
ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ရေး အရေးကြီးအဆိုကို ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။
အဆိုပါ အရေးကြီးအဆိုကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကောျက်မဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး မောင်မောင်ဦးနှင့် ဗိုလ်မှူးသူရိန်ဇော်တို့က ထောက်ခံဆွေးနွေးခဲ့သည်။
ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်တို့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)နှင့် ပ လောင်(တအာင်း) အမျိုးသား လွှတ်မြောက်ရေး တပ်မတော်(PSLF/TNLA)တို့ ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၃၄၀၀ ကျော်မှာ စစ်ရှောင်စခန်း ၁၇ ခုတွင် ခိုလှုံတိမ်းရှောင် နေရကြောင်း ထောက်ခံဆွေးနွေးသူ ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။