ပြည်မြို့နယ်အတွင်း နေထိုင်သူ အမျိုးသား ၃၃ ဦးကို မွန်ပြည်နယ် ရေးမြို့နယ်၌ ရေလုပ်သားအဖြစ် လုပ်ကိုင်ရန် ခေါ်ဆောင်သွားပြီး အဓမ္မ လုပ်အားခိုင်းစေ၍ လုပ်အားခခေါင်းပုံဖြတ်မှု၊ လူသတ်မှုများနှင့် ရေလုပ်ငန်းရှင် ၂ ဦးနှင့် အလုပ်အကိုင်ပွဲစား ၂ ဦးအား အမှုဖွင့် တိုင်ကြား ထားကြောင်း သိရသည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ အတွင်းက အဆိုပါ အမျိုးသား ၃၃ ဦးကို ရေးမြို့ရှိ ပင်လယ်ပြင်သင်္ဘောပေါ်တွင် ငါးဖမ်း၊ ငါးရွေးရန်နှင့် ငါးစီရန် စသည့်လုပ်ငန်းများ လုပ်ရန်အတွက် တဦးလျှင် အခြေခံလစာ ကျပ် ၁ သိန်း ၈ သောင်းအပြင် အချိန်ပိုကြေး ၂ သိန်းကျော်ရမည်ဟု ပြောဆိုကာ ပြည်မြို့ခံ အလုပ်အကိုင်ပွဲစား ၂ ဦးက ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ကာယကံရှင်များက ပြောပြသည်။
ရေးမြို့သို့ ရောက်ရှိချိန် အမှန်တကယ် လုပ်ကိုင်ရာ၌ ပင်လယ်ပြင်သင်္ဘော မဟုတ်ဘဲ ပေ ၂၀x ပေ ၃၀ အကျယ် ဝါးဖောင်ပေါ်တွင် ငါးဖမ်းရသည့် လုပ်ငန်းများကို တနေ့လျှင် နာရီ ၂၀ ကျော် လုပ်ကိုင်ရသည့်အပြင် ညှဉ်းပန်းနှိပ်စက် ခိုင်းစေခံရပြီး ကမ်းပေါ်တက်ခွင့်၊ မိသားစုနှင့် ဆက်သွယ်ခွင့် မရခဲ့ကြောင်း ရေးမြို့နယ်သို့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရန် လိုက်ပါသွားသူ တဦး ဖြစ်သည့် ကိုသန်းကျော်စိုး က ဧရာဝတီ ကို ပြောသည်။
“တဖောင်မှာ ၃ ယောက်နေရတယ်။ ကျနော်နဲ့ တဖောင်တည်း လုပ်တဲ့ ရန်ကုန်က ကိုမောင်သန်း ဆိုရင်၊ မလုပ်ချင်လို့ ရေကူးပြီး ထွက်ပြေးတာ၊ စက်လှေနဲ့ လိုက်ဖမ်းပြီး ဝိုင်းရိုက်တာ၊ သေလုမြောပါးဖြစ်မှ ရပ်တယ်။ ပြီးတော့ ဆေးလည်းမတိုက်၊ အစားလည်း မကျွေးဘဲ ထားတယ်။ ၄ ရက်လောက်နေတော့ အဲဒီဒဏ်ရာတွေနဲ့ သေတာပဲ။ ပြီးတော့ ပင်လယ်ထဲ မျှောလိုက်တာပဲ။ နောက်ကို ပြန်ချင်တဲ့ ကောင်တွေ ကြည့်ထားဆိုပြီး ကျနော်တို့ကို ပြောဆိုသွားတယ်”ဟု ကိုသန်းကျော်စိုးက ပြောပြသည်။
ထို့အပြင် လုပ်အားခကိုလည်း မူလသဘောတူထားသည့် ကျပ် ၁ သိန်း ၈ သောင်း ကို အပြည့်အဝ မပေးတော့ဘဲ ကျပ် ၄ သောင်း ပဲ ပေးကြောင်း၊ ထိုကျပ် ၄ သောင်းကိုလည်း ခရီးစရိတ် ခံထားရသည့်အတွက်ဟုဆိုပြီး အပြန်ခရီးတွင် မပေးလိုက်ကြောင်း၊ ရေ လုပ် ငန်းရှင် ၂ ဦးမှာ ဦးအေးလွင် ဆိုသူနှင့် ဒေါ်သဲသဲ ဆိုသူတို့ ဖြစ်သည်ဟု ကြားသိရကြောင်း ကာယကံရှင်များက ပြောပြကြသည်။
ရေးမြို့သို့ ရေလုပ်ငန်းလုပ်ကိုင်ရန် သွားရောက်ခဲ့သူ ၃၃ ဦးတွင် ၆ ဦးအပ ၂၆ ဦးလုံး ဇန်နဝါရီလကုန်ပိုင်း က ပြန်လည်ရောက်ရှိလာ ကြောင်း၊ ၁ ဦးသည် ပင်လယ်ပြင်တွင် အသတ်ခံရကြောင်း သိရသည်။
သေဆုံးသူ၏မိသားစုဝင်များနှင့် ပြန်လည် ရောက်ရှိလာသူများက ရေးမြို့မှ ရေလုပ်ငန်းရှင် ၂ ဦးနှင့် အလုပ်အကိုင် ပွဲစား ၂ ဦးကို ပြည်မြို့မ ရဲစခန်း၌ ဇန်နဝါရီ ၂၁ ရက်တွင် လူကုန်ကူးမှု၊ လုပ်အား ခေါင်းပုံဖြတ် လိမ်လည် ခိုင်းစေမှုများဖြင့် အမှုဖွင့် တိုင်ကြား ထားကြောင်း ကာယကံရှင်များက ပြောသည်။
ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး ပြည်မြို့နယ် အမှတ် (၃) ရဲစခန်းမှူး ဒုရဲမှူး စိုးလှိုင်ဦး က“ကျနော်တို့က သူတို့ရဲ့ တိုင်စာကို စိစစ်တယ်၊ စစ်ဆေးတယ်၊ စစ်ဆေးတော့ သူတို့ကိုခေါ်ပြီး လူကုန်ကူးအဖွဲ့နဲ့ ပူးပေါင်းစိစစ်တော့ ဥပဒေအရ လူကုန်ကူးနဲ့တော့ မမြောက်ဘူး။ လူကုန်ကူး ဥပဒေနဲ့ မညီဘူး။ တခြားဥပဒေတွေနဲ့ အမှုဖွင့်ချင်ဖွင့်လို့ ရတယ်။ ဒီမှာဖွင့်ချင်လည်း ဖွင့်လို့ရတယ်။ သူ့သက်ဆိုင်ရာမှာ ဖွင့်ရင်တော့ ပိုကောင်းတယ်။ ဒီမှာဖွင့်ရင် သူ့သက်ဆိုင်ရာကို ပြန်လွှဲရမှာ။ အခင်းဖြစ်တဲ့ နေရာကရေးမှာ ဖြစ်တာကိုး။ ရေးကို ပြန်လွှဲပေး ရမှာလို့ ပြောလိုက်တော့ သူတို့ ရေးကို လှမ်းတိုင်တယ်။ ကျနော်တို့ စခန်းမှာတော့ အမှုဖွှင့်ထားတာ မရှိဘူး။ အမှုကို စစ်ဆေး တာပဲ ရှိတာပါ။ တခြားဥပဒေတွေနဲ့ဆို လာဖွင့်လို့ ရတယ်။ ဥပမာ 420 လိမ်လည်တာတို့ ဘာတို့ တခြားငွေလိမ်ခံရတယ်ဆို လာဖွင့် လို့ရတယ်”ဟု ဧရာဝတီကို ပြောသည်။
ထို့ကြောင့် အသတ်ခံရသူဟု ဆိုသော ဦးမြင့်ခိုင် ၏ ညီမဖြစ်သူ ဒေါ်စန်းစန်းမော်နှင့် ရေလုပ်ငန်း သွားရောက် လုပ်ကိုင်သူ ကိုအာကာ၊ ကိုစိုးသူ တို့က မွန်ပြည်နယ် ရေးမြို့နယ် ရဲ စခန်း၌ ရေလုပ်ငန်းရှင်များနှင့် အလုပ်အကိုင်ပွဲစားများကို ဖေဖော်ဝါရီ ၂ ရက်နေ့တွင် လူကုန်ကူးမှု၊ လူသတ်မှုများနှင့် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။
အသတ်ခံခဲ့ရသည် ဆိုသော ဦးမြင့်ခိုင်၏ ညီမဖြစ်သူ ဒေါ်စန်းစန်းမော်က “ဇန်နဝါရီလ ၃၀ ရက်က အလုပ်သမားတွေ ပြန် ရောက်ပြီ ဆိုလို့ ကျမတို့အစ်ကို(ဦးမြင့်ခိုင်)ကို လာကြိုတာ။ ဒီရောက်တော့မှ အစ်ကို့ကို လွန်ခဲ့တဲ့ ၃ လကျော်လောက်ကတည်းက ပင်လယ်ပြင် မှာ သတ်ပစ်လိုက်တယ်ဆိုတာ ပြန်ရောက်လာတဲ့လူတွေ ပြောမှသိရတယ်။ ဒါကို ကျမတို့ တိုင်ထားတယ်။ ဥပဒေအရ အရေးယူပေး စေချင်တယ်”ဟု ဧရာဝတီကို ပြောပြသည်။
ကျန်ရှိနေသေးသည့် ပြည်မြို့ မှ ၆ ဦးအပြင် အနယ်နယ်အရပ်ရပ်မှ မတရားညှဉ်းပန်းနှိပ်စက် ခိုင်းစေခံရသူများအားလုံး ပြန်လည်လွတ်မြောက်လာရန်နှင့် လိမ်လည်ခေါ်ဆောင်သွားသူများနှင့် အလုပ်ရှင်အား တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်ပေးရန် ကာယ ကံ ရှင်များ၏ မိသားစုဝင်များက ဖေဖော်ဝါရီလ ၁၀ ရက် နံနက်ပိုင်းက ပြည်မြို့တွင် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။