အမေရိကန် သမ္မတ အိုဘားမားက အရှေ့တောင်အာရှနိုင်ငံက ခေါင်းဆောင်တွေကို ကယ်လီဖိုးနီးယားမှာ ခေါ်ယူတွေ့ဆုံပြီး ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပါတယ်။ အရှေ့တောင် အာရှ နိုင်ငံအများစုက အာဏာရှင်တွေ စစ်ခေါင်းဆောင်တွေ အာဏာကို သိမ်းထားတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ပြည်သူတွေ မရွေးချယ်ဘဲ အစိုးရလုပ်နေတဲ့ ခေါင်းဆောင်တွေနဲ့ လာအို၊ ဗီယက်နမ်လို ကွန်မြူနစ် အစိုးရတွေ အုပ်ချုပ်ကြီးစိုးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလူတွေနဲ့ အိုဘားမား တွေ့တာ မဖြစ်သင့်ဘူးလို့ ဝေဖန်တဲ့ အသံတွေ ထွက်နေပါတယ်။
အိုဘားမားက ဒီလိုခေါင်းဆောင်တွေကို အရေးတယူ ခေါ်ယူတွေ့ဆုံရတဲ့ အဓိက အကြောင်းရင်းကတော့ တရုတ်ကို ထိန်းချုပ်ဝိုင်းပတ်ဖို့ပဲ။ ဒီထိပ်သီး အစည်းအဝေးပွဲကို သမ္မတ ဦးသိန်းစိန်က အနားရောက်မှ မတက်ရောက်ဘဲ သူ့ရဲ့ ကိုယ်စား ဦးဉာဏ်ထွန်းကို စေလွတ်ခဲ့ပါတယ်။
တရုတ်ရဲ့ ဒေသတွင်း သြဇာအာဏာ ဖြန့်ကျက်လာမှုကို တုံ့ပြန်ရင်ဆိုင်ဖို့အတွက် အိုဘားမားအစိုးရဟာ Pivot Asia ဆိုပြီး ပေါ်လစီ ချခဲ့ပါတယ်။ ဒေသတွင်းမှာ တရုတ်ကို Counter လုပ်ဖို့ ကျိုးစားခြင်းပဲ ဖြစ်ပါတယ်။ မြန်မာမှာ တံခါးဖွင့်ပြီး နောက်ပိုင်း မြန်မာနဲ့ အမေရိကန်ကြား ရင်းနှီးဆက်ဆံမှုတွေကို တိုးမြင့်လာတာ သံတမန်ရေးအရ ပုံမှန်အတိုင်း ပြန်ဆောင်ရွက်ခဲ့တာတွေဟာ တချိန်က တရုတ်လက်အောက်ခံ ရုပ်သေးလို့ အမည်တပ်ခံရတဲ့ မြန်မာကို US က ပေါက်ဖေါ်ကြီးရဲ့ လောင်းရိပ်အောက်က ဆွဲထုတ်ဖို့ ကျိုးစားတာလို့ သုံးသပ်ရှုမြင်တာတွေ ရှိခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အခုကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ တရုတ်ရဲ့ တောင်တရုတ်ပင်လယ်အတွင်းက ရေပြင်ပိုင်နက် ပဋိပက္ခမှာ တရုတ်ဟာ ဗီယက်နမ် နဲ့ ဖိလစ်ပိုင် ထိပ်တိုင်ရင်ဆိုင်နေတဲ့ အကြောင်းကိစ္စတွေ၊ အကြမ်းဖက် ဝါဒဆန့်ကျင်ရေးနဲ့ Climate Change ကိစ္စရပ်တွေလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Trans-Pacific Partnership (TPP) လို့ ခေါ်တဲ့ ကုန်သွယ်ရေး လွတ်လပ်မှု စာချုပ် ကိစ္စလည်း ပါမှာပါ။ အာဆီယံနိုင်ငံတွေဟာ အမေရိကနဲ့ စတုတ္တအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံတွေထဲမှာ ပါဝင်တာ ဖြစ်ပြီး ကမ္ဘာရဲ့ အာရုံစိုက်မှု အများဆုံးခံရတဲ့ အရေးပါတဲ့ ဒေသဖြစ်ပါတယ်။
အာဆီယံ ဆိုတဲ့ သမိုင်းကို ကြည့်မယ်ဆိုရင်လည်း စစ်အေးတိုက်ပွဲကာလမှာ ဖွဲ့စည်းခဲ့ပြီး တည်ထောင်ခဲ့ရတဲ့ အဓိကအကြောင်းရင်း တခုကလည်း တခါတုန်းက တံခါးပိတ် စီးပွားရေးဝါဒကို ကျင့်သုံးခဲ့တဲ့ တရုတ်ကွန်မြူနစ်ကို ဆန့်ကျင် counter လုပ်ဖို့အတွက် bloc တခုအနေနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက အနောက်ရဲ့ သြဇာအာဏာခံအဖြစ် မြင်ခဲ့ကြပါတယ်။ (Asean ဖွဲ့စည်းချိန် ၁၉၆၇ မှာ မြန်မာမပါဝင်ခဲ့ပါဘူး။ ၁၉၉၇ ခုနှစ်ကျမှ မြန်မာဟာ Asean အဖွဲ့ဝင် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။)
အမေရိကန် လေယာဉ်တင် သင်္ဘောတွေဟာ အရှေ့တောင် အာရှမှာ သူ့ရဲ့ မဟာမိတ် နိုင်ငံတွေမှာ ကျောက်ချရပ်နားခွင့်၊ လှည့်လည်ခွင့် ပူးတွဲစစ်ရေးပြခွင့်၊ လေ့ကျင့်ခွင့်တွေ ရှိသလို ဖိလစ်ပိုင်မှာဆိုရင်လည်း စစ်စခန်းတွေ အခုချိန်အထိ ထားပိုင်ခွင့် ရှိတာ ဖြစ်ပါတယ်။ တချိန်က အမေရိကန်နဲ့ စစ်ဖြစ်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံတောင်မှ အခုဆိုရင် အမေရိကန်နဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်ခဲ့ပြီး တရုတ်ရဲ့ သြဇာလွမ်းမိုးမှုကို စိုးရိမ်နေတဲ့ ဗီယက်နမ်ဟာ ဒီထိပ်သီးဆွေးနွေးပွဲမှာ အကျိုးခံစားခွင့် ပိုရနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိခဲ့ပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ အမေရိကန်နဲ့ ဗီယက်နမ်ကြား စစ်ရေးအရ ပူးတွဲဆောင်ရွက်မှုတွေ ရှိလာနိုင်တာ အသေချာပါပဲ။
ထိုင်းနဲ့ အမေရိကန် ဆက်ဆံရေး လောလောဆယ် အထစ်အငေါ့ ရှိနေပေမယ့်လည်း နာမည်ကြီး Cobra Gold စစ်ရေးပူးတွဲ လေ့ကျင့်မှုကိုတော့ US နဲ့ ထိုင်းနိုင်ငံတို့ဟာ တပ်မတော် နှစ်ခုအကြား ဆက်လက်ပြီး လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားက ဟွန်ဆံဟာ ရာသက်ပန် ဝန်ကြီးချုပ်လို့ ပြောရလောက်အောင် နှစ်ပေါင်းများစွာ တိုင်းပြည်ကို အုပ်ချုပ်ပြီး အတိုက်အခံကို နှိမ်နှင်းခဲ့တာ ဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ်ကတော့ ဒေါ်လာသန်း ၇၀၀ ကျော်တဲ့ လာတ်စားမှု အရှုပ်အရှင်းနဲ့ ပြည်တွင်းနိုင်ငံရေး ဂယက်ထဲမှာ နာမည်ပျက်နေသူ ဖြစ်ပါတယ်။ ဒီမိုကရေစီပြည့်ဝတဲ့ နိုင်ငံဆိုလို့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံပဲ အာဆီယံမှာ လောက်လောက်လားလား ရှိပါတယ်။
ဒါကြောင့် အမေရိကန်ဖိတ်ခေါ်တဲ့ အာဆီယံ နိုင်ငံအများစုဟာ ပြည်တွင်းနိုင်ငံရေးမှာ အပြစ်အနာအဆာတွေ ရှိနေသော်လည်းပဲ အမေရိကန်ရဲ့ မဟာဗျူဟာကျတဲ့ ပေါ်လစီမှာတော့ အသုံးဝင်နေတဲ့ နိုင်ငံတွေ ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကားရဲ့ အဓိက စိတ်ဝင်စားတာက နိုင်ငံရေးနဲ့ စီးပွားရေးအရ နဂါးကြီးကို ပြန်ပြီး ဝိုင်းပတ်ထိန်းချုပ်ထားရေး ဖြစ်ဖို့ပါပဲ။