ယာဉ်တိုက်မှု၌ မျက်မြင်သက်သေအဖြစ် ခေါ်ယူစစ်ဆေးခဲ့သည့် အသက် ၁၄ နှစ်အရွယ် ကလေးငယ်တဦးအား ရိုက်နှက်သည်ဟ ုတိုင်ကြားခံရသည့် ငပုတောမြို့မရဲစခန်းမှ ရဲအရာရှိ ၁ ဦးနှင့် တပ်ဖွဲ့ဝင် ၂ ဦး တို့အား ခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့က ငပုတောမြို့နယ်၊ ကွင်းချောင်းအုပ်စု၊ ကမ်းပါးကြီးကျေးရွာ ယာဉ်တိုက်မှုတခု၌ လူ ၂ ဦးသေဆုံးခဲ့ရာ အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သတ်၍ ကမ်းပါးကြီးရွာမှ နန့်မို့အေး၏ သားဖြစ်သူ အသက် ၁၄နှစ် အရွယ်ကလေးငယ်ကို မျက်မြင်သက်သေအဖြစ် စစ်ဆေးရန် ငပုတော မြို့မရဲစခန်းမှ ရဲအရာရှိ ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးတို့က ခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည် ဟု ဆိုကာ မိခင် နန့်မို့အေးက ဧရာဝတီတိုင်းရဲတပ်ဖွဲ့ထံ ဖေဖော်ဝါရီလ ၈ ရက်နေ့က တိုင်ကြားခဲ့ခြင်းဖြစ်သည်။
မိခင်ဖြစ်သူ၏ တိုင်ကြားချက်အရ ငပုတောမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို ခုံရုံးဖွဲ့၍ စစ်ဆေးနေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ပထမတန်းဦးစီးမှူး ဒု ရဲမှူးကြီးကျော်အေးက ဧရာဝတီကို ပြောသည်။
“တိုင်ကြားစာ ကျနော်တို့ဆီကိုရောက်ရှိလာတဲ့အတွက် စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ပြီး စစ်နေပါပြီ။ မြို့နယ်ရဲမှူး တဦး ဦးဆောင်တဲ့ ခုံရုံးအဖွဲ့နဲ့ စစ်နေတာပါ၊ အခုတော့ စစ်ဆေးဆဲကာလဖြစ်လို့ အသေးစိတ် အစီရင်ခံစာ ပြန်တက်မလာသေးဘူး”ဟု သူက ပြောသည်။
မိမိသားဖြစ်သူကို ဖေဖော်ဝါရီ ၄ ရက်နေ့က ငပုတောစခန်းမှ ရဲတပ်ဖွဲ့ဝင်များက နေအိမ်မှ လာရောက် ခေါ် ဆောင်သွားခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့တွင် နေအိမ်သို့ ပြန်ပို့ချိန်၌ ကလေးငယ်၏ ရင်ဘတ်နှင့် ကျော တို့တွင် ဒဏ်ရာများစွာ တွေ့ရကြောင်း မိခင်ဖြစ်သူ နန့်မို့အေးက ပြောသည်။
“ယာဉ်တိုက်မှုကို တွေ့တာက ကျမနဲ့ ကလေးအဖေနဲ့ပါ ။ အဲဒါကို ကလေးကိုလာခေါ်သွားပြီးတော့ နောက်နေ့မှ ပြန်လွှတ်တယ်။ ဒဏ်ရာတွေတွေ့လို့ ဘယ်လိုဖြစ်တာလဲမေးတော့ ကလေးက ကြောက်လို့ မပြောဘူး။ နောက်ပိုင်း ချော့မေးတော့မှ ငပုတောစခန်းက ရဲတွေရိုက်တာဆိုပြီး ပြောပြတယ်”ဟု သူမက ပြောသည်။
သားဖြစ်သူကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် နေအိမ်သို့ပြန်ပို့ပြီးနောက် ခင်ပွန်းဖြစ်သူ ဦးမင်းဒင်ကို ရဲတပ်ဖွဲ့ဝင်များက ဆက်လက် စစ်ဆေးမေးမြန်းရန်ဟုဆိုကာ ငပုတောစခန်းသို့ ထပ်မံခေါ်ဆောင်သွားခဲ့ပြီး ၄ ရက်ခန့် ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ထံသို့ တိုင်ကြားခဲ့မှသာ ဦးမင်းဒင်ကို ပြန်လွှတ် ပေးခဲ့ ကြောင်း နန့်မို့အေးက ပြောသည်။
ရိုက်နှက်ခံခဲ့ရသည့်ကလေးငယ်က“သားကို သူတို့ အိမ်တစ်လုံးကိုခေါ်သွားတယ်။ မစစ်ခင် သူတို အရက်တွေ သောက်ကြတယ်။ ပြီးတော့ ယာဉ်တိုက်မှုဖြစ်တဲ့အချိန်မှာ မင်းရှိလားလို့မေးတယ်။ ကျနော်က မရှိတော့ မရှိဘူးလို့ပြောတာကို ဆံပင်ကို ဆွဲပြီး တွန်းလှဲလိုက်တယ်။ နောက်ပြီး လက်ထိပ်နောက်ပြန်ခတ်လိုက်တယ်။ ပြီးတော့ ကျနော့်ရင်ဘတ်ကို ဆောင့်ကန်တယ်။ အဲဒီည တညလုံးစစ်တယ်။ ည ၂ ချက်တီးလောက်မှ ကျနော် အိပ်ရတယ်။ ရိုက်တာကတော့ အချက်လေးငါးဆယ်လောက်ရှိမယ်”ဟု ဧရာဝတီကိုပြောသည်။
အသက် ၁၆ နှစ်မပြည့်သေးသူ ကလေးသူငယ်များကို လက်ထိပ်ခတ်ရိုက်နှက်စစ်ဆေးခြင်းများ မပြုလုပ်ရန် ရဲလက်စွဲဥပဒေတွင် ပြဌာန်းထားသည့်အတွက် ယခုလို ကလေးငယ်ကို ရိုက်နှက်ခဲ့သည့် ငပုတောစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူရန်လိုအပ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမောင်မောင်ကြီးက ပြောသည်။
“ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲဖို့ဆိုပြီး EU (ဥရောပသမဂ္ဂ) က သင်တန်းတွေ ပေးနေတာပဲ။ ကလေးတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ ရဲတွေလည်း သိနေကြတာပဲ။ အဲဒါကိုတောင် အသက်မပြည့်သေးတဲ့ကလေးကို လက်ထိပ်နောက်ပြန်ခတ်ပြီး ခြေထောက်တွေနဲ့ကန်၊ တုတ်နဲ့ရိုက်တာတွေလုပ်တယ်ဆိုတော့ ကျူးလွန်တဲ့ ရဲတွေကို စံပြအနေနဲ့ကို အရေးယူသင့်တယ်လို့ ထင်တယ်”ဟု သူက ပြောသည်။
၂၀၁၃ ခုနှစ်ကလည်း လူသတ်မှုသံသယဖြင့် ဖမ်းဆီးခံထားရသူ အသက် ၁၄ နှစ်အရွယ် ကလေးငယ်ကို လူသတ်မှုဝန်ခံစေရန်အတွက် မြောင်းမြမြို့မစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မျက်ခုံးမွှေးကို မီးရှို့ခြင်း၊ ရေထဲသို့ ခေါင်းနှစ်ခြင်း၊ ဆေးလိပ်မီးဖြင့်တို့ခြင်း၊ အစားအစာနှင့်သောက်ရေတို့ မပေးဘဲ ဒူးခေါင်းအောက်တွင် ကျောက်ခဲ ၂ လုံးထား၍ အချိန်ကြာမြင့်စွာ ဒူးထောက်ခိုင်းထားသည့်နည်းလမ်းများ အသုံးပြု၍ ညှဉ်းပန်းနှိပ်စက်သည့် အတွက် မိဘများက တိုင်းရဲတပ်ဖွဲ့မှူးထံ တိုင်ကြားမှုများ ဖြစ်ပွားခဲ့သေးသည်။