ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရေးအတွက် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အရေးကြီးအဆို တင်သွင်းခဲ့သည်။
ယင်းအဆိုကို ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲရပ်စဲရေး အဆိုသည် လွှတ်တော် အသစ်တွင် ပထမဆုံးတင်သွင်းသော အဆို ဖြစ်သည်။
“ကျေးလက်နေပြည်သူများ၏ အိုးအိမ်အသက်အန္တရာယ် စိုးရိမ်စွာ ရင်ဆိုင်ကြုံတွေ့နေရပါသဖြင့် ကျနော် တင်ပြလိုသော အဆိုမှာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများ ဒုက္ခများစွာ တွေ့ကြုံနေရ ပါသဖြင့် အမြန်ဆုံး တိုက်ပွဲများရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင်ပြည်သူများ၏ လူမှုဒုက္ခများအား အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးအား တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းအပ်ပါသည်” ဟု ဦးစိုင်းထွန်းအောင်က အဆိုတင်သွင်းသည်။
ယင်းအဆိုကို SNLD ပါတီ၏ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နန်းခမ်းအေးက ထောက်ခံပြီး လွှတ်တော်ဥက္ကဋ္ဌက မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြသည်။
လွှတ်တော်၌ ယခုတင်သွင်းသော အဆိုတွင် တိုက်ပွဲဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အမည်နာမကို ထည့်သွင်းပြောဆိုသွားခြင်း မရှိသော်လည်း ထိုဒေသတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့အကြား နယ်မြေ အငြင်းပွားမှုမှတဆင့် ဖေဖော်ဝါရီ ၇ ရက်မှစတင်ပြီး တိုက်ပွဲများ အပြင်းအထန် ရက်ဆက်ဖြစ်ပွားနေသည်။
ဖေဖော်ဝါရီ ၇ ရက်က စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်အတွင်းရှိ တောစံ ကျေးရွာအုပ်စု၊ ညောင်မောင်း ကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ အုပ်စုတို့မှ အရပ်သားများ ထောင်နှင့်ချီ၍ နီးစပ်သည့် ဘေးလွတ်ရာဒေသများသို့ ထွက်းပြေးတိမ်းရှောင်နေကြရကြောင်း ဦးစိုင်းထွန်းအောင်၏ အဆိုတွင် ဖော်ပြပါရှိသည်။
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ဒုက္ခသည်ဦးရေ စုစုပေါင်း ၃,၀၀၀ ကျော်ရှိပြီး ဒုက္ခသည်စခန်း ၁၇ ခုတွင် ခိုလှုံနေရသည်ဟု သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် နမ့်ခမ်း၊ ကျောက်မဲမြို့နယ်တို့ရှိ ဒေသခံများသည် လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိခိုက်ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နေကြောင်းကို နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက“ ကျမတို့နိုင်ငံဟာ နိုင်ငံသားတွေရဲ့ ပညာရေးရေချိန် မြှင့်တင်နေရမယ့် အချိန်မှာ အဲဒီဒေသမှာရှိနေတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေဟာ စစ်ဘေးကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်” ဟု ပြောဆိုသည်။
ဆက်လက်ပြီး ဒေါ်နန်းခမ်းအေးက“လက်နက်ကိုင်ဆိုတာ ပြည်သူတွေကို အကာအကွယ်ပြုပြီး ကောင်းမွန်တဲ့အနာဂတ်ကို ဖော်ဆောင်ပေးကြရမယ့်သူတွေပါ။ လက်တွေ့မှာကြတော့ သမိုင်းချီလာတဲ့ တိုင်းရင်းသား ပြဿနာတွေက လက်နက်ကိုင်တွေအကြား နားလည်မှု ကွဲလွဲနေတာတွေနဲ့ အားပြိုင်မှုတွေနဲ့ပဲ အချင်းချင်း တိုက်ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့် ကျမတို့နိုင်ငံရဲ့ ဖံွဖြိုးတိုးတက်မှုကို နှောင့်နှေးနေစေပါတယ်။ အခုဆိုလို့ရှိရင် လူမျိုးရေး ပဋိပက္ခအသွင်ကို ဆောင်လာနေပါပြီ” ဟု ပြောသည်။
ကန့်ကွက်သူမရှိ ထောက်ခံထားသည့် တိုက်ပွဲများ ရပ်စဲရေးအဆိုကို ယခုလ ၁၇ ရက် ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးကြမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောသည်။
RCSS/SSA သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သော အဖွဲ့ဖြစ်ပြီး PSLF/TNLA သည် NCA လက်မှတ် မထိုးရသေးသော မဟာမိတ်အဖွဲ့များနှင့်အတူ ရပ်တည်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်သည်။