ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA)နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)တို့ကြား တွေ့ဆုံဆွေးနွေးရန် ကြန့်ကြာနေသဖြင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
နှစ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုများဖြင့် စုဖွဲ့ထားသည့် ညီညွှတ်သော တိုင်း ရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)က ကြားဝင် ဆောင်ရွက်ပေးနေသော်လည်း ၂ လခန့် ကြာမြင့်လာချိန်အထိ ဖြစ်မြောက်လာခြင်း မရှိသေးဟု ပါဝင်ပတ်သက်နေသူများက ဧရာဝတီသို့ ပြောသည်။
ညီညွှတ်သော တိုင်း ရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) တွဲဖက်အတွင်းရေးမှူး ၁ ဦးထွန်းဇော်က“နှစ်ဘက် အချိန်တွေနဲ့ လူပုဂ္ဂိုလ်တွေပေါ့။ တဘက်ကလည်း မြေပြင်အနေအထားကြောင့်ပေါ့။ အဲဒီ ၃ ပိုင်းကြောင့်”ဟု ပြောသည်။
စစ်ရေးအရ ဖြေရှင်းနေကြသည်ထက် နိုင်ငံရေးနည်းလမ်းအရ စားပွဲဝိုင်းပေါ်တွင် ဖြေရှင်းခြင်းသာ ပိုမိုဖြစ်သင့်ဟု နှစ်ဘက် ခေါင်းဆောင်များက ပြောဆိုနေ သော်လည်း လက်တွေ့တွင် တိုက်ပွဲများကို မရပ်တန့်နိုင်သေးသကဲ့သို့ တွေ့ဆုံဖြေရှင်းမည့် အချိန်အခါကိုပင် ရက်သတ်မှတ်နိုင်ကြခြင်း မရှိကြသေးဘဲ ဖြစ်နေသည်။
RCSS/SSA အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းလက “ကျနော်တို့ကလည်း ဒီကိစ္စကို ပြောထားတာတော့ ရှိတာပေါ့နော်။ တပ်မှူး အချင်းချင်း ညှိလိုက်ပါ ဆိုပြီးတော့ လွယ်လွယ်လေးနဲ့ ပြောလိုက်တာလေ။ သို့ပေမယ့်လည်း တကယ့်လက်တွေ့ ကြတော့မလွယ်ပါဘူး။ တပ်မှူး အချင်းချင်းက စစ်တိုက်နေကြတာပဲ ဖြစ်တာကိုး။ ပြဿနာက အချိန်မီတော့ ဆောင်ရွက်ရမယ့် ကိစ္စတော့ ဖြစ်နေပြီ။ သို့ပေမယ့်လည်း ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို ကျနော်တို့ နည်းလမ်း ရှာနေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပြီး စာပွဲဝိုင်းပေါ်တွင် တွေ့ဆုံ ဖြေရှင်းရန် UNFC သို့ စာပို့ အကြောင်း ကြားထားသကဲ့သို့ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) ကိုလည်း ကြားဝင်ဆောင်ရွက်ပေးရန် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(PSLF/TNLA) က စာရေးသားပေးပို့ထားသည်ဟု သိရသည်။
PSLF/TNLA ၏ နိုင်ငံခြားရေး ဌာနမှူး ဗိုလ်မှူး တာပန်လက“တချို့ဟာတွေကတော့ နည်းနည်းအခက်အခဲ ရှိတယ်ဗျ။ ဘာတွေလဲဆိုတော့ RCSS က Bilateral ရော၊ NCA ရော လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်တော့ အစိုးရနဲ့လည်း မိသားစု တစုလိုပါပဲ။ ဒါကြောင့် သူတို့က သွားလို့ လာလို့ လွယ်ကူတာ ပေါ့လေ။ ကျနော်တို့ဘက်ကတော့ သွားရလာရတာ အကန့်အသတ်က ကြီးတာပေါ့။ ဒါကြောင့် ဗြုန်းဒိုင်းကြီး ဖြစ်ဖို့ မလွယ်ပေမယ့် အမြန်ဆုံးဖြစ်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
RCSS/SSA သည် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့က အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးခဲ့သော အဖွဲ့ဖြစ်ပြီး PSLF/TNLA သည် NCA လက်မှတ် မထိုးရသေးသော မဟာမိတ်အဖွဲ့များနှင့် အတူ ရပ်တည်ခဲ့သည်။
PSLF/TNLA နှင့် RCSS/SSA တို့အကြားတွင် ယခင်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း NCA လက်မှတ်ရေးထိုးပြီးနောက် နယ်မြေ အငြင်းပွားမှုဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ RCSS/SSA အနေဖြင့် NCA လက်မှတ်ထိုးမှုကို အသာစီးယူ၍ နယ်မြေချဲ့မှု ပြုလုပ်ခဲ့ကြောင်း၊ ယခင်က ရှမ်းပြည်နယ် မြောက် ပိုင်းတွင် RCSS/SSA တပ်ဖွဲ့ဝင် တရာခန့်သာ ရှိခဲ့ရာမှ ယခုအခါ ၁၅၀၀ ကျော် ဝင်ရောက်လာကြောင်း PSLF/TNLA ဘက်က ပြောသည်။
RCSS/SSA နှင့် TNLA တို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နယ်မြေ အငြင်းပွားမှုကတဆင့် ၂၀၁၅ နိုဝင်ဘာလ ၂၇ ရက်နေ့ကစ၍ တိုက်ပွဲများ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး လက်တလောက်တွင် နှစ်ဖက်တပ်ဖွဲ့များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေဆဲဖြစ်ပြီး အဆိုပါတိုက်ပွဲများသည် အရပ်သား များကိုလည်း ထိခိုက်မှုများရှိနေသည်။