ကချင်ပြည်နယ် ဆဒုံးနှင့် ကန်ပိုင်တီမြို့နယ်ခွဲအတွင်းရှိ ဘိန်းခင်းများကို ဖျက်ဆီးရန် သွားရောက်သော ဒေသခံအဖွဲ့တခု ဖြစ်သည့် ၂၀၁၆ ကချင်လူထု အခြေပြု မူးယစ် တိုက်ဖျက်ရေးအဖွဲ့ကို အစိုးရ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ဖေဖော်ဝါရီလ ၁၇ ရက် နံနက်ပိုင်းအထိ ဘိန်းခင်းများရှိရာ ဒေသများဆီသို့ သွားလာခွင့် မပြုသေးကြောင်း သတင်းရရှိသည်။
ဘိန်းခင်းများ ဖျက်ဆီးရန် သွားရောက်မည့်သူများကို ဆဒုံးနှင့် ချီဖွေလမ်းခွဲရှိ တပ်စခန်းတခုသို့အရောက် “အထက်မိန့်အရ”ဟု ဆို ကာ ဖေဖော်ဝါရီ ၁၆ ရက်၊ နေ့လယ် ၁၂ နာရီခန့်က စတင်ကာ ယခုအချိန်ထိ တားဆီးထားသောကြောင့် အဖွဲ့ဝင်ဦးရေ ၂၀၀၀ ခန့် သည် ယင်းနေရာတွင် ပိတ်မိနေကြောင်း ၂၀၁၆ ကချင်လူထု အခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဦးဆောင် ကော်မတီဝင် တဦး ဖြစ်သူ ဦးမုန်းဆန်က ဧရာဝတီသို့ ပြောသည်။
ဦးမုန်းဆန်က“ဆက်ပြီး တားဆီးထားတုန်းပါ။ ဒီမနက် တပ်မတော်ကား ၄ စီးထပ် ရောက်လာတယ်။ သူတို့ လုံခြုံရေးပေးဖို့ အနေ အထားမျိုး တွေ့ရတယ်။ ဒါပေမယ့် သေချာ တိတိပပတော့ ပြောလို့မရသေးပါဘူး။ ဒီမနက်တော့ အဲဒီ ၄ စီးနဲ့ပါလာတဲ့ ဗိုလ်မှူးကြီး အဆင့်တယောက်က ပြောဆိုဖို့အတွက်တော့ အချိန်းအချက်ပြုထားပေမယ့် လောလောဆယ်အထိတော့ ဘာမှတွေ့ဆုံခြင်း မရှိ သေးပါဘူး”ဟု ပြောပြသည်။
၎င်းတို့အဖွဲ့သည် ဘိန်းခင်းများ သွားရောက် ဖျက်ဆီးရာတွင် လုံခြုံရေး အကူအညီပေးရန် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူး အဆင့် ဆင့်အထိ အကူအညီ တောင်းထားသော်လည်း ရက်သတ္တပတ်ကျော်ကြာသည်အထိ အကြောင်းမပြန်သောကြောင့် အဖွဲ့အတွင်း အစည်းအဝေးလုပ်ပြီး ယခုကဲ့သို့ ချီတက်လာစဉ် ပိတ်ဆို့ခံရခြင်းဖြစ်ကြောင်း ဦးမုန်းဆန်က ရှင်းပြသည်။
“ကျနော်တို့ လိုချင်တာကတော့ နိုင်ငံတော်ကို တကယ် သိက္ခာကျစေတဲ့ မူးယစ်ဆေးဝါးကို လူထုက ကိုယ့်အသိစိတ်နဲ့ လုပ်တဲ့ဟာ ကို အစိုးရအနေနဲ့ လိုလိုလားလား ပံ့ပိုးပေးရမယ်လို့ပဲ နားလည်တယ်”ဟု လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (ဖားကန့်)မှ ဦးမရန်ဂျာလက ပြောသည်။
ယခုကိစ္စနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် တပ်မတော်နှင့် ဒေသခံရဲတပ်ဖွဲ့တို့ကို ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော် မရခဲ့ပေ။
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်ကလည်း ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ က ဘိန်းခင်းများ ရှင်းလင်းကြရာ တူးမီးသေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရပြီး အဖွဲ့ဝင်တဦးဖြစ်သည့် အသက် ၁၉ နှစ်အရွယ် လထော်တူးစိုင်း သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ကချင်လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကို ၂၀၁၄ ခုနစ် ဧပြီ ၂၅ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင် ပြည်နယ်တို့တွင် ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၁၅ ခုနစ်တွင် ဘိန်းဧက ၃ ထောင်ကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။