လူမှုကွန်ရက်တခု ဖြစ်သည့် ဖေ့စ်ဘွတ်စာမျက်နှာတွင် kyat pha gyi(ကြက်ဖကြီး) အမည်ဖြင့် တပ်မတော်နှင့် အစိုးရအဖွဲ့တို့ကို ဝေဖန် တိုက်ခိုက် ရေးသားမှုများပြုလုပ်ခဲ့သည်ဟု ယူဆကာ ဖမ်းဆီးစစ်ဆေးခံထားရသူ ဦးလှဘုန်းဆိုသူအား ယနေ့ နေလည် ပိုင်းက မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး လာမည့် ဖေဖော်ဝါရီ ၂၄ ရက်သို့ ထပ်မံ ရုံးထုတ်ရန် ချိန်းဆိုခဲ့သည်။
တရားရုံးမှ ပြန်အထွက်တွင် ဦးလှဘုန်းက“ကျနော်ကို ကြက်ဖကြီး ဆိုပြီး ဖမ်းတာ။ ကျနော် မဟုတ်ပါဘူး။ ဒါကိုရင်ဆိုင်မှာပါ” ဟု မီဒီယာများသို့ ပြောသည်။
ဦးလှဘုန်းဆိုသူမှာ သင်္ဘောသားတဦး ဖြစ်ကြောင်း သိရပြီး ၎င်းအား ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။