သတင်းတို

ပြည်သူ့လွှတ်တော် ကော်မတီ ၃ ရပ် ထပ်မံ ဖွဲ့စည်းမည်

This article has been converted from Zawgyi One to Unicode

ပြည်သူ့လွှတ်တော် ကော်မတီ ၃ ရပ် ထပ်မံ ဖွဲ့စည်းမည်ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် လွှတ်တော် ကော်မတီ ၃ ရပ် ထပ်မံဖွဲ့စည်းမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။

ကော်မတီ ၃ ခုတို့မှာ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီနှင့် ပညာရေးမြှင့်တင်မှုကော်မတီတို့ဖြစ်ပြီး ယင်းကော်မတီများတွင် ပါဝင်မည့်သူများကို ပြည်သူ့လွှတ်တော်တွင် ကြေညာခဲ့သည်။

ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် ဥက္ကဌအဖြစ် လှိုင်သာယာမြို့နယ်မှ ဒေါက်တာသန်းမြင့်နှင့် အတွင်း ရေးမှူးအဖြစ် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်တို့ဖြင့် လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘ၀ ဖွံ့ဖြိုး တိုးတက် ရေး ကော်မတီတွင် ဥက္ကဌအဖြစ် ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်းနှင့် အတွင်းရေးမှူးအဖြစ် အင်းစိန်မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦးတို့ ဖြင့် လည်းကောင်း၊ ပညာရေးမြှင့်တင်မှု ကော်မတီတွင် ဥက္ကဌအဖြစ် ကျောက်ဆည်မဲဆန္ဒနယ်မှ ဒေါက်တာတင်အောင်နှင့် အတွင်း ရေးမှူးအဖြစ် တွန်းဇံမဲဆန္ဒနယ်မှ ဦးခမ်ခန့်ထန်တို့ဖြင့် ဖွဲ့စည်းမည်ဟု ပြည်သူလွှတ်တော် ဥက္ကဌက ကြေညာခဲ့သည်။

အဆိုပါ လွှတ်တော်ကော်မတီ ၃ ရပ်ကို အဖွဲ့ဝင် ၁၅ ဦးစီဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကော်မတီတခုစီ၏ အမည်စာရင်းတွင် တပ်မတော် သား ကိုယ်စားလှယ် တဦးစီနှင့် အခြားတိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များလည်း ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

လက်ရှိ ကျင်းပနေသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော် ကော်မတီ ၈ ခုကို အတည်ပြုဖွဲ့စည်းခဲ့ပြီ ဖြစ်သည်။

Loading