ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သည့် လွှတ်တော်အစည်းအဝေးများ စတင်ချိန်တွင် သတင်းမီဒီယာများ၏ သတင်အချက်အလက်ရယူ မေးမြန်းခြင်းအပေါ် စည်းမျဉ်းများထုတ်ပြန်ကာ တင်းတင်းကြပ်ကြပ် ပြုလုပ်လာခဲ့သည်။
လွှတ်တော်ခန်းမဆောင်များအတွင်း အင်တာဗျူး မပြုလုပ်ရ နေရာများ သတ်မှတ်ခြင်း၊ ဘေးအစွန် ၂ ဘက်တွင်သာ သတင်းဓာတ်ပုံ၊ မှတ်တမ်းယူရန် စာများကပ်ကာ နေရာသတ်မှတ်ခြင်း၊ အကားအရံချထားပြီး ကန့်သတ်ထားသည့်နေရာအတွင်းတွင်သာ အင်တာဗျူးများ ပြုလုပ်ရန် နေရာသတ်မှတ် ထားခြင်းတို့ကို ပြုလုပ်ထားခြင်းဖြစ်သည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးစတင်သည့် ပထမနေ့တွင်ပင် မည်သည့် သတင်းမှတ်တမ်းမျှ ရယူခြင်းမရှိဘဲ ရပ်ကြည့်နေသည့် သတင်းသမားအချို့ကို သတ်မှတ်နေရာတွင်သာ သွားနေရန် လုံခြုံရေးဝန်ထမ်းတဦးက ပြောဆိုနေခြင်းကိုလည်း ကြုံတွေ့ခဲ့ရသည်။
လုံခြုံရေးဝန်ထမ်းတဦးက “ဒီကိုလာတာ သတင်းယူဖို့လာတာ မဟုတ်လား၊ အဲ့ဒါဆို နေရာသတ်မှတ်ထားတယ်၊ အဲ့မှာပဲ သွားနေပါ၊ စည်းကမ်းအရ သတ်မှတ်ထားတာပါ” လို့ ရပ်ကြည့်နေသည့် သတင်းသမားများကို ပြောကြားခဲ့သည်။
ယင်းသို့ သတင်းရယူရေးအတွက် နေရာကန့်သတ်မှုများကြောင့် သတင်းမီဒီယာ အားလုံးနီးပါးအနေဖြင့် အင်တာဗျူးမေးမြန်းမည့် ကိုယ်စားလှယ်အား သတ်မှတ်နေရာသို့ ခေါ်ဆောင်လာပြီးမှသာ မေးမြန်းခြင်းများပြုလုပ်နေရသည့်အတွက် သတင်းရယူရာတွင် အဆင်ပြေမှုမရှိကြောင်း ပြောကြသည်။
သတင်းမီဒီယာများ သတင်းရယူရေး ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ပြည်ထောင်စုလွှတ်တော်ရုံးမှလည်း ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်ပါအချက်များမှာ ယခင်လွှတ်တော်သက်တမ်းအတွင်း စည်းကမ်းသတ်မှတ်ချက်များထက် ပိုမိုတင်းကြပ်လာကြောင်း လွှတ်တော်သတင်းရယူနေသူများက ပြောသည်။
ဂျပန်နိုင်ငံအခြေစိုက် NHK သတင်းဌာနမှ ကိုသီဟက “လွှတ်တော်မှာ တပ်မတော်သားတွေဘက်ကလည်း ဓာတ်ပုံအပါမခံနိုင်တာ၊ အင်တာဗျူးမဖြေချင်တာတွေရှိတယ်၊ NLD ကိုယ်စားလှယ်တွေလဲ ဒီလိုရှိတာပါပဲ၊ အခုလိုခြံလေးတွေနဲ့ နေရာကန့်သတ်လိုက်တော့ ပြေးချင်တဲ့သူက ပြေးလို့ရသွားတယ်၊ အင်တာဗျူးလုပ်တာတွေကို ကန့်သတ်သလိုဖြစ်နေတယ်၊ ဒါဟာ စည်းကမ်းမဟုတ်ပဲ အလုပ်လုပ်လိုမရအောင် ကန့်သတ်ချက်လိုဖြစ်နေပါတယ်” ဟု သတင်ရယူရသည့် အခြေအနေကို ပြောသည်။
ယခင်လွှတ်တော်သက်တမ်းအတွင်း မီဒီယာများအား လွှတ်တော်စတင်ချိန်တွင် ခန်းမအတွင်းဝင်ခဲ့ပြုခဲ့ပြီး မှတ်တမ်းယူခွင့်ပြုခဲ့ကြောင်း၊ အပေါ်ထပ်အခန်း မှန်အတွင်းမှလည်း တပ်မတော်ကိုယ်စားလှယ်တဦး၏ မဲပေးခလုတ် ၂ ခုနှိပ်နေသည့် ဓာတ်ပုံများထွက်ပေါ်လာပြီး နောက် ကန့်သတ်မှုများရှိခဲ့ကြောင်း လွှတ်တော်သတင်းထောက်များက ပြောသည်။
ကြေညာချက်ပါအချက်တချက်ဖြစ်သည့် “သတင်းရေးသားဖော်ပြရာတွင် နိုင်ငံတော်နှင့် လွှတ်တော်ဂုဏ်သိက္ခာ မထိခိုက်စေရေး သတင်းမီဒီယာကျင့်ဝတ်နှင့် အညီဆောင်ရွက်ရန်” ဟူသောစကားရပ်နှင့်ပတ်သက်၍ လွှတ်တော်ဂုဏ်သိက္ခာ မထိခိုက်စေရေးမှာ လွှတ်တော်တွင်းမှ ပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်ပြီး မီဒီယာအနေဖြင့့် ကျင့်ဝတ်နှင့်အညီရေးသားတင်ပြရန်သာ တာဝန်ရှိကြောင်း မြန်မာဂျာနယ်လစ်ကွန်ယက် (MJN) က ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ကာ တုံ့ပြန့်ရှင်းလင်းခဲ့သည်။
ဒီမိုကရေစီစနစ်အရ လွှတ်တော်(ဥပဒေပြုရေး)၊ အစိုးရ(အုပ်ချုပ်ရေး)၊ တရားစီရင်ရေးနှင့် စတုတ္ထမဏ္ဍိုင်တို့မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပခုံးတပြေးညီ ထမ်းဆောင်နေသည်ဖြစ်၍ သတင်းမီဒီယာများအား တဆင့်နှိမ့်သတ်မှတ်သည့်သဘော သက်ရောက်သည့် စည်းကမ်းချက်များ ထုတ်ပြန်ခြင်းကို လက်မခံနိုင်ကြောင်း MJN က သဘောထား ထုတ်ပြန်ခဲ့သည်။
MJN အတွင်းရေးမှူး ကိုဇေယျာလှိုင်က “လက်ရှိအခြေအနေက သတင်းလွတ်လပ်ခွင့်အရကြည့်ရင် မကောင်းတဲ့အခြေအနေပါပဲ။ ငါတို့လုပ်မှ ပြောင်းလဲမယ်၊ တိတ်တိတ်နေဆိုတာမျိုးကတော့ အာဏာရှင် ဆန်ပါတယ်” ဟု NLD ရဲ့ မီဒီယာကန့်သတ်ချက်တွေအပေါ် ဝေဖန်ထောက်ပြခဲ့သည်။
လွှတ်တော်တွင်း စည်းကမ်းချက်များ ထုတ်ပြန်ခဲ့ခြင်းနှင့်ပတ်သက်၍ သတင်းမီဒီယာများအနေဖြင့် ကိုယ်စားလှယ်များ လက်မှတ်ရေးထိုး သည့် နေရာတဝိုက်တွင် အနီးကပ် ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ကူးခြင်းများကြောင့် အချို့မှာ စိတ်အနှောက်အယှက်ဖြစ်ရသည့်အတွက် ယခုကဲ့သို့ စည်းကမ်းထုတ်ပြန်ရခြင်းဖြစ်ပြီး ကိုယ်စားလှယ်များအနှောက်အယှက်မဖြစ်ရေးနှင့် သတင်းရယူရာတွင် အဆင်ပြေရေးအတွက်လည်း နေရာများသတ်မှတ်ပေးထားကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးမှ ညွန်ကြားရေးမှူး ဦးနေဝင်းက ရှင်းပြသည်။
ဦးနေဝင်းက “ပြီးခဲ့တဲ့ရက်က မီဒီယာတွေ ရှေ့ ပိတ်ဆို့နေလို့ နည်းနည်း အခက်အခဲ ဖြစ်ခဲ့တယ်၊ နောက် စာရင်းပေးထားတဲ့ မီဒီယာအရေအတွက်ကလည်း လွှတ်တော်ကိုယ်စာလှယ်ဦးရေထက် များနေပါတယ်၊ အဲ့အတွက် ဒေါ်အောင်တန်းစုကြည်ကိုယ်တိုင်က နည်းနည်း စိစစ်ပေးဖို့ပြောလာတဲ့အတွက် သတ်မှတ်ချက်လေးတွေ ထုတ်ပြန်လိုက်တာပါ ”ဟု ပြောသည်။
ယခုထုတ်ပြန်ခဲ့သည့် စည်းကမ်းချက်များမှာလည်း ယခင်လွှတ်တော်သက်တမ်းကတည်းက ရှိပြီးသားစည်းမျဉ်းများသားဖြစ်ပြီး လွှတ်တော်တွင်း ယာဉ်ဝင်ခွင့်၊ ခန်းမအတွင်း ဓာတ်ပုံမှတ်တမ်းရယူခွင့်များမှာ လွှတ်တော်အကြီးအမှူးများ၏ ခွင့်ပြုချက်ဖြင့် ခွင့်ပြုခဲ့ခြင်းသာ ဖြစ်ပြီး လက်ရှိအနေဖြင့် အသစ်ဖြစ်လာသည့် လွှတ်တော်အကြီးအမှူးမျာ၏ ညွန်ကြားချက်ဖြင့်သာ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဦးနေဝင်းက ဆိုသည်၊
NLD အနေဖြင့် ပါတီဝင်များ၏ ပြောရေးဆိုခွင့်နှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲကာလကတည်းက ထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ်ထားခဲ့ပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့၏ မီဒီယာကို ထုတ်ဖော်ရာတွင် ပြဿနာအနည်းငယ်ရှိခဲ့သည့်နောက်ပိုင်း ပါတီဥက္ကဌဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကသာ ပါတီ၏ မူဝါဒ လုပ်ငန်းစဉ်များကို တရားဝင်ပြောရေးဆိုခွင့်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းအတွက် မီဒီယာများအနေဖြင့် သတင်းအချက်အလက်ရယူရာတွင် တာဝန်ယူဖြေကြားမည့်သူ မရှိသည့် အခက်အခဲ ကြုံတွေ့နေရပြီး မျက်နှာသာပေးသည့် သတင်းဌာနသာ သတင်းရယူနိုင်ခွင့်ရှိသည့် အခြေအနေကိုလည်း ကြုံတွေ့ရသည်။
ယင်းသို့ကန့်သတ်ချက်များအပေါ် NLD ပါတီက လက်ရှိအချိန်မှာ အကူးအပြောင်းကာလဖြစ်သည့်အတွက် ကိုယ်စားလှယ်များနှင့် ပါတီဝင်များ၏ ပြောရေးဆိုခွင့်ကို ထိန်းချုပ်ရခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားထားမှုများလည်း ရှိသည်။
NLD ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က “အခုချိန်က အရေးကြီးတဲ့ အချိန်ဖြစ်တဲ့အတွက် အားလုံးထိန်းထိန်းသိမ်းသိမ်း ဖြစ်အောင် ဥက္ကဌကြီးကိုယ်တိုင်က လုပ်ဆောင်နေတာပဲဖြစ်ပါတယ်၊ နောက်ပိုင်းတော့ ဒါတွေက ပြောင်းလဲလာနိုင်ပါတယ်”ဟု ပြောရေးဆိုခွင့်နှင့်ပတ်သက်ပြီး ရှင်းပြသည်။
ဒီမိုကရေစီလက်ထက်တွင် သတင်းလွတ်လပ်ခွင့်ကို မျှော်လင့်ခဲ့ကြသော်လည်း လက်ရှိကြုံတွေ့နေရသည့် လွှတ်တော်အတွင်း သတင်းယူခြင်း အခြေအနေများမှာ ယခင်လွှတ်တော်သက်တမ်း ထိန်းချုပ်ကန့်သတ်မှုထက်ပင် ပိုဆိုးလာကြောင်းလည်း သတင်းမီဒီယာများက ဝေဖန်လျက်ရှိသည်။
သတင်းမီဒီယာများအနေဖြင့် ပြည်သူ့ဆန္ဒမဲဖြင့် လွှတ်တော်ထဲရောက်လာသည့် ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များအပေါ် စောင့်ကြည့်သတင်းရေးသားရန် တာဝန်များကို ကျင့်ဝတ်များနှင့်အညီ ရေးသားဖော်ပြရန်သာဖြစ်ပြီး ကျင့်ဝတ်နှင့်မညီသည့် သတင်မီဒီယာများအပေါ် အရေးယူဆောင်ရွက်ရန်လည်း ဥပဒေများပြဌာန်းထားပြီဖြစ်သည်။
မဲဆန္ဒရှင်ပြည်သူတဦးအနေဖြင့်လည်း မိမိဆန္ဒမဲပေးလိုက်သည့် ကိုယ်စားလှယ်များ၏ လုပ်ဆောင်မှုများကို သိရှိလိုပြီး လွတ်လပ် ပွင့်လင်းမြင်သာမှု မရှိသည်ကို လက်မခံကြောင်းနှင့် ကိုယ်စားလှယ်များကို စောင့်ကြည့်နေမည်သာဖြစ်ကြောင်း ကော့မှူးမြို့နယ်တွင် နေထိုင်သူ ဦးသန်းဝင်းက ပြောသည်။
လက်ရှိ သတင်းရယူခွင့်အခြေအနေများနှင့် ပတ်သက်၍ MJN အတွင်းရေးမှူးဖြစ်သူ ဦးဇေယျာလှိုင်က “ဒီမိုကရေစီလို ဆိုရာမှာ လွတ်လပ်တဲ့ မီဒီယာတွေ မရှိလို့ မရပါဘူး၊ ဒါကို နိုင်ငံရေးသမားတွေ မမေ့ဖို့လိုပါတယ်” ဟု သတိပေးခဲ့သည်။