မင်္ဂလာဈေး မီးလောင်ရာတွင် တာဝန်ရှိသည်ဟု ယူဆရသူ ဈေးလုံခြုံရေး မီးတာဝန်ခံ၊ သံဘန်း အလုပ်သမား စုစုပေါင်း ၇ ဦးတို့ကို ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်က မင်္ဂလာတောင်ညွှန့်မြို့နယ်တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
ယခုအမှုတွင် တရားစွဲဆိုခံရသူ စုစုပေါင်း ၉ ဦးရှိရာ ၂ ဦးမှာ သိန်းတစ်ထောင်စီဖြင့် အာမခံယူထားကြောင်း၊ ယနေ့ရုံးထုတ်တွင်လည်း တဦး အာမခံ လျောက်ထားကြောင်း သိရသည်။
မင်္ဂလာဈေးကြီးသည် ဇန်နဝါရီ ၉ ရက်နေ့က ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော် မီးလောင်ကျွမ်းခဲ့ကာ ဆုံးရှုံးမှု တန်ဖိုးငွေ ကျပ်သိန်းသုံးသောင်းကျော် ရှိကြောင်း မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။