ရှမ်းပြည်နယ်၊ မြောက်ပိုင်းအတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (PSLF/TNLA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်မှာ ၄ လခန့် ကြာမြင့်ပြီ ဖြစ်သည်။
တပ်စခန်းနေရာများ အငြင်းပွားမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်သည်ဟု နှစ်ဖက်စလုံးက ဝန်ခံထားပြီး ကျောက်မဲမြို့နှင့် မိုင်းဝီးမြို့နယ်တို့တွင် တိုက်ပွဲများကြောင့် စစ်ရှောင်လာရသူ ဦးရေ ၃,၀၀၀ ကျော်အထိ ရှိလာပြီ ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားနေစဉ် TNLA နှင့် RCSS တို့က ဒေသခံများပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေသည်ဟု အပြန် အလှန် စွပ်စွဲနေကြသော်လည်း နှစ်ဖက်အဖွဲ့များက မဟုတ်မှန်ကြောင်း ငြင်းဆိုထားကြသည်။ TNLA နှင့် RCSS တို့အကြား ဖြစ်ပွား နေသည့် တိုက်ပွဲများရပ်တန့်နိုင်ရေး ဆွေးနွေးရန် ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA) က ကြားဝင် ညှိနှိုင်း ပေးနေကြောင်း သိရသည်။
RCSS အဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး၊ TNLA အဖွဲ့သည် NCA လက်မှတ်ရေးထိုးထားခြင်း မရှိပေ။ NCA လက်မှတ်မရေးထိုးမှီက TNLA နှင့် RCSS တပ်ဖွဲ့များ အချင်းချင်း ပြေလည်မှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အချင်းချင်းကြား တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး၊ လူမှုရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၏ သ ဘောထားအမြင်များကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းလွင်က မေးမြန်းထားရာ ၎င်းတို့ကို စုစည်း ဖော်ပြလိုက်ပါသည်။
ဦးမျိုးဝင်း (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF)
တိုက်ပွဲတွေကို ရပ်စေချင်တယ်။ လက်နက်ကိုင် ပဋိပက္ခနဲ့ပဲ ဖြေရှင်းမယ်ဆိုရင် ဒါတွေကပြီးမှာမဟုတ်ဘူး။ ဒါတွေကို နဂိုတည်းက မျှော်လင့်ထားတယ်။ ကျနော်တို့ NCA ထိုးပြီးရင်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းကြားမှာ နယ်မြေ ကိစ္စ တွေနဲ့ ပတ်သက်ပြီး သေချာညှိနှိုင်းကြဖို့လေ။ အဲဒီသဘောက ကျနော်တို့မှာ (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် – NCA ထိုးထားတဲ့ ၈ ဖွဲ့) ရှိပြီးသားပဲ။
ပြဿနာကို စနစ်တကျ မကိုင်တွယ်ရသေးတဲ့ အချိန်မှာ NCA ထိုးထားတဲ့အဖွဲ့နဲ့ မထိုးထားတဲ့အဖွဲ့နဲ့ဆိုပြီး ပြဿနာက ဖြစ်လာ တယ်။ RCSS နဲ့မှ မဟုတ်ဘူး။ အခြားဒေသတွေ အများကြီးပဲ။ နယ်မြေ ရှုပ်ထွေးနေတဲ့ ကိစ္စတွေ ရှိတယ်။ အဲဒီအပေါ် ကျနော်တို့ စိုးရိမ်မှု ရှိပါတယ်။ စိုးရိမ်မှုဆိုတာက တော်လှန်ရေးဒေသတွေမှာက အားလုံးက ပြောက်ကျားတွေ ဖြစ်တယ်။ လူမျိုး တမျိုးနဲ့ တမျိုးရဲ့ ဒေသတွေက ရောယှက်နေတယ်။ အဲဒီကိစ္စတွေက ဘုံရန်သူကို တိုက်ပွဲဝင်နေတုန်းကတော့ ဦးစားပေးအဆင့် ရောက် မလာခဲ့ဘူး။ အခု NCA ရေးထိုးမှုဖြစ်လာပြီးမှ နယ်မြေကိစ္စတွေ ပြောလာရပြီး ဦးစားပေးအဆင့်အဖြစ် ပြန်ရောက်လာတာလေ။
အရင်တည်းက NCA မထိုးခင်ကတည်းကလည်း ညှိနှိုင်းတိုင်ပင်ထားတာရှိတယ်။ NCA ထိုးပြီးရင်တော့ ကျနော်တို့ အချင်းချင်း အကြား လက်နက်ကိုင် ပဋိပက္ခမဖြစ်အောင် ကော်မတီတရပ်ဖွဲ့ပြီး စနစ်တကျကိုင်တွယ် ဖြေရှင်းသင့်တယ်။ ဆွေးနွေးသင့်တယ် ဆိုတာလေ။ အခုက အဲဒါမဖြစ်လာခင်မှာပဲ ဒီအခြေအနေ ရောက်လာတယ်။ ကျနော်ဆိုလိုချင်တာက ပလောင်နဲ့ RCSS မှ မဟုတ် ဘူး။ ဘယ်အဖွဲ့အစည်းမဆို ဒီလိုကိစ္စမျိုးကို သေချာဆွေးနွေး အဖြေရှာဖို့ပဲ ကျနော်တိုက်တွန်းချင်ပါတယ်။
ဗိုလ်မှူးကြီးစိုင်းလ (ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်း တပ်မတော် – SSPP/SSA)
ကျနော်တို့အမြင်က အခုလိုမျိုး လက်နက်နဲ့ဖြေရှင်းနေတာ မကောင်းဘူး။ ဖြစ်ရတဲ့အကြောင်းက သူတို့ပြောတဲ့အတိုင်းဆို RCSS က လွယ်တိုင်းလျန်ကအပြန်မှာ TNLA က စောင့်တိုက်တယ်လို့ ပြောတာပဲ ။ ညှိနှိုင်းဖို့ အခုလည်း နောက်မကျသေးဘူး။ တဖက်နဲ့ တဖက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညှိနှိုင်းပြီးတော့ ဖြေရှင်းသွားရင် ပြေလည်နိုင်ပါတယ်။ ကျနော်တို့ အမြင်ကတော့ ပြည်သူလူထုတွေ ဒုက္ခရောက်နေတာပဲ။
လက်နက်ကိုင်တွေ အချင်းချင်း တိုက်နေတာတော့ မဆန်းဘူးဆိုပေမယ့် လူတွေကကြားက ဒုက္ခရောက်နေတယ်လေ။ ချင်းမိုင်မှာ ကျနော်တို့ ကြားက ရှင်းပေးဖို့ တောင်းဆိုတော့ တဖက်နဲ့တဖက်က အလျော့အတင်းမလုပ်ရင် ပြေလည်နိုင်မယ်လို့ မထင်ဘူး။ TNLA ကလည်း RCSS ကို ဒေသက ထွက်သွားဖို့၊ RCSS ဘက်ကလည်း လက်မခံတော့ ပြေလည်နိုင်မယ် မဟုတ်သေးဘူးလို့တော့ သုံးသပ်မိပါတယ်။ ကျနော်တို့က ကြားဝင်ညှိဖို့ တတ်နိုင်တာက သူတို့နှစ်ဖက်တွေ့ဆုံဖို့ တိုက်တွန်းရုံ ကလွဲလို့ မရှိပါဘူး ။ ဒီလောက် ပဲ ကျနော်တို့ တတ်နိုင်ပါတယ်။
သူတို့မျက်နှာချင်းဆိုင်ပြီး တွေ့ဆုံဆွေးနွေးမယ်ဆိုရင်တော့ မျှော်လင့်ချက် ရှိပါလိမ့်မယ်။ တိုက်ပွဲဖြစ်ပြီ ဆိုကတည်းက တိုက်ပွဲတွေ ကြီးကျယ်နေရင်တော့ တိုင်းရင်းသားတွေ အချင်းချင်း ဖြစ်တာဖြစ်စေ၊ အစိုးရနဲ့ဖြစ်တာဖြစ်စေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက် ပါတယ်။ ကျနော်တို့ပြောချင်တာက အခုလို တဖက်နဲ့တဖက် အပြတ်ချေမှုန်းဖို့ မလွယ်တဲ့ကိစ္စပါ။ ဒါ့ကြောင့် အေးအေးဆေးဆေးနဲ့ စားပွဲခုံမှာ ညှိကြပါလို့ပဲ ပြောချင်ပါတယ်။
ဦးခွန်ထွန်းဦး (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် – SNLD)
ပြသာနာကို စားပွဲမှာထိုင်ပြီး အားလုံးပါဝင်တဲ့ တယောက်ကိုတယောက် ယုံယုံကြည်ကြည်နဲ့ စားပွဲမှာ စကားပြောရမယ်။ နိုင်ငံရေး ပြသာနာကို နိုင်ငံရေးနဲ့ရှင်းပါ။ အဲဒီလိုမှ မရှင်းရင်တော့ ပွင့်ပွင့်လင်းလင်း ပြောလိုက်မယ်။ မဲခေါင်မြစ်ကို လုံအောင်ထိန်းပါ။ မထိန်း လို့ ရှိရင် ဒီဟာက မြန်မာပြည်ရဲ့ ပြည်တွင်းစစ်က တိုက်ခိုက်နေတာက ပြည်တွင်းစစ် ဖြစ်လာရင် အဲဒီဘက်ကို ဦးတည်လိုက်မယ်။
ဥပမာ- ပလောင်ဆိုရင် ရှမ်းပြည်ရဲ့ အလယ်ထဲမှာ ဖြစ်တယ်။ မန္တလေး၊ ပဲခူးတို့လို နယ်စပ်ချင်း မဆက်နေဘူး။ ရှမ်းပြည် အလယ်မှာ ရှိတဲ့သူက ဘယ်ကလက်နက်နဲ့ ဘာလက်နက်နဲ့ တိုက်နေသလဲ။ ဘယ်ကရလဲဆိုတာ စဉ်းစားရတော့မယ်။ ကျနော်ပြောပြောနေ တာပဲ ယိုးဒယားပင်လယ်က ထွက်လာတဲ့သင်္ဘောတွေက လာအိုကနေ ဖြတ်လာတာပဲ။ ဖြတ်လာတဲ့အခါ တချို့သဘောၤတွေ တရုတ် ကနေလည်း တက်လာမယ်။ လာအိုနားရောက်ရင် လာအိုကျော်ရင် မြန်မာဆိပ်ကမ်းကို ချမယ်။ ဘာတွေချမယ် ဘာတွေ လုပ်လဲဆိုတာ မသိရဘူး။ ဘယ်သင်္ဘောကိုမှ တခါမှမစစ်ခဲ့ဘူး။
ဆိုလိုရင်းက စည်းမရှိ တံတားမရှိ အပိတ်အပင်မရှိ အစစ်အဆေးမရှိ ဝင်လာမယ်ဆိုရင် စစ်ကြီးက ကြာအုံးမှာပဲ။ ကျနော်ထင်တယ် ဒီဟာနဲ့ တွဲရောပြီး လာမှာကဘိန်းပဲ။ ဘိန်းဖြူ၊ ယာမလည်း ထုတ်နေမှာပဲ။ အာဖဂန်နစ္စတန်ပြီးရင် မြန်မာက ဘိန်းအထွက်ဆုံးပါပဲ။ ဒါတွေက ဘေးထွက်ဆိုးကျိုးပဲ။ ငြိမ်းချမ်းရေးက ဆွေးနွေးမှရမယ်။ မဆွေးနွေးရင် ဒီတိုင်းဆက်တိုက်မယ်ဆို မဖြစ်နိုင်တော့ဘူး။ စစ်ကြီးက ရှည်သွားမယ်။ ရပ်သင့်နေပြီ။ အင်အားသုံးပြီး မလုပ်တော့နဲ့။ တဖွဲ့ပြီးတဖွဲ့ ပေါ်လာပြီ။ ငြိမ်းချမ်းရေး စကားပြောရင်ပြော၊ မပြောရင် မဲခေါင်ဘက်ကို ကြည့်ပါဦးလို့ပဲ ပြောချင်တယ်။
ဦးနိုင်ငွေသိန်း (မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ-ဥက္ကဌ)
အမှန်တိုင်းဆိုသူတို့မှာ အချင်းချင်း နယ်မြေကိစ္စတွေ ရှိတယ်။ ဒါကလည်း အဓိကမဟုတ်ဘူး။ သူတို့ညှိရင် ရမှာပါ။ UNFC က ပုဂ္ဂိုလ် တွေကလည်း သွားရောက်ပြီး ထပ်ပြီးညှိနှိုင်းမယ်ဆို ကောင်းမယ်လို့ မြင်ပါတယ်။ နောက်တခုက ပထမတိုက်ပွဲဖြစ်တုန်းက အစိုးရ တပ်က RCSS ကို သွားကူတယ်။ အဲဒါ လုံးဝမဖြစ်သင့်ဘူး။ NCA လက်မှတ်ထိုးလို့ သွားကူတယ် ဆိုတာမျိုး ဖြစ်လာတော့ ဒါက မ ဖြစ်သင့်ဘူး။
ကလေးကစားတာ မဟုတ်ဘူး။ ဒီလိုတွေဖြစ်လာတော့ တိုင်းရင်းသားတွေ အချင်းချင်း အထင်မြင်ကွဲတယ်။ ငြိမ်းချမ်း ရေးနဲ့ ပတ်သတ်ပြီး ပြောရရင်တော့ တိုင်းရင်းသားတွေအတွက် စိတ်မကောင်းစရာပဲ။
အခု စစ်ရှောင်တွေ များလာတယ်။ ဒါက တော်တော်ဝမ်းနည်းဖို့ ကောင်းပါတယ်။ တိုင်းရင်းသားဒေသတွေက ဒေသခံတွေက ဗမာ စကားလည်း ကောင်းကောင်းမတတ်ဘူး။ စာလည်း မတတ်ကြဘူး။ ဒီလိုနဲ့ တိုက်ပွဲဖြစ်တော့ စိတ်နာစရာတွေက ထပ်ဖြစ်နဲ့ တဖက်နဲ့ တဖက် ပြည်သူတွေကြား အမြင်မကြည်ကြရင် မကောင်းဘူး။ ဒါတွေကို တိုက်ပွဲဖြစ်နေတဲ့ နှစ်ဖက်က ထောက်ရှုဖို့ လိုတယ်။ ဒီလို တွေ သူတို့ကြား တိုက်ပွဲတွေ ပိုပြင်းလာရတာက အစိုးရအနေနဲ့ သမာသမတ်မဖြစ်လို့ပဲ။ ငြိမ်းချမ်းရေး တကယ်လိုချင်တယ်ဆို အမြဲ တမ်း ခံနေရတဲ့ တိုင်းရင်းသားတွေဘက်ကို ကိုယ်ချင်းစာနာတရား ကျင့်သုံးဖို့လိုတယ်လို့ပဲ ပြောချင်ပါတယ်။
ဦးအိုက်မုန်း ပလောင် (တအာင်း) အမျိုးသားပါတီ – ဥက္ကဌ
ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်ချင်တယ်။ တကယ်တော့ သူတို့ (RCSS) က ပြန်သွားရင် တိုက်ပွဲက ထပ်ဖြစ်တော့မှာ မဟုတ် ဘူး။ သူတို့က နယ်စပ်ကနေခုန်ပြီးတော့ ပလောင်ဒေသထဲထိ ရောက်လာလို့ ပြဿနာက ဖြစ်တာလေ။ ဒါ့ကြောင့်တိုက်ပွဲ ဖြစ်တယ်။ ရန်ဖြစ်ရတယ်။ ဒီလိုမျိုး တိုင်းရင်းသား အချင်းချင်း လုပ်နေကြတာ မကောင်းဘူး။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ကျနော်တို့ တအာင်း ဘက်က ရှမ်းပြည် တိုးတတ်ရေးပါတီ/ ရှမ်းပြည် မြောက်ပိုင်းတပ်မတော် – SSPP/SSA ကို အကူညီတောင်းပြီး RCSS နဲ့ ရှမ်းအချင်း ချင်း ညှိပေးဖို့ TNLA နဲ့ ကိစ္စ ပြေလည်အောင် ပဋိပက္ခ မဖြစ်အောင် ရှင်းပေးဖို့ စီစဉ်နေပါတယ်။
အခုကတော့ တိုက်ပွဲအတွင်းမှာ ပိတ်ဆို့နေတဲ့ ဒေသခံတွေရော စစ်ရှောင်စခန်းကို ရောက်နေတဲ့ ဒုက္ခသည်တွေရော အရမ်းများ နေတယ်။ မြို့ကရပ်မိရပ်ဖတွေပဲ စားဝတ်နေရေးတွေ အကုန်လုံး အကူညီ ပေးနေရတယ်။ ပြေးလာရတဲ့သူတွေလည်း သနားဖို့ ကောင်းတယ်။ ဒေသခံတွေပဲ ဒုက္ခအရမ်း ရောက်နေရတယ်။ ကျနော်ပြောချင်တာက ကျနော်တို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေချင်ပါတယ်။ ငြိမ်းချမ်းတာကို လိုချင်ပါတယ်။ ဒီတော့အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးကို တခါတည်း လက်မှတ်ထိုးနိုင်ဖို့ လုပ်ဆောင်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ကျနော်တို့ ငြိမ်းချမ်းရေးကို လိုအပ်နေပါတယ်။
စိုင်းအောင်မြင့်ဦး
အမျိုးသား ဗဟိုပြု ပညာရေးနှင့် သုတေသနအဖွဲ့ (ရှမ်းလူငယ်အဖွဲ့ – ရန်ကုန်)
နှစ်ဦးနှစ်ဖက်က ညှိနှိုင်းဖို့ အရေးအကြီးဆုံးပဲဗျ။ ပြည်သူတွေကိုလည်း ငဲ့ပြီးတော့ပေါ့ ။ အခုပြည်သူတွေက ဒုက္ခအတိ ရောက်နေ တယ်။ စစ်ရှောင်သုံးထောင် ကျော်နေပြီ။ တိုက်ပွဲဖြစ်နေတဲ့ နှစ်ဦးနှစ်ဖက်ညှိပြီးတော့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ပြန်နေရာ ချထားပေးဖို့ စီစဉ်ပေးစေချင်ပါတယ်။ နယ်မြေစိုးမိုးရေး ကိစ္စတွေက နှစ်ဦးနှစ်ဖက်မှာ ဘယ်သူပိုင်မြေဆိုတာ မသတ်မှတ်ရသေး တော့ အခုလိုလုပ်နေကြတယ်။ လက်ရှိအခြေအနေမှာ ပြည်သူတွေ ထပ်ထွက်ပြေးလာကြပါတယ်။ ဒါတွေက အနာဂတ်အတွက် မကောင်းတဲ့ သမိုင်းကြောင်းတွေပဲ ဖြစ်လာမယ်။
ကျနော်သိတာတော့ RCSS ဘက်က ကမ်းလှမ်းတာ ကြာလှပြီ။ တဖက်ကကမ်းလှမ်းတဲ့ပေါ်မှာ မညှိနှိုင်းတဲ့အပြင် ပိုတောင်မှ အားဖြည့်လာတယ်။ နေ့စဉ်နဲ့အမျှ တိုက်တယ်။ မနေ့ညက တညလုံး ဗုံးသံတွေ သေနတ်သံတွေ ကြားနေရတယ်။ ဒါတွေကို ကျနော်တို့ ရှုံချတယ်။ ကမ်းလှမ်းတဲ့ဘက်က ကမ်းလှမ်းနေပြီ။ တခါတည်း ညှိလိုက်ရင်တော့ ပြေလည်တာပေါ့ဗျာ။ အခုက ဆက်တိုက်တိုက်နေတော့ နှစ်ဖက်လည်း အထိနာတယ်။ ပြည်သူတွေလည်းကြားက ထိခိုက်နေပါတယ်။
တိုက်ပွဲဖြစ်စဉ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဒေသခံတွေကို နှိပ်စက်တယ်လို့ အပြန်အလှန် ထွက်နေတဲ့ သတင်းတွေ အပေါ်မှာ ကျနော်မြင်တာကတော့ တဖက်က ဘာမှမလုပ်ဘူး။ ရွာထဲကို မဝင်ဘူး။ တဖက်ကတော့ ရွာထဲမှာဝင်ပြီး ရွာကို အ ကာအကွယ် ယူပြီးတော့ လုပ်နေတယ်။ ဒါကို ကျနော်တို့ ရှုံချတယ်။ ကျနော်တို့က မြေပြင်မှာရှိနေတော့ ဒါတွေကို တွေ့နေရပါ တယ်။ အဖွဲ့အစည်းနာမည် တတ်ချင်ပေမယ့် မကောင်းလို့ တပ်မပြောတော့ပါဘူး။ ဒီလိုလုပ်ရပ်တွေက သူတို့အဖွဲ့အစည်းမှာ ဂုဏ်သိက္ခာ ကျဆင်းနိုင်ပါတယ်။ သူတို့အပေါ်ကို နောက်ဆုံး သောင်းကျန်းသူအဖြစ် နာမည်တပ်လို့ ကျနော်တို့ ဒေါသဖြစ်မိတယ်။ စိတ်ဆိုးမိပါတယ်။