မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ အထီးကျန်ပိတ်ဆို့ထားခဲ့သည်များကို အမေရိကန်နိုင်ငံက လွန်ခဲ့သော ၃ နှစ်မှ စ၍ အဆုံး သတ်ခဲ့ပြီး သံတမန်ဆက်ဆံရေးကို အပြည့်အဝပြန်လည်ထူထောင်ခဲ့သည်။ အမေရိကန်က ထိုအချိန်မှစ၍ ၁၉၉၀ ခုနှစ် ကထဲက ခန့်ထား ခြင်း မရှိခဲ့သည့် သံအမတ်ကြီးတဦးကို ပြန်လည်ခန့်အပ်ခဲ့ပြီး ကာလရှည်ကြာစွာ ချမှတ်ထားခဲ့သော စီးပွားရေး ပိတ်ဆို့ အရေး ယူမှုများကို ပယ်ဖျက်ပေးခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် စစ်တပ်ချင်း အကန့် အသတ်ဖြင့် ဆက်ဆံရေးများ ပိုမိုလုပ်ကိုင်နိုင်ရန်အတွက် ဥပဒေများကိုလည်း ပြင်ဆင်ပေးခဲ့သည်။
အဆိုပါမူဝါဒများ အကောင်အထည်ဖော်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသော စကော့မာရှယ်သည် အမေ ရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။ ၂၀၁၃ ခုနှစ်မှ စ၍ ထိုတာဝန်ကို ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း မတိုင်မီက အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ကြီး အဖြစ် ၃ နှစ်ကြာတာဝန် ထမ်းဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလဆန်းပိုင်းက လာရောက်ခဲ့စဉ်အတွင်း ဧရာဝတီမှ Feliz Solomon နှင့် တွေ့ဆုံ မေးမြန်းခဲ့ရာ စကော့မာရှယ်က အမေရိကန် အစိုးရနှင့် မြန်မာအစိုးရတို့ကြားမှ ဆက်ဆံရေး အခြေအနေနှင့် အနာဂတ် အမေရိကန်-မြန်မာ မူဝါဒများ အကြောင်းကိုပြောပြခဲ့ပါသည်။
မေး။ ။ အခု ခရီးစဉ်အတွင်းမှာ ဘာတွေလုပ်ခဲ့တယ်။ ဘယ်တွေသွားခဲ့တယ်ဆိုတာ နည်းနည်းပြောပြပေးပါလား။
ဖြေ။ ။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ကျနော်က အရှေ့တောင်အာရှကို တာဝန်ယူထားရပါတယ်။ ဒါကြောင့် ပုံမှန် အား ဖြင့် အရှေ့တောင်အာရှ နိုင်ငံတွေ အားလုံးကို ခရီးတွေ အများကြီးသွားရပါတယ်။ ဒီဒေသအတွင်းမှာ ဘာတွေ ဖြစ် နေ တယ် ဆိုတာကို ကြည့်ဖို့သက်သက် အတွက်ပါ ဘာကြောင့်လည်းဆိုတော့ အမေရိကန် နိုင်ငံရဲ့ မူဝါဒအတိုင်း ကျနော်လုပ် လို့ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၄ ရက်က ကျနော်တို့ နေပြည်တော်ကို သွားခဲ့ပါတယ်။ အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အများဆုံး တွေ့ခဲ့ပါတယ်။ အဲဒီနောက် ကျနော်တို့ ရှမ်းပြည်နယ်ကို သွားခဲ့ပါတယ်။ ကျနော့် အတွက်တော့ ဒါက အသုံးဝင်ပါတယ်။
ခင်ဗျား သိတဲ့အတိုင်း ပုံမှန်ဆိုရင် ရန်ကုန်နဲ့ နေပြည်တော်ပဲလေ။ အဲဒါက ဘာလဲဆိုတာသိဖို့ သက်သက်ပဲ အသုံးဝင်ပါတယ်။ ဝါရှင်တန်ကို သွားတယ်။ အမေရိကန်နိုင်ငံကို သိတယ်လို့ ခင်ဗျားတွေးတယ်။ အဲဒီလို မျိုးပါပဲ။ ဒါကြောင့် ခုလိုသွားတာက နေရာတခုကို ကြည့်ဖို့နဲ့ အဲဒီနေရာ အကြောင်းသိနိုင်ဖို့ အသုံးဝင်ပါတယ်။ သံအမတ်ကြီးကလည်း အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ရဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ သိချင်တယ်။ ကြည့်ချင်တယ်။ ကျနော်တို့ တောင်ကြီးမြို့နဲ့ တောင်ကြီးမြို့ပြင်က နေရာတချို့ကို သွားရောက်ခဲ့ပါတယ်။
မေး။ ။ အမေရိကန် သံအမတ်ကြီးအဖြစ် အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် အထိလုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုလုပ်ခဲ့တာက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ခင်ဗျားရဲ့ ရေရှည်အမြင် အပေါ်မှာဘယ်လို အထောက်အကူ ဖြစ်ပါသလဲ။
ဖြေ။ ။ ကောင်းပါပြီ။ ပထမဆုံး အနေနဲ့ ပြောရရင်တော့ ဒီနိုင်ငံ ၂ ခုဟာ အလွန်ကို ကွဲပြားခြားနားတဲ့ နေရာတွေဖြစ်ပါ တယ်။ ကျနော်တို့ စဉ်းစားနေတဲ့ နှိုင်းယှဉ်ရမယ့် အချက်တွေရှိပါတယ်။ ဥပမာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ စစ်တပ် က နိုင်ငံရေးကနေထွက်ခွာဖို့ လှုပ်ရှားမှုနဲ့ ခွဲခြားဆက်ဆံရေးဝါဒကို ဖြေရှင်းခြင်းတွေ ဖြစ်ပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကျနော် အများကြီး မသိသေးပါဘူး။ ဒါကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ လုပ်ခဲ့သလို အတိအကျလုပ်ရမယ်လို့ ကျနော်မပြော နိုင်ပါဘူး။ တချို့ကိစ္စတွေမှာ အလုပ်ဖြစ်ပေမယ့် တချို့ ကိစ္စတွေမှာ အလုပ်မဖြစ်တာ ခင်ဗျားတို့လည်း မြင်နိုင်ပါတယ်။
မေး။ ။ အမေရိကန် နိုင်ငံက ဒဏ်ခတ်အရေးယူမှုတွေကို စောစောစီးစီး ရုပ်သိမ်းခဲ့တယ်လို့ မြန်မာ့အရေး လေ့လာစောင့် ကြည့်သူ အချို့က ဝေဖန်ခဲ့ကြပါတယ်။ ဒဏ်ခတ်အရေးယူမှုတွေကို ဖယ်ရှားခဲ့တာက အောင်မြင်မှုရခဲ့ပါသလား။
ဖြေ။ ။ အုပ်ချုပ်ရေးဆိုင်ရာ အမြင်ကနေ ကျနော်တို့ ကြည့်ခဲ့တာက ဒီနေရာဟာ ၁၉၆၂ ခုနှစ်က စလို့ နှစ် ပေါင်း ၆၀ အတွင်း ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို ကျနော်တို့သိပါတယ်။ တံခါးဖွင့်လာတဲ့ အခါမှာ ဒီနိုင်ငံရဲ့ အခွင့်အရေးက ပိုမိုကောင်းမွန်တဲ့ လားရာတခုကို ရွေ့သွားဖို့ပါ။ ဒါကို အားပေးဖို့အတွက် ကျနော်တို့ လုပ်နိုင်တာတွေအားလုံး လုပ်ဖို့ အရေး ကြီးတယ်လို့ ကျနော်တို့ တွေးခဲ့ကြပါတယ်။ ပထမဆုံး နေ့ကထဲက ဒီမူဝါဒကိုပဲ ကျနော်တို့ ကျင့်သုံးပါတယ်။ အပေါင်း လက္ခဏာဆောင်တဲ့ တိုးတက်မှုတွေကို တုန့်ပြန်မှုတခုအနေနဲ့ ဒဏ်ခတ်အရေးယူမှု အတော်များများကို ကျနော်တို့ လျှော့ ပေါ့ပေးခဲ့ပါတယ်။ လုပ်သင့်တာကို လုပ်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံက ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ အစိုးရ စစ်တပ်က တိုင်းရင်းသား လူနည်းစုလက်နက်ကိုင် အဖွဲ့တွေကို ဆက်တိုက်တိုက်ခိုက်နေတယ် ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေပါတယ်။ အထူး သဖြင့် ကချင်ပြည်နယ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်ချင်းဆက်ဆံရေးလုပ်တာ စောလွန်းတယ်။ အန္တရာယ်တောင် ရှိ နိုင်တယ် ဆိုတဲ့ ဝေဖန်မှုတွေကို အမေရိကန်ပြည်ထောင်စုက ဘယ်လိုတုန့်ပြန်ချင်ပါသလဲ။
ဖြေ။ ။ ကျနော့်မှာ ပြောစရာ ၂ ခုရှိပါတယ်။ ပထမ အချက်ကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးက မြန်မာနိုင်ငံရဲ့ အောင်မြင်မှုအတွက် အလွန်အရေးကြီးတယ်ဆိုတာ ထင်ရှားပါတယ်။ ကျနော်တို့ အများကြီး ထောက်ခံပေးနေတဲ့ အရာလည်းဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က အစိုးရနဲ့ ဒီကိစ္စမှာ ပါဝင်သူအားလုံးကို ဆက်တိုက်တွန်းနေပါတယ်။ တကယ်လို့ မတော်တဆမှုတွေရှိခဲ့တယ် ဆိုရင် အဲဒီ မတော်တဆမှုတွေကို ထဲထဲဝင်ဝင်လေ့လာဖို့၊ စုံစမ်း ဖော်ထုတ်ဖို့နဲ့ နောက်ထပ် မဖြစ်ပွားရအောင် တားဆီးကာကွယ်ဖို့ တိုက်တွန်းနေပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ပြောဆို ဆွေးနွေးမှုကို လည်း ဆက်လုပ်နေရမှာ ဖြစ်ပါတယ်။
စစ်တပ်ချင်း ဆက်ဆံရေးကတော့ အမေရိကန်စစ်တပ်နဲ့ မြန်မာရဲ့ ဆက်ဆံရေးက အနည်းငယ်ပဲ ဖြစ်ပေါ်ပါသေးတယ်။ တချို့ရဲ့ အမြင်မှာတော့ တော်တော်များတယ်လို့ ထင်နေပုံရပါတယ်။ ဒါပေမယ့် အလွန်နည်းတဲ့ ပမာဏ လောက်ပဲ ဖြစ်ပေါ် နေပါသေးတယ်။ ဖြစ်ပေါ်လာနေသမျှကလည်း ပြုပြင်ပြောင်းလဲရေးမှာ စစ်တပ်ချင်းကူညီဖို့၊ မြန်မာစစ်တပ်ကို ဒီမိုကရေစီ နိုင်ငံတခုနဲ့ ပိုပြီးသင့်လျော်တဲ့ တပ်မတော်တခုဖြစ်လာစေဖို့ ရည်ရွယ်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။
မေး။ ။ ဆက်သွယ်ဆောင်ရွက်မှုရဲ့ အစောဆုံး အခြေအနေဆိုတာ သိပါတယ်။ ဒါပေမယ့် တိုးတက်မှု အရိပ်အယောင် တစုံတရာ တွေ့ရပါသလား။
ဖြေ။ ။ ရိုးသားစွာ ပြောရရင် ကျနော် မသိပါဘူး။ ဒါကို မြန်မာစစ်တပ် အတွင်းမှာ ဖြစ်ပေါ်လာတာတွေက အဓိကမောင်းနှင်ပေးတဲ့ လမ်း ကြောင်းပေါ်ကို ပို့ဆောင်ပေးရမယ်လို့ ကျနော်ထင်ပါတယ်။ ဆက်သွယ်ဆောင်ရွက်မှု တချို့ရှိခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ စစ်တပ်ကို အရပ်ဖက်က ထိန်းချုပ်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို သင်တန်းပေး သလိုမျိုး မှန်ကန်တဲ့ ဆောင်ရွက်မှုတွေဖြစ်ပါတယ်။ ဒါက စစ်တပ်အတွင်း ပြုပြင်ပြောင်းလဲရေးကို အားပေးတဲ့ ရေရှည် လုပ်ငန်းစဉ်မှာ အကူအညီဖြစ်စေနိုင်ပါတယ်။ ကျနော်ဒါကို ချဲ့ကားမပြောပါဘူး။ သင်တန်း အနည်းငယ်ပေးရုံလောက်နဲ့ စိတ်လှုပ်ရှားစရာ အသွင်ကူးပြောင်းရေး တခုချက်ချင်းဖြစ်လာရမယ်လို့ ကျနော်မပြောပါဘူး။ ဒါပေမယ့် အဓိက အချက်က အလွန်သေးငယ်တဲ့ ပမာဏလောက်ပဲ ဖြစ်ပေါ်နေတာပါ။ ထူးခြားကြီးမားတဲ့ စစ်တပ်ချင်း ဆက်ဆံရေး မဟုတ်ပါဘူး။
မေး။ ။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြဿနာတခုရှိခဲ့ပါတယ်။ (အစိုးရ စစ် တပ်က စခန်းချထားတယ်လို့ သိရတဲ့ နေရာတဝိုက်မှာ အမျိုးသမီးငယ် ၂ဦး အသတ်ခံခဲ့ရပြီး မတရားပြုကျင့်တာလည်း ခံခဲ့ရတယ်လို့ ယူဆရပါတယ်။ အစိုးရက ဦးဆောင်ပြီးတော့ စုံစမ်းစစ်ဆေးမှုလဲ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။) အစိုးရ တပ်က ပိုင်တဲ့ သတင်းစာက ဒီအမှုမှာ စစ်တပ်က ပါဝင်ပတ်သက်ခြင်းမရှိဘူး။ စုံစမ်းစစ်ဆေးပြီးရင် အပြစ်ကျူးလွန်သူ ကို ဥပဒေအရ အရေးယူ အပြစ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။
ဖြေ။ ။ ပထမဆုံးပြောချင်တာက ဒီနေရာမှ မဟုတ်ပါဘူး။ ဘယ်နေရာမှာဖြစ်ဖြစ် ပြစ်ဒဏ်က ကင်းလွတ်ခွင့်ပြုတာဟာ ကောင်းတဲ့ အရာတခု မဟုတ်သလို တာဝန်ယူမှုကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒါက ဒီဒေသအတွင်းမှာ အထူးသဖြင့် ဒီနေရာမှာ ကျနော်တို့ ပေးချင်တဲ့ သတင်းစကားဖြစ်ပါတယ်။ ဒီလို ကြောက်မက်ဖွယ်ရာ ကျူးလွန်မှုနဲ့ ပတ်သက်လို့ ယုံကြည်လက်ခံနိုင်လောက်တဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး တရားစီရင်ဖို့ အရေးကြီးကြောင်း ကျနော် တို့ ထုတ်ဖော်ပြောဆိုပြီး တောင်းဆိုခဲ့ပြီး ဖြစ်ပါတယ်။ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်က ကျနော်တို့ ပြောခဲ့ပါတယ်။ ဒါကအရေးကြီးပါတယ်။ အမေရိကန်က တောင်းဆိုနေတာကြောင့် အရေးကြီးတာ မဟုတ်ပါဘူး။ အမှန်တကယ်လုပ်ရမှာ ဖြစ်လို့ အရေးကြီးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယုံကြည်မှုအချို့ကို စတင်တည်ဆောက်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ရှေ့ကိုဆက်သွားနိုင်ဖို့ အားထုတ်မှုရဲ့ တစိတ် တပိုင်းဖြစ်ပါတယ်။ ယုံကြည်မှုရှိဖို့ လိုပါတယ်။ တာဝန်ယူမှုနဲ့ တရားမျှတမှု ရှိဖို့လည်း လိုပါတယ်။
မေး။ ။ ယုံကြည်လက်ခံနိုင်လောက်တဲ့ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ဖို့ အစိုးရနဲ့ ဆွေးနွေးတဲ့ အချိန်မှာ သူတို့က ဘယ်လို တုန့်ပြန်ပါသလဲ။
ဖြေ။ ။ အစိုးရ ကိုယ်စား ကျနော် မပြောချင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ စကားပြောခဲ့တဲ့သူတွေ ဒါကို အသိ အမှတ်ပြုတယ်ဆိုတာ ဖော်ပြခဲ့ကြတယ်လို့ ကျနော်ထင်ပါတယ်။ ဘာတွေဖြစ်လာမယ်ဆိုတာကို ကျနော် ကြိုတင်ခန့် မှန်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ နားထောင်ခဲ့ကြပြီးတော့ လက်ခံခဲ့ကြပါတယ်။
မေး။ ။ ဒေသတွင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် ထိုင်းနိုင်ငံက စစ်အုပ်ချုပ်ရေးနဲ့ ဆက်သွားနေတယ်။ လာမယ့် နှစ်တွေ အတွင်းမှာ မြန်မာနိုင်ငံက အမေရိကန်ပြည်ထောင်စုရဲ့ မိတ်ဆွေအနေနဲ့ အရှေ့တောင်အာရှမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်မယ်လို့ ခန့်မှန်းထားပါသလဲ။
ဖြေ။ ။ ထိုင်းနိုင်ငံမှာ ဘယ်လိုဖြစ်နေနေ ဒီမိုကရေစီကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ရောက်သွားမယ်လို့ ကျနော်တို့ မျှော် လင့်ထားပါတယ်။ ဒါပေမယ့် ကျနော်တို့ မျှော်လင့်တာက ဒီနိုင်ငံနဲ့ ကောင်းမွန်ပြီး ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတခုကို တည်ဆောက်နိုင်မယ် ဆိုတာပါပဲ။ ပူးပေါင်းဆောင်ရွက်ရမယ့် ကျန်းမာရေး၊ စီးပွားရေးနဲ့ ဒေသဆိုင်ရာ ကိစ္စတွေ အများ ကြီး ရှိပါတယ်။
မေး။ ။ ဒါဆိုရင် လာမယ့်ရွေးကောက်ပွဲ မှာ အခက်အခဲက ဘာဖြစ်မလဲ။ တကယ်လို့ သူတို့က ၂၀၁၅ မှာ ရွေးကောက် ပွဲ မလုပ်ဘူးဆိုရင် ဘာတွေဖြစ်လာမလဲ။
ဖြေ။ ။ တိုင်းပြည်အတွက် အခက်အခဲတွေ အများကြီးရှိနေတာ သေချာပါတယ်။ ပြီးခဲ့တဲ့ နှစ် အနည်းငယ်အတွင်းမှာ ပြုပြင်ပြောင်းလဲရေးက အခွင့်အရေးကောင်းတွေ အများကြီးဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့် လုပ်ရမယ့် အလုပ်တွေ အများ ကြီး ကျန်နေသေးတယ်ဆိုတာလည်း မေးနေစရာတောင် မလိုပါဘူး။ ရွေးကောက်ပွဲတွေက ဒါကို မပြီးမြောက်စေနိုင်ပါဘူး။ ဒါပေမယ့် ယုံကြည်လက်ခံနိုင်လောက်တဲ့ ရွေးကောက်ပွဲနဲ့ ပြည်သူတွေရဲ့ ယုံကြည်လက်ခံမှုက နိုင်ငံတကာ ယုံကြည်မှု ပိုမိုရ ရှိလာအောင် တည်ဆောက်ရာမှာ မရှိမဖြစ် လိုအပ်ပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒကို ထုတ်ဖော်ပြသခွင့် ပေးတာဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်သွားဖို့အတွက် သူတို့ကို ယုံကြည်မှုပေးတာလည်း ဖြစ်ပါတယ်။ ယုံကြည်လက်ခံနိုင်စရာ ဖြစ်ပြီး အောင်မြင်တဲ့ ရွေးကောက်ပွဲတွေကို ကျနော်တို့ ကြိုဆိုမယ်ဆိုတာကို ပြောနေစရာတောင် မလိုပါဘူး။ ဒီလိုဖြစ်လာရင် ဆက်ဆံရေးတခုကို ဆက်လက်တည်ဆောက်ရာမှာ ကျနော်တို့ အတွက် ပိုမိုလွယ်ကူသွားမှာ သေချာပါတယ်။
မေး။ ။ ရွေးကောက်ပွဲတွေကို အချိန်မှန် ကျင်းပဖို့ အရေးကြီးတယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။ ဒါက အခြေခံ ဥပဒေ ပြင်ဆင်ရေး ထက်တောင်မှ ပိုပြီးဦးစားပေးရမယ့် အရာတခု ဖြစ်လာပုံလည်းရပါတယ်။ ခုချိန်မှာ အခြေခံ ဥပဒေ ပြင်ဆင်ရေးက ဦးစားပေးစာရင်းထဲမှာ ဘယ်နေရာကို လျှောကျသွားပါသလဲ။
ဖြေ။ ။ ပထမဆုံး ပြောရရင် ဒီနိုင်ငံက ပြည်သူတွေ ဘာကိုတောင်းဆိုသလဲဆိုတာ ကျနော်တို့ ကြည့်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီမိုကရေစီ စနစ်တခုကို တည်ဆောက်တဲ့ နေရာမှာ ဒီမိုကရေစီနဲ့ သင့်လျော်တဲ့ အခြေခံဥပဒေ ရှိဖို့ အရေးကြီးပါတယ်။ သမ္မတက ဒီအကြောင်း ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲတွေက နိုဝင်ဘာလထဲမှာ ဖြစ်ဖြစ် အောက်တိုဘာလနှောင်းပိုင်းမှာ ဖြစ်ဖြစ် ကျင်းပမယ့် အသွင်ရှိပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ အအောင်မြင်ဆုံး ဖြစ်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ ကျနော်တို့က ၂ ခုထဲကနေ တခုကို ရွေးနေတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲတွေက အစီအစဉ် ရှင်းရှင်းလင်းလင်းရှိတယ်၊ ဖြစ်လာဖို့လည်း အလွန် အရေးပါတယ် လို့ ကျနော်တို့ မြင်ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကတော့ ခက်ခဲတဲ့ လမ်းကြောင်းပေါ်ရောက်နေပါတယ်။ ဘယ်အချိန်မှာ ပြင်ဆင်ရေးတွေ ပြီးနိုင်မှာလဲ။ ရွေးကောက်ပွဲ မတိုင်မီလား၊ ရွေးကောက်ပွဲပြီးတော့မှလား ဆိုတာ ကျနော် မသိပါဘူး။
မေး။ ။ တကယ်လို့ အစိုးရက သူတို့ပေးထားတဲ့ ကတိအတိုင်း အချိန်မှန်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပ မပေးနိုင်ခဲ့ရင် ဒါမှ မဟုတ် စစ်တပ်က အစိုးရအပေါ်လွှမ်းမိုးမှုကို ပိုပြီးခိုင်မာအောင်လုပ်လာခဲ့ရင် အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒကို ဘယ်လိုပြန်လည် ချိန်ညှိဖို့ ပြင်ဆင်ထားပါသလဲ။
ဖြေ။ ။ အဲဒါက ဖြေဖို့ တကယ်ကို ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကွဲပြားခြားနားတဲ့ ဖြစ်နိုင်ချေတွေက သန်းနဲ့ချီ ပြီး ရှိနေလို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အောင်မြင်တဲ့ ရွေးကောက်ပွဲတွေ ရှိနေမယ်။ မြန်မာနိုင်ငံက ရှေ့ကိုသွားနေတာနဲ့ အမျှ ပြုပြင်ပြောင်းလဲရေးကို ရှေ့ဆက်နေမယ်။ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို ဆက်လုပ်နေမယ်။ ဒါတွေအားလုံးကို လုပ် နေမယ်ဆိုရင် ကျနော်တို့ရဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့အတွက် လုံးဝကို ပိုပြီးလွယ်ကူသွားမှာ ဖြစ်ပါတယ်။ အဲဒါတွေ မလုပ်ဘူးဆိုရင်တော့ ခက်သွားပါပြီ။ ထပ်ပြောရရင် ဖြစ်လာနိုင်စရာတွေ အများကြီးရှိတဲ့ အတွက် သိဖို့ခက်ပါတယ်။ ကြိုတင်ပြီး အတိအကျ ခန့်မှန်းတာမျိုး ကျနော် မလုပ်ချင်ပါဘူး။
မေး။ ။ နောက်ဆုံး မေးခွန်းတခု မေးပါရစေ။ ကွန်ဂရက်လွှတ်တော်နဲ့ အမေရိကန် အစိုးရရဲ့ မူဝါဒ အမြင်တွေကို ဘယ် လို ဖော်ပြချင်ပါသလဲ။ သူတို့ရဲ့ အမြင်နဲ့ အကဲဖြတ်မှုတွေ တူညီကြပါသလား။ ဒါမှမဟုတ် ဆန့်ကျင်ကွဲပြားနေကြပါသလား။
ဖြေ။ ။ ကျနော်ပြောနေတာတွေက အုပ်ချုပ်ရေး နေရာက ဖြစ်ပါတယ်။ အမေရိကန် အစိုးရရဲ့ အမြင်ကို ရောင်ပြန် ဟပ်ပြတာ ဖြစ်ပါတယ်။ ကွန်ဂရက်လွှတ်တော်က ကွဲပြားခြားနားသူတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါ တယ်။ ဒါကြောင့် တူညီတဲ့ အမြင်မရှိပါဘူး။ ကျနော် ကွန်ဂရက် လွှတ်တော်က ဝန်ထမ်းတွေနဲ့ အချိန် အကြာကြီး စကားပြောခဲ့ဖူးပါတယ်။ သံအမတ်ကြီး တယောက်အနေနဲ့ ဒီအမြင်တွေ၊ သဘောထားတွေကို အများကြီးကြားခဲ့ရပါတယ်။ ဒါကြောင့် ကျနော့် အနေ နဲ့ ပြောရမယ်ဆိုရင် ကွန်ဂရက်က စိတ်ဝင်စားမှု အများကြီး ရှိပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့ လမ်းကြောင်းကနေ သွားမယ်လို့ မျှော်လင့်နေသူတွေ ရှိပါတယ်။ ပြုပြင်ပြောင်းလဲရေး စတင်တဲ့အချိန်ကစပြီး ကျနော်တို့ရဲ့ မူဝါဒတွေကို ယေဘုယျအားဖြင့် ထောက်ခံမှုတွေရှိခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ကွဲပြားတဲ့ နည်းဗျူဟာတွေ၊ အဖြစ်အပျက်တွေကို ဘယ်လိုတုန့်ပြန်ရမလဲဆိုတာတွေနဲ့ ဖြစ်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကွဲပြားတဲ့ အမြင်တွေ အများအပြားရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အောင်မြင်မှု အပေါ်မှာ အလုံးစုံ စိတ်ဝင်စားမှုတွေ ရှိတယ်လို့ ကျနော်ထင်ပါတယ်။