ရှမ်းပြည်နယ် မြောက်ပိုင်း၌ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ပြေးဒုက္ခသည် ၇၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။
“တော့ဆန်တို့ဘက်က ပြေးလာတဲ့သူတွေက မနေ့ည ၈ နာရီကနေ ၁၀ လောက်ကြားမှာ ကျောက်မဲမြို့၊ ပလောင် ဘုန်းကြီးကျောင်း ကို စရောက်တယ်။ အကုန်လုံးတော့ မဟုတ်သေးဘူး။ တချို့က လမ်းမှာပြေးနေတုန်း။ တချို့က အမျိုးတွေရှိတဲ့နေရာကို ပြေး တာရှိတယ်”ဟု ပလောင်(တအာင်း) အမျိုးသမီး အဖွဲ့အစည်း (TWO) မှ ပြောရေးဆိုခွင့်ရှိသူ လွေးပိုးငယ်က ပြောသည်။
စစ်ပြေးရှောင်ကြသည့် ဒုက္ခသည် ၇၀၀ ကျော်သည် TNLA နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်မဲမြို့နယ်နှင့် နမ့်ခမ်းမြို့နယ် တို့ရှိ ကျေးရွာများမှဖြစ်ကြောင်းလည်း လွေးပိုးငယ်က ဆက်ပြောပြသည်။
စစ်ရှောင်ဒုက္ခသည် ၇၀၀ ကျော်အနက် ကျောက်မဲမြို့နယ်ရှိ တော့ဆန်ကျေးရွာ၊ ညောင်မောင်းကျေးရွာ၊ မန်တောင်ကျေးရွာတို့မှ ထွက်ပြေးလာသူ ၁၅၀ ကျော်သည် ကျောက်မဲမြို့ရှိ ပလောင် ဘုန်းကြီးကျောင်းတွင် ခေတ္တနေထိုင်နေကြပြီး နမ့်ခမ်းမြို့နယ် လောနော် ကျေးရွာမှ စစ်ရှောင်ပြေးလာသူ ၅၅၀ သည် မိုင်းဝီး ကျေးရွာတွင် ခိုလှုံနေကြောင်း ၎င်းက ပြောဆိုသည်။
တော့ဆန်ကျေးရွာတွင် လက်ရှိအချိန်၌ နေထိုင်နေသူ ဒေါ်အေးငွေက “သူများတွေပြေးတာ မသိလိုက်လို့ ကျမတို့ ကျန်နေခဲ့ပါတယ်။ လာကြိုမယ့်သူရှိရင် ပြေးချင်တယ်။ ကျမတို့အပြင်လည်း မထွက်ရဲဘူး။ သေနတ်သံတွေ ကြားနေရတယ်”ဟု ဧရာဝတီကို ပြော သည်။
တော့ဆန်ကျေးရွာတွင် မပြေးနိုင်ဘဲ ကျန်ရှိနေသည့် လူဦးရေ ၁၀၀ ကျော် ရှိနေသေးကြောင်း တော့ဆန် ရွာသူ ရွာသားများကလည်း ပြောပြသည်။
စစ်ရှောင်ပြေးလာသူ ၇၀၀ ကျော်တွင် ပလောင် တိုင်းရင်းသား၊ ရှမ်း တိုင်းရင်းသားများနှင့် ကချင် တိုင်းရင်းသားများ ပါဝင်သည်ဟု သိရသည်။
TNLA နှင့် RCSS/SSA တပ်များသည် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း တပ်စခန်း နေရာချထားမှုများနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၇ ရက်မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားနေစဉ် RCSS/SSA တပ်များက ပလောင် တိုင်းရင်းသားများကို နှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်ဟု ပြော ဆို မှုများ ထွက်ပေါ်ခဲ့ပြီး TNLA တပ်ဘက်ကလည်း ရှမ်းတိုင်းရင်းသားများကို နှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်သည်ဟု ပြောဆို သံများ ထွက်ပေါ်ခဲ့သည်။
TNLA နှင့် RCSS/SSA နှစ်ဖက်လုံးက အဆိုပါ သတင်းအချက်အလက်များသည် မှန်ကန်မှု မရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် ဒေသခံ များကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ မပြုလုပ်ကြောင်း အသီးသီး ငြင်းဆိုကြသည်။
စစ်ရှောင်ပြေးလာသူများ၏ စားဝတ်နေရေး၊ အဝတ်အထည်နှင့် စောင်များရရှိရေးအတွက် လက်ရှိအချိန်၌ ပလောင်(တအာင်း) လူမှုအဖွဲ့အစည်းများနှင့် ငွေကြေးရှိသူများက အလှူငွေထည့်ပြီး အကူအညီများ ပေးနေကြောင်း သိရသည် ။
သို့သော်တိုက်ပွဲများ ထပ်မံဖြစ်ပွားလာပါက စစ်ရှောင်လူဦးရေ တိုးလာပြီး စစ်ရှောင်ကာလ ကြာမြင့်လာပါက စားဝတ်နေရေးအတွက် ထောက်ပံ့ရန် အခက်အခဲများ ရှိလာနိုင်သည်ဟု လွေးပိုးငယ်က ပြောသည်။
TNLA နှင့် RCSS/SSA တပ်များသည် နမ့်ဆန်မြို့နယ် ပန်နင်ကျေးရွာအနီး တိုက်ပွဲများ ဖြစ်ပွားနေကြောင်းလည်း ၎င်းက ပြောပြ သည်။