အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရွေးကောက်ခံ ကယားပြည်နယ် ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းသည် ယခုလအတွင်း ကလေးမွေးဖွားပြီး ၃ ရက်အကြာတွင် ပြည်သူ့လွှတ်တော် ပထမနေ့ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ထိုသို့သော အခြေအနေတွင် မြန်မာနိုင်ငံ၌ လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နေရသော မိခင်များကိုကူညီရန် ကလေးစောင့်ရှောက်ရေး ဝန်ဆောင်မှုများပေးခြင်း၊ မီးဖွားခွင့် လုံလောက်စွာ ရရှိခြင်းတို့အတွက် လက်တွေ့ကျသော လူမှုဖူလုံရေး မူဝါဒကို လိုအပ်နေပြီဖြစ်ကြောင်း လွှတ်တော်အမတ်များနှင့် လူမှုတက်ကြွလှုပ်ရှားများက ထောက်ပြ တိုက်တွန်းခဲ့ကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်တွင် ယခင်လွှတ်တော်နှင့် ယှဉ်လျှင် အမျိုးသမီးအရေအတွက် ၃၁ ဦးမှ ၆၅ ဦးအထိ ၂ ဆ တက်လာသော်လည်း အလုပ်လုပ်နေကြသော မိခင် ဖခင်များအတွက် လိုအပ်သည့် ထောက်ပံ့မှုများ – ဥပမာ မိသားစုအဆောင်များ ထားရှိသည်ကိုမတွေ့ရပါ။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းဇယားများအရ တနိုင်ငံလုံးတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီး ၇၉၁ ဦးအနက် ၁၄၉ ဦး ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။ ပြည်သူ့လွှတ်တော်တွင် ၄၂ ဦး၊ အမျိုးသား လွှတ်တော်တွင် ၂၃ ဦး၊ တိုင်းဒေသကြီး လွှတ်တော်တွင် ၈၄ ဦးတို့ ရွေးချယ်ခံခဲ့ရပြီး အမျိုးသမီး အချိုးအစားသည် ရွေးချယ်ခံ အမတ်စုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းခန့် ရှိသည်။ အမျိုးသမီး ၅၃ ဦးသာ ရွေးချယ်ခံရသည့် ၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၃ ဆနီးပါး မြင့်တက်ခဲ့သည်။
ထက်မြက်သော အမျိုးသမီးများကို နေရာပေးဖို့လို
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် အမတ်တဦးဖြစ်ပြီး အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူဖြစ်သော ဒေါ်ရွှေရွှေစိန်လတ်က လွှတ်တော်အနေနဲ့ မိသားစုများအတွက် ကူညီထောက်ပံ့ပေးမှု နည်းပါးကြောင်းပြောခဲ့သည်။
ဒေါ်ရွှေရွှေစိန်လတ်က “သီးသန့်မိသားစု အဆောင်ဆိုတာမျိုး ရှိသင့်ပါတယ်။ ဒါပေမယ့် ဒီအတွက် ကျား/မ ရေးရာ ဘက်ဂျက် (Gender Budget) လိုအပ်ပါတယ်။ လွှတ်တော်တွင်းမှာ လွှတ်တော်အမတ် မိခင်တွေအနေနဲ့ ကလေးနို့တိုက်ဖို့ လိုအပ်ပါတယ်။ ကျမ လေ့လာမိလောက် တခြားနိုင်ငံက လွှတ်တော်တွေမှာ နို့တိုက်ခန်းနဲ့ နေ့ကလေးထိန်းဌာန ရှိတယ်။ အမေနို့တိုက်ခန်းလို မိသားစု လွတ်လွတ်လပ်လပ် နေရတဲ့ အခန်းတွေ ထားရှိပေးထားပါတယ်” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ လွှတ်တော်တွင်လည်း ကလေးငယ်များကို စောင့်ရှောက်သည့် နေရာတနေရာ ရှိသင့်ကြောင်း ဒေါ်ရွှေရွှေစိန်လတ်က အကြံပြုခဲ့ပြီး နေပြည်တော်တွင် ၅ နှစ်ကြာအောင် တာဝန်ထမ်းဆောင်ရမည် ဖြစ်သော တချို့ လွှတ်တော်အမတ်များတွင် ငယ်ရွယ်သော ကလေးများ ရှိကြကြောင်း ထောက်ပြခဲ့သည်။
“လွှတ်တော်မှာ ကလေးကို ကျောပိုးပြီးတော့ ဆွေးနွေးတဲ့ လွှတ်တော်အမတ် တယောက်ကို တွေခဲ့ဖူးပါတယ်” ဟု ဥရောပအစိုးရများကို ရည်ညွှန်းပြောဆိုခဲ့သည်။ မကြာသေးခင်က စပိန်နိုင်ငံမှ လွှတ်တော် အမတ် ကာရိုလီနာ ဘတ်စကန်ဆာ (Carolina Bascansa) က ယခုလအစောပိုင်းတွင် ကျင်းပသည့် စပိန်လွှတ်တော် အစည်းအဝေးသို့ နို့စို့အရွယ် သားဖြစ်သူအား ခေါ်ဆောင်လာသည့်အတွက် မီဒီယာများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။
ဒေါ်ရွှေရွှေစိန်လတ် အနေဖြင့် အစိုးရအိမ်ရာများတွင် မိသားစုများအတွက် စီမံပေးမှု အားနည်းပြီး လွှတ်တော်အမတ်များ နေထိုင်သည့် နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ချက်ပြုတ်စားသောက်ရန် အများသုံး မီးဖိုချောင် မရှိသည်ကို အားနည်းချက် တခုအနေဖြင့် မြင်ခဲ့သည်။
ကလေးငယ်များကို စောင့်ရှောက်နိုင်ခွင့် ရရှိရေးမှာ အမျိုးသမီးများ၏ အခွင့်အရေးသာမက မိခင်ဖခင်၏ စောင့်ရှောက်ခွင့်ကို ရရှိရေးမှာလည်း ကလေးတယောက်၏ အခွင့်အရေးဖြစ်သည်။
နေ့ကလေးထိန်း ဌာနများကို လွှတ်တော် တခုတည်းတွင်သာမက အလုပ်ခွင်အားလုံးတွင် ထားရှိရန် လိုအပ်သည်ကို တိုက်တွန်းကြောင်း ဒေါ်ရွှေရွှေစိန်လတ်ကပြောခဲ့သည်။
“ကျမတို့နိုင်ငံမှာ ကျေးရွာတွေ၊ ရပ်ကွက်ထဲက ပျံကျဈေးသည်တွေနဲ့ ဈေးသွားရမည့် အမျိုးသမီးတွေအတွက် နေ့ကလေးထိန်း ဌာနတွေ ရှိသင့်ပါတယ်။ အခုဒီမှာက မိခင်ဖြစ်သူတွေက ဈေးရောင်းထွက်ရမယ် ဆိုတော့ အငယ်တွေကို ထိန်းဖို့ မောင်နှမ အကြီးတွေက ကျောင်းထွက်ကြရပါတယ်။ တကယ်လို့ နေ့ကလေးထိန်းဌာနတွေ လုပ်နိုင်မယ်ဆိုရင် အလုပ်လုပ်နေတဲ့ မိခင်တွေ (အစိုးရဝန်ထမ်းများ သို့မဟုတ် ဈေးသည်များ) အတွက် အများကြီး အဆင်ပြေပါလိမ့်မယ်။” ဟု ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။
လွှတ်တော်တွင် ငယ်ရွယ်ပြီး အရည်အချင်းရှိသော အမျိုးသမီးများ ပါဝင်မှု မြင့်တက်လာသည့်အတွက် မြန်မာနိုင်ငံလုံးတွင်လည်း ထိုကဲ့သို့ အရည်အချင်းရှိ အမျိုးသမီးများစွာ သူ့နေရာနှင့်သူရှိနိုင်ပြီး၊ အလုပ်လုပ်သည့် မိခင်များအတွက် အခက်အခဲများကြောင့်သာ နောက်ကျကျန်ရစ်ခဲ့နိုင်ကြောင်းလည်း ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။
“သူတို့ရဲ့ လုပ်အားတွေ သူတို့ရဲ့ အရည်အချင်းတွေ၊ သူတို့ရဲ့ စွမ်းရည်တွေသာ အပြည့်အ၀ အသုံးနိုင်တယ်ဆိုရင် တိုင်းပြည်တိုးတက်ရေးက ပိုမြန်ဆန်ပါလိမ့်မယ်။ အခွင့်အရေးလိုချင်လို့ ပြောတာ မဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည် အနာဂတ်အတွက်၊ ကလေးတွေအတွက် နိုင်ငံတော်က အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကို ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်” ဟု ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။
အလုပ်တဖက်နှင့် မိခင်များအတွက် အခွင့်အရေး
မဝင်းမြတ်ဝေသည် ရန်ကုန်မြို့ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းတွင် Media and Communications Coordinator တယောက်အဖြစ် အလုပ်လုပ်နေပါသည်။
လွန်ခဲ့သည့် ၃လက သမီးလေးတယောက် မွေးဖွားခဲ့သော မဝင်းမြတ်ဝေသည် လက်ရှိတွင် အလုပ်ကို အချိန်ပိုင်း ပြန်လည် ဝင်ရောက် လုပ်ကိုင်နေပြီး ကလေးအား အချိန်ပြည့် စောင့်ရှောက်ရန်အတွက် ခွင့်ရက်ရှည် ရရှိနိုင်ရန် မျှော်လင့်ခဲ့သည်။
“၆ လအထိ မိခင်နို့ရည် တမျိုးတည်းပဲ တိုက်ရမယ်ဆိုတော့ မိခင်နဲ့ ကလေး အနည်းဆုံး ၆ လ အတူတူရှိတာ ပိုကောင်းပါတယ်” ဟု မဝင်းမြတ်ဝေက ပြောသည်။
နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း (ILO) ၏ သတ်မှတ်ချက်အရ မြန်မာနိုင်ငံမှ အမျိုးသမီးများသည် တရားဝင် မီးဖွားခွင့် အနည်းဆုံး ၁၂ ပတ်နှင့် လစာ၏ ၃ ပုံ ၂ ပုံ ခံစားခွင့်ရှိသည်။
အကယ်၍ မဝင်းမြတ်ဝေသာ အစိုးရ ဝန်ထမ်းဖြစ်လျှင် ခွင့်ရက် ပိုမိုရရှိလိမ့်မည် ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် အစိုးရ ဝန်ထမ်းများအတွက် တရားဝင် မီးဖွားခွင့်ကို ၃ လမှ ၆ လ အထိ တိုးမြှင့်ပေးခဲ့သည်။ ထို့အပြင် ဖခင်ဖြစ်သူများလည်း လစာအပြည့်ဖြင့် ခွင့် ၂ ပတ် ရရှိမည်ဖြစ်သည်။
“အစိုးရဌာနတွေသာမက ပုဂ္ဂလိက ဌာနတွေနဲ့ အန်ဂျီအို အဖွဲ့အစည်းတွေမှာလည်း အလုပ်လုပ်နေတဲ့ မိခင်တွေအတွက် မွေးဖွားခွင့် အနည်းဆုံး ၆ လကို ဖန်တီးပေးသင့်တယ်” ဟု သူက ဆိုသည်။
မဝင်းမြတ်ဝေ၏ အလုပ်ခွင်တွင် ရှားပါးလှသည့် ဝန်ဆောင်မှုတရပ်အဖြစ် ကလေးနို့တိုက်ခန်း တခန်းရှိပါသည်။
“အမျိုးသမီး အများစုကတော့ ကလေးကို အဖွားတွေဆီမှာ ထားခဲ့တယ်။ ဒါမှမဟုတ် ကလေးအဖေတွေနဲ့ ထားခဲ့ကြတယ်။ ဒါပေမယ့် ကျမကတော့ ကလေးကို ခေါ်လာရပါတယ်။ ကျမမှာ ကလေးကို ထားခဲ့ဖို့ အဖွားလည်း မရှိပါဘူး။ ပထမဦးဆုံး ရုံးပြန်တက်တဲ့ နေ့မှာပဲ ကလေးနို့တိုက်ခန်းကို လိုက်ရှာခဲ့ပါတယ်” ဟု မဝင်းမြတ်ဝေက ဧရာဝတီသို့ ပြောသည်။
သို့သော် မကြာခင်မှာပဲ မိခင်အများစု အသုံးမပြုသဖြင့် အစည်းအဝေးခန်းအဖြစ် ပြောင်းလဲ အသုံးပြုခဲ့သော ကလေးနို့တိုက်ခန်းကို မဝင်းမြတ်ဝေတယောက် ရှာတွေ့ခဲ့ပါသည်။ သူစတင် အသုံးပြုခဲ့သည့် အချိန်မှာသာ အဆိုပါအခန်းအား မိခင်နှင့် ကလေးများအတွက် လိုအပ်သည်များကို ပြန်လည် ပြင်ဆင်ခဲ့သည်။
“ကလေးရလာပြီဆိုတဲ့ အခါကျတော့ ကိုယ့်ကလေးနဲ့ နေချင်တယ်ပေါ့နော်။ နောက်ပြီး ကလေးကို အနည်းဆုံး ၆ လ မိခင်နို့ တိုက်ချင်တယ်။ အဲဒီအတွက် မိခင်ဖြစ်သူက လုပ်ငန်းခွင် ပြန်ဝင်တဲ့အခါ ကလေးကို နို့တိုက်ချင်တဲ့စိတ်က တဖက်ဆိုတော့ စိတ်ဖိစီးမှုတွေ ပိုရတယ်” ဟု မဝင်းမြတ်ဝေက ပြောသည်။
ခင်ပွန်းဖြစ်သူက အလုပ်မထွက်ရန် အားပေးခဲ့သည့်အတွက် ကလေးကို စောင့်ရှောက်ရန် စီစဉ်နိုင်သော်လည်း အချိန်ပြည့် အလုပ်ပြန်လုပ်သည့်အခါ အလုပ်တာဝန်နှင့် ကလေးစောင့်ရှောက်မှုကို ညီမျှအောင် ဆောင်ရွက်ရန် ပင်ပန်းလိမ့်မည် ဖြစ်ပြီး အလုပ်ခွင်တွင် ကလေးများအတွက် သက်သောင့်သက်သာ ရှိမည့်နေရာတခုကို ဖန်တီးပေးစေချင်ကြောင်း မဝင်းမြတ်ဝေက ပြောသည်။
အလုပ်လည်း မပျက်၊ ကလေးကိုလည်း ဂရုစိုက်
မြန်မာငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံ (MIPSS) အဖွဲ့၏ အမှူဆောင် ဒါရိုက်တာ ဒေါ်ခင်မမမျိုးက မကြာခင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တက်ရောက်ရမည့် အစည်းအဝေးသို့ ကလေးခေါ်ခွင့်နှင့် ကလေး စောင့်ရှောက်ရေးများ ပါဝင်ကြောင်း ဖိတ်စာတွင် တပါတည်း ထည့်သွင်းဖော်ပြခဲ့သည့်ကို သဘောကျ လေးစားခဲ့သည်။
“အစည်းအဝေးကို ကလေးခေါ်လာချင် ခေါ်လာနိုင်ပါတယ်။ ကလေးစောင့်ရှောက်မှုတွေ ထားရှိပေးထားတယ်ဆိုတဲ့ ဖိတ်စာကို ကျမရရှိခဲ့ပါတယ်” ဟု ဒေါ်ခင်မမမျိုးက ပြောသည်။
ညီလာခံများတွင် အမျိုးသမီးများ ပါဝင်နိုင်ရေးက ကလေးရှိနေသည့် အတွက် မပါဝင်နိုင်ခြင်း မဖြစ်စေရန် လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း ညွှန်းဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် မြို့နယ် ရပ်ကွက်တိုင်း၌ နေ့ကလေးထိန်း ဌာနများကို အစိုးရက ထောက်ပံ့ပေးခြင်းဖြင့် မိဘများကို စတင်ပံ့ပိုးနိုင်ကြောင်း ဒေါ်ခင်မမမျိုးက အကြံပြုသည်။ ကလေးစောင့်ရှောက်မှု သင်တန်းများ ပေးခြင်းကလည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်ကြောင်းနှင့် အိမ်တွင် ကလေးထိန်းသော အမျိုးသမီးများ အနေဖြင့် အလုပ်လုပ်ချင်သူများကို လုပ်ပိုင်ခွင့် သင်တန်းပေး၍ လိုင်စင်ချထားပေးမှုများ ပြုလုပ်နိုင်ကြောင်း ဒေါ်ခင်မမမျိုးက ပြောသည်။
“စက်ရုံ၊ အလုပ်ရုံ၊ ရုံးဌာနနဲ့ ကျောင်းတွေမှာ အလုပ်သွားကြမယ့် အမျိုးသမီးတွေ အနေနဲ့လည်း ကိုယ့်ကလေးက စနစ်တကျ ထိန်းသိမ်းစောင့်ရှောက် ခံရတဲ့အတွက် စိတ်ဖြောင့်လက်ဖြောင့် သွားနိုင်ပါလိမ့်မယ်” ဟု ဒေါ်ခင်မမမျိုးက ပြောသည်။
ကလေးစောင့်ရှောက်ခြင်းမှာလည်း ကလေးကို အပြင်မထွက်ရန် ထိန်းသိမ်းမှု တခုတည်း မဟုတ်ဘဲ စိတ်နေစိတ်ထား ဖွံဖြိုးတိုးတက်ရေး အတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါ်ခင်မမမျိုးက သတိပေးပြောကြားခဲ့သည်။ ထိုကြောင့် မြန်မာနိုင်ငံတွင် ခိုင်မာသော လူမှုဖူလုံရေး မူဝါဒတခုကို ချမှတ်သင့်ပြီး အမျိုးသမီးအရေးကို မြှင့်တင်ရန် ဆောင်ရွက်သင့်ပါကြောင်း ဒေါ်ခင်မမျိုးက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော ရင်စနိုင်း၏ Women Demand Support for Burma’s Working Mothers ကို ဆုမွန်ဖြိုး ဘာသာပြန်ဆိုသည်။)