အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားတွင် ကျင်းပသော အမေရိကန် – အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် မြန်မာ့ပြုပြင်ပြောင်းလဲရေးကို ဂုဏ်ပြုချီးကျူးခဲ့သည်။ “သမိုင်းဝင် ရွေးကောက်ပွဲ၊ လက်ရှိဖြစ်နေတဲ့ အကူးအပြောင်းတွေဟာ အားလုံးပါဝင်ပြီး စုစည်းညီညွတ်တဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရက်တစ် နိုင်ငံဖြစ်ရေး မျှော်လင့်ချက်တွေ မြန်မာကို ပေးပါတယ်”ဟု ထည့်သွင်းပြောဆိုသည်။
အာဆီယံ ဒေသသည် အိုဘားမားအစိုးရ၏ “အာရှ အဓိက” နိုင်ငံခြားရေးမူဝါဒအတွက် ပထဝီနိုင်ငံရေးနှင့် စီးပွားကုန်သွယ်ရေးတို့တွင် အရေးပါသည်။ ဒေသတွင်း တရုတ်၏ ဩဇာကြီးထွားလာမှုကြောင့်လည်း အမေရိကန် – အာဆီယံ ဆက်ဆံရေး ပိုမိုနီးကပ်လာစေသည်။ အာဆီယံ ခေါင်းဆောင်များ တက်ရောက်သည့် ယခုအစည်းအဝေးသို့ မြန်မာသမ္မတ ဦးသိန်းစိန် မတက်ရောက်ဘဲ ဒု-သမ္မတ ဦးဉာဏ်ထွန်းကိုသာ စေလွှတ်ခဲ့သည်။ အစည်းအဝေးအပြီး တောင်တရုတ် ပင်လယ်အရေး အမေရိကန် – အာဆီယံ ပူးတွဲကြေညာချက် ထုတ်သော်လည်း မြန်မာ အစိုးရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က “ကျနော်တို့ဟာ ဒိုင်ယာလော့ဂ် ဖြစ်အောင် လုပ်ပေးနိုင်တဲ့ ကောင်းမွန်တဲ့ အနေအထားမှာ ရှိပါတယ်။ တရုတ်နဲ့ ဗျူဟာမြောက် ပါတနာပါ။ အာဆီယံနဲ့လည်း ဆက်ဆံရေး ကောင်းပါတယ်။ နောက်ပြီး တောင်တရုတ် ပင်လယ်ကိစ္စက ကျနော်တို့ အစိတ်အပိုင်းမှ မဟုတ်တာ”ဟု ပြောကြောင်း AFP သတင်းတပုဒ်တွင် ဖော်ပြထားသည်။