နေ့စဉ်နေ့တိုင်း စစ်ပြေးဒုက္ခသည်များ ဝင်ရောက်လာနေသည့်အတွက် ယခုဆိုလျှင် ကျောက်မဲမြို့မှာ စစ်ပြေးဒုက္ခသည်စခန်းများ ဖွင့်လှစ်ထားသော မြို့တမြို့ ဖြစ်လာပါသည်။
တိုက်ပွဲများကြောင့် လူဦးရေ ၃,၀၀၀ ကျော်သည် နေရပ် စွန့်ခွာရွှေ့ပြောင်းခဲ့ရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားသည်။ ဘုန်းကြီးကျောင်းများတွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်း အနည်းဆုံး ၁၁ ခုရှိသည်။ အများစုမှာ ရှမ်းတိုင်းရင်းသားများ ဖြစ်ကြသော်လည်း ပလောင်တိုင်းရင်းသားများလည်း ရှိကြသည်။
ကျောက်မဲမြို့နယ်ထဲတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) လက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်နေကြပါသည်။
ရှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲမြို့တွင် ရှမ်း၊ ပလောင်၊ ကချင်၊ ကိုးကန့်တိုင်းရင်းသားများနှင့် တရုတ်နိုင်ငံသားများ နေထိုင်ကြသည်။ အဆိုပါ တိုင်းရင်းသားပေါင်းစုံနေထိုင်ကြသော ကျောက်မဲမြို့သည် အချိန်အတော်ကြာ ငြိမ်းချမ်းခဲ့သော်လည်း ရှမ်းစစ်ပြေးဒုက္ခသည် အများစုရှိသည့်နေရာတွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ပလောင်နှင့် ရှမ်းလူမျိုးစုများအကြား မယုံသင်္ကာမှုများ ဖြစ်ပေါ်လာခဲ့သည်။
သံသယတွေနဲ့ မြို့
နောက်တနေ့ မနက်တွင် ကျနော်၏ ရှမ်းတိုင်းရင်းသား ကားမောင်းသမားက ဟိုတယ်ရှာရန် ကျောက်မဲမြို့ထဲသို့ ၎င်း၏ မော်တော်ဆိုင်ကယ်ဖြင့် မောင်းပို့ခဲ့သည်။ ထို့ဒေသတွင်း တိုက်ခိုက်မှုများအကြောင်းနှင့် မြို့တွင်း ညဖက်တွင် လမ်းလျှောက်ရန် မလုံခြုံကြောင်း ပြောခဲ့သည်။ “မြို့ထဲမှာ TNLA တပ်ဖွဲ့တွေ အများကြီးရှိတယ်။”
“TNLA က တော်တော် ပြဿနာရှာကြတယ်။ သူတို့မှာ အင်အားကောင်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိပြီးတော့ ရှမ်းကို တိုက်ခိုက်တယ်။ နောက်ပြီး သူတို့က ကိုးကန့်၊ ကချင်တွေနဲ့လည်း မဟာမိတ်တွေ”ဟု ကျနော့် ဒရိုင်ဗာမိတ်ဆွေ ပြောသည်။
ထိုဆိုင်ကယ်သမားနှင့် မိနစ်အနည်းငယ် ရင်းနှီးစွာ စကားပြောပြီးနောက် ၎င်းက ကျနော်ကို ပလောင်တိုင်းရင်းသားလားဟု မေးပါသည်။ ကျနော်က ပလောင်မဟုတ်ပါ။ မွန်တိုင်းရင်းသားဖြစ်ကြောင်း ပြန်ဖြေခဲ့ပါသည်။
အဆိုပါဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် တပ်စခန်းနေရာများနှင့် ပတ်သတ်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားပြီးနောက် လူမှုဆက်ဆံရေးတွင် တယောက်နှင့်တယောက် ယုံကြည်မှု မရှိတော့ပါ။ အချို့ရှမ်းခေါင်းဆောင်များပင်လျှင် ကျနော်အား ပလောင်တိုင်းရင်းသားလား ဟုမေးကာ မွန်တိုင်းရင်းသားဖြစ်ကြောင်း ပြန်လည်ဖြေဆိုပြီးမှသာ တရင်းတနှီး ပြောဆိုဆက်ဆံကြပါသည်။
“ဒီနေရာမှာ ပလောင်က သူလျှိုတွေ အများကြီးရှိတယ်။ ကျနော်တို့ စကားပြောတဲ့အခါ သတိထားရတယ်”ဟု ဘုန်းကြီးကျောင်းရှိ စစ်ပြေးရှောင်ဒုက္ခသည်စခန်းမှ လူမှုဆက်ဆံရေးခေါင်းဆောင် နဂါး ကပြောသည်။
စိတ်ဝမ်းကွဲစေတဲ့ ငြိမ်းချမ်းရေးစာချုပ်
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) က ရှမ်းမြောက်ပိုင်း၏ လူမှုရေး သဟဇာတဖြစ်နေမှုကို ဖျက်ဆီးလိုက်ကြောင်း ဧရာဝတီက တွေ့ဆုံမေးမြန်းသူများက အပြစ်တင်ခဲ့သည်။
ရှမ်းတောင်ပိုင်း တပ် RCSS/SSA အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခင်က လှုပ်ရှားမှု မရှိခဲ့ဘဲ နမ့်ခမ်းမြို့တွင် အသေးစား အခြေစိုက်တပ်ဖွဲ့တဖွဲ့သာ ရှိခဲ့ပါသည်။ RCSS/SSA က NCA စာချုပ်ကို လက်မှတ်ထိုးအပြီး ကျောက်မဲ၊ နမ့်ဆန်နှင့် နမ်ခမ်းတို့တွင် တပ်ဖွဲ့များ ပိုမိုဖြန့် ချထားခဲ့သည်။
ရှမ်းပြည် မြောက်ပိုင်းတွင် အခြေစိုက်နေသော တိုင်းရင်းသား လက်နက်ကိုင် ကချင်လွတ်လပ်ရေးတပ်မတော် Kachin Independence Army (KIA)၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) the Shan State Army-North (SSA-N)နှင့် TNLA တို့က လက်မှတ်မထိုးသေးပါ။
မန္တလေးတိုင်းမှ ဦးစိုးမြင့်သည် ပလောင်အမျိုးတဦးနှင့် လက်ထပ်ခဲ့ပြီး တိုက်ပွဲများ ဖြစ်ပွားသော ခဟိန်ရွာတွင် အနှစ်၂၀ နီးပါးနေထိုင်ခဲ့သည်။ ဦးစိုးမြင့်နှင့် ဇနီးဖြစ်သူတို့သည် ကျောက်မဲမြို့ ဘုန်းကြီးကျောင်းရှိ စစ်ပြေးဒုက္ခသည်စခန်းတွင် ရှမ်းတိုင်းရင်းသားများနှင့်အတူ နေထိုင်ကြပါသည်။ တိုက်ပွဲများဖြစ်ပွားသည့်အခါ ထွက်ပြေးခဲ့ရပါသည်။
ဦးစိုးမြင့်က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှမ်းနှင့် ပလောင်တို့သည် အချိန်ကြာမြင့်စွာ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ခဲ့ကြပြီး TNLA နှင့် SSA-N မှ ခေါင်းဆောင်များသည်လည်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ကြသည်။ သို့သော် ရှမ်းတောင်ပိုင်းမှ RCSS/SSA ဝင်ရောက်လာသောအခါ ရှမ်းနှင့် ပလောင်တို့မှာ သူစိမ်းဆန်ကာ ရန်လိုလာခဲ့ပြီး ဆက်ဆံရေး ပျက်ပြားခဲ့ကြောင်း ပြောသည်။
“အဲဒီတောင်ပိုင်းတပ်တွေက ရှမ်းတွေနေထိုင်တဲ့ ဒေသကို ချုပ်ကိုင်ချင်နေကြတယ်။ ဒါပေမယ့် ပလောင်တွေကလည်း ချုပ်ကိုင်ချင်တယ်။ အဲဒါကြောင့် တိုက်ပွဲတွေဖြစ်တာ”ဟု ဦးစိုးမြင့်က ပြောသည်။
TNLA အနေဖြင့် ထိန်းချုပ်ရာ ဒေသရှိ ရွာများ RCSS/SSA သို့ အကူအညီများ ပေးနေသည်ကို မကြိုက်ပါ။ ထို့နောက် TNLA က မကျေနပ်သောအခါ ရွာကို ခြိမ်းခြောက်ခဲ့ကြောင်း ဦးစိုးမြင့်က ပြောသည်။
“ကျနော်တို့ ရွာမှာ တိုက်ပွဲတပွဲ ဖြစ်ခဲ့ပြီး ၂ ဖက်လုံးက တပ်သားတွေ သေကြပါတယ်။ ကျနော်တို့ ရွာသားတွေကပဲ ဘုန်းကြီးတွေကို ဆွမ်းကပ်ပြီး ဈာပနလုပ်ပေးကြပါတယ်။ ဒါပေမယ့် ရွာသားတွေက သေဆုံးသွားတဲ့ ပလောင်တပ်သားတွေအတွက် ဘာမှ မလုပ်ပေးတော့ ပလောင်တပ်က ဒေါသထွက်ပြီး ရွာကိုဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်” ဟု ဦးစိုးမြင့်က ပြောသည်။
SSA-N ၏ နိုင်ငံရေးအဖွဲ့ ရှမ်းပြည်နယ် တိုးတက်ရေးပါတီ (Shan State Progressive Party – SSPP) ၏ ပြောရေဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆုက “ဒါက အချိန်အကြာကြီး အေးအေးချမ်းချမ်း အတူတကွ နေထိုင်ခဲ့ပြီး အခု တယောက်ကိုတယောက် သတ်နေကြတဲ့ ကျနော်တို့ ရှမ်းနဲ့ ပလောင်အတွက် ဝမ်းနည်းစရာပါ”” ဟု ပြောဆိုကာ “NCA လက်မှတ်မထိုးခင်တုန်းက ကျနော်တို့ အတူတူ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခဲ့ကြတယ်”ဟု မှတ်ချက်ပေးခဲ့သည်။
ကြက်ပွဲ
SSPP မှ ဗိုလ်မှူးစိုင်းဆုနှင့် အခြားခေါင်းဆောင်များက TNLA နှင့် RCSS/SSA တို့အကြား အခြေအနေတင်းမာခဲ့သည့် တောက်ဆန်နှင့် အခြားရွာများသို့ သွားရောက်လေ့လာသောအခါ လမ်းပေါ်တွင် ထွက်ပြေးနေသော ဒေသခံအများအပြားကို တွေ့မြင်ခဲ့ရကြောင်း ဗိုလ်မှူးစိုင်းဆုက ပြောသည်။
“ရွာကနေ လူတွေအများကြီး ဒီလိုထွက်ပြေးနေတာကို မြင်ရလိမ့်လို့ ကျနော် မမျှော်လင့်ခဲ့ပါဘူး။ ကျနော်တို့ အစိုးရအနေနဲ့ အမျိုးသားစည်းလုံးရေးအတွက် ငြိမ်းချမ်းရေးတွေ ဆောင်ရွက်ပြီး ဒီမိုကရေစီ လမ်းကြောင်းကို သွားတဲ့အခါ ဒီလိုအကြီးစား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့လည်း ကျနော် မမျှော်လင့်ခဲ့ပါဘူး”ဟု သူက ပြောသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားနေသော ကျေးရွာ ၆ ရွာအနီး မြန်မာ့တပ်မတော်သား ၅၀၀ ခန့် အခြေစိုက်ထားသော်လည်း တိုက်ပွဲများ ဖြစ်လာနေသည်အား မဆိုင်သလို ရပ်ကြည့်နေခဲ့ကြကြောင်း သူက ဆိုသည်။
“ဒီ ၂ ဖွဲ့ တိုက်နေတာကို မြန်မာစစ်တပ်က အဝေးကနေ စောင့်ကြည့်နေခဲ့တယ်။ ဒီကြက်ဖ ၂ ကောင်ကို ချက်စားဖို့ ပြင်ဆင်နေရုံပဲ။ အဲဒီကြက်ဖ ၂ကောင် ဆက်မတိုက်နိုင်တဲ့အချိန်ကျရင် သူတို့ ချက်စားလိမ့်မယ်”ဟု ဗိုလ်မှူးစိုင်းဆုက ပြောသည်။
တိုက်ပွဲဖြစ်ရခြင်း အကြောင်းရင်းနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုများကို ပလောင်နှင့် ရှမ်းတပ်ဖွဲ့များ အပြန်အလှန် စွပ်စွဲနေကြသည်။ RCSS/SSA အနေဖြင့် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း TNLA ၏ စွပ်စွဲချက်ကို RCSS/SSA က မမှန်ကြောင်း ငြင်းဆိုသည်။
ဗိုလ်မှူးစိုင်းဆုကမူ ပလောင်တပ်အနေဖြင့် ရှမ်းရွာသား ၇ ယောက်ကို သတ်ဖြတ်မှုတွင် ဆက်နွယ်နေကြောင်း ဆိုသည်။
“အသတ်ခံရတဲ့ ၃ ဦးရဲ့ သက်သေတွေကို ကျနော်တို့ ရထားပါတယ်။ သူတို့ မိသားစုဝင်တွေ ပြောပြချက်အရ စုစုပေါင်း ၇ ဦးလို့ သိရပါတယ်။ ဓာတ်ပုံ သက်သေတွေအရ အသတ်ခံတဲ့ လူတွေအားလုံးက ခေါင်းကို သေနတ်နဲ့ အပစ်ခံရတာပါ” ဟု ဗိုလ်မှူးစိုင်းဆုက ပြောသည်။
“ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောဖို့ ဝမ်းနည်းစရာကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ ရှမ်းနဲ့ ပလောင်တို့က အချိန်အကြာကြီး အတူတူနေထိုင်ခဲ့ကြတယ်။ တယောက်နဲ့တယောက် သတ်ဖြတ်တာတွေလည်း မရှိခဲ့ဘူး။ ဒေသခံတွေကို အန္တရာယ်မပေးသင့်ပါဘူးလို့ လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့စလုံးကို ကျနော်ပြောချင်ပါတယ်။”
TNLA ကမူ ယင်းစွပ်စွဲချက် မမှန်ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ထားသည်။
တိုက်ပွဲများ ရပ်စဲရန် အရေးကြီးကြောင်း ဗိုလ်မှူးစိုင်းဆုက အလေးအနက်ထား ပြောသည်။ သို့မဟုတ်လျှင် အခြေအနေမှာ လူမျိုးစု အချင်းချင်းကြား မုန်းတီးမှုများ မြင့်တက်လာမည်ကို စိုးရိမ်ရကြောင်းလည်း ဆိုသည်။
“ကျနော်တို့ တိုင်းပြည်က မကြာခင်မှာ အစိုးရသစ်ကို အာဏာလွဲပြောင်းတော့မှာပါ။ ဒီလိုတိုက်ပွဲတွေ မလိုအပ်ပါဘူး။ အခုလိုချိန်မှာ ထောင်ပြောင်းများစွာသော လူတွေက သူတို့ရဲ့အိမ်ကနေ ထွက်ပြေးနေကြရတယ်။ ဒီလို တိုက်ပွဲတွေက တိုင်းပြည်အတွက် ကောင်းကျိုးမရှိပါဘူး” ဟု ဗိုလ်မှူးစိုင်းဆုက ဧရာဝတီသို့ ပြောဆိုသည်။