့်လည်း တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ အတွင်း တပ်မတော် နှင့် ၁၄ ကြိမ်၊ RCSS နှင့် ၄ ကြိမ် တိုက်ပွဲများ ဖြစ်ပွားထားသည်။
TNLA အနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်သည့် ကချင် လွတ် လပ်ရေး တပ် မတော် (KIA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) ၊ ရကိ္ခုင့် တပ်မတော် (AA) ၊ ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့နှင့်လည်း မဟာမိတ် ဖြစ်သည်။