
ဘန်ကောက်မြို့လည် ဧရာဝဏ်နတ်ကွန်းအနီး ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသား ဝိဂါ လူမျိုး ၂ဦးက ဗုံးကွဲမှုနှင့် သက်ဆိုင်ခြင်းမရှိဟု ယနေ့ တရားရုံးတွင် ငြင်းဆိုသွားပါတယ်။
ဖမ်းဆီးခံထားရသူ ဝိဂါလူမျိုး ယူဆွဖ်မိုင်ရိုင်လီက “ ကျနော်ဟာ အပြစ်မရှိတဲ့ မွတ်ဆလင် တယောက်ဖြစ်တယ်” လို့ တရားရုံးမှာထွက်ဆိုသွားပြီး၊ သူ့ကို ချုပ်နှောင်ထားတာ ၆ လရှိပြီ ဖြစ်တဲ့အတွက် တရားရုံးစစ်ဆေးမှုကို အမြန်ဆောင်ရွက်ပေးဖို့ တရားရုံးကို ပြောဆိုတယ်လို့လည်း Reuters သတင်းကဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဘန်ကောက်မြို့လည် ကမ္ဘာလှည့်ခရီးသွားများ စည်ကားရာ ဧရာဝဏ် နတ်ကွန်း အနီး ဗုံးကွဲမှုမှာ လူ ၂၀ သေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမယ့် ဒီဗုံးခွဲမှုကို မည်သည့်အဖွဲ့အစည်းကမှ သူတို့လက်ချက်လို့ ဝန်ခံပြောကြားခြင်း မရှိပါဘူး။
အဲဒီ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က တူရကီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ အဒမ်ကရာဒက်ဂျ် ဆိုသူ တရုတ်နိုင်ငံသား ဝိဂါတဦးနှင့် ယူဆွဖ်မိုင်ရိုင်လီကို ဖမ်းဆီးလိုက်တာဖြစ်ပါ တယ်။
ဒီကနေ့မှာတော့ သူတို့ ၂ဦးကို လက်ထိပ်ခတ်၊ ခြေချင်းခတ်ကာ ရုံးထုတ်ခဲ့ပြီး၊ သူတို့ ၂ဦးဟာ လူသတ်မှု၊ လူသတ်ရန်ကြိုတင်ကြံစည်မှု၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို တရားမဝင်ပိုင်ဆိုင်မှု စတဲ့ အမှု ၁၀မှုကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အဒမ်ကရာဒက်ဂျ်ရဲ့ ရှေ့နေကတော့ သူ့အမှုသည်ဟာ ဗုံးပေါက်ကွဲမှုမှာ မပါဝင်ခဲ့ဘူး၊ ဒါပေမယ့် ညှင်းပန်းနှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးလိုက်ရတာဖြစ်တယ်၊ ဒါကိုလည်း ပြန်ရုတ်သိမ်းတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ထိုင်းအာဏာသိမ်း စစ်ကောင်စီ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီ(NCPO) ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းထိုင်းကတော့ ညှင်းပန်းနှိပ်စက်ခံရတယ်လို့ ပြောဆိုမှုတွေကို သံသယဖြစ်တယ်လို့ ဆိုပါတယ်။
လာမည့် ဧပြီ ၂၀ရက်နေ့နဲ့ ၂၂ရက်နေ့မှာ နောက်တကြိမ် သူတို့ နှစ်ဦးကို ရုံးထုတ်မှာဖြစ်ပြီး၊ နှစ်ဘက်သက်သေ တွေကို စစ်ဆေးမှာဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေဘက်တော့ ဒီဗုံးခွဲမှုဟာ ထိုင်းနိုင်ငံ တရားမဝင်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ဝိဂါ လူမျိုးတွေကို တရုတ်အာဏာပိုင်တွေ လက်ထဲ ပြန်လည်လွှဲအပ်လိုက်တာနဲ့ ဆက်စပ်နေတယ်လို့ ဆိုလိုက်ပြီး တူရကီနိုင်ငံသား တဦးလည်း ပါဝင်တယ်လို့ ဆိုထားပါတယ်။