နေပြည်တော်ရှိ ဟိုတယ်တချို့သည် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ချေးယူထားသည့် ချေးငွေ မကျေသေးသဖြင့် နိုင်ငံ ပိုင် ဟိုတယ်များအဖြစ် သတ်မှတ်ထားသောကြောင့် နိုင်ငံရေးပါတီများ၏ အစည်းအဝေးများ ကျင်းပခွင့် မပြုကြောင်း နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က ဖေဖော်ဝါရီလ ၁၁ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။
ဟိုတယ်လုပ်ငန်း ပိုင်ဆိုင်သည့် ကုမ္ပဏီ ၁၀ ခုသို့ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၏ လှည့်ပတ်ရန်ပုံငွေမှ သင့်တော်သော အတိုးနှုန်းဖြင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှတဆင့် ချေးငွေ သက်တမ်း ၅ နှစ်၊ ဆိုင်းငံ့ ၁၀ နှစ်၊ ၁၀ ရစ် ဆပ် စုစုပေါင်း ၁၅ နှစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ သို့ဖြစ်ရာ အဆိုပါ ချေးငွေယူထားသည့် ဟိုတယ်များသည် ချေးငွေ မကျေသေးသည့်ကာလအတွင်း နိုင်ငံပိုင် ဟိုတယ်များသာဖြစ်သဖြင့် ဟိုတယ်များတွင် နိုင်ငံရေးပါတီများ အစည်းအဝေးကျင်းပခြင်းကို ခွင့်မပြုကြောင်း ဖော်ပြထားသည်။
ဦးတေဇ ပိုင်ဆိုင်သည့် ထူးဆောက်လုပ်ရေး ဖွံ့ဖြိုးမှုအဖွဲ့သို့ ပို့ထားသည့် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် လက်မှတ်ရေးထိုးထားသည့် ရုံးစာတစောင်ကို NLD ဗဟို သုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းက သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဝေမျှခဲ့ခြင်း ဖြစ် သည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီသည် နေပြည်တော် ဒကိ္ခဏသီရိ မြို့နယ်ရှိ ထူးကုမ္ပဏီလုပ်ငန်းစု ဥက္ကဋ္ဌ ဦးတေဇပိုင်ဆိုင်သည့် ရွှေစံအိမ်ဟိုတယ်တွင် လွှတ်တော်ကိုယ်စားလှယ်၂၀၀ ကျော်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး နည်းပညာစသည်တို့ကို သင်တန်း ပို့ချခဲ့ဖူးသည်။