ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ မန်နိမ်ကျေးရွာအထက်တွင် ယမန်နေ့က ပလောင် (တအာင်း) လွတ်မြောက်ရေး တပ်မတော် (TNLA) သည် ဘိန်းစိုက်ခင်းကို သွားရောက် ရှင်းလင်းနေစဉ် အစိုးရတပ်မတော်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု စုံစမ်းသိရသည်။
TNLA တပ်ရင်းသည် ဘိန်းခင်းများ ဖျက်ဆီးနေစဉ် အစိုးရ တပ်မတော် တပ်မ (၉၉) က ယမန်နေ့ နံနက် ၉ နာရီမှ ညနေအထိ မြေပြင်မှရော လေကြောင်းမှပါ လာရောက် တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲကြောင့် TNLA ဘက်မှ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ အစိုးရတပ်ဘက်မှလည်း ထိခိုက်ကျဆုံးမှု ရှိသည်ဟု TNLA ဒုဥက္ကဋ္ဌ (၁) ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက ပြောသည်။
“ကျနော်တို့ကို နမ်ဖက်ကာ ဘက်ကနေ ၁၀၅ မမနဲ့ အလုံး ၃၀ နီးနီးပစ်ပါတယ်။ ဂျက်လေယာဉ် တစီးနဲ့ ရဟတ်ယာဉ် တစီးနဲ့ကတော့ လက်နက်ကြီးနဲ့ ၁၃ ကြိမ်လောက် ပစ်တယ်။ မြေအောက်ကနေလည်း စစ်ကြောင်းထိုးတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့သူကို လေကြောင်းရော မြေပြင်ရော ပိတ်ပင် တားဆီးတာကတော့ အစိုးရ တခုအနေနဲ့ မလုပ်သင့်ဘူး။ သူတို့အနေနဲ့ အားမပေးရင်တောင်မှ မနှောက်ယှက်သင့်ဘူး” ဟု ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက ဆိုသည်။
ဘိန်းစိုက်ပျိုးသူများမှာ လီဆူး လူမျိုးများနှင့် ပန်းဆေးပြည်သူ့စစ် လက်အောက်ခံများ အဓိက ဖြစ်ပြီး ထိုနေရာကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ စတင်ကာ ဘိန်းခင်းရှင်းလင်းမှုများ စတင်လုပ်ခဲ့ကြောင်း၊ လက်ရှိတွင် ဘိန်းစိုက်ခင်းဧက ၁၀၀ ကျော်ဖျက်ဆီးပြီးကြောင်း TNLA ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော်က ဧရာဝတီသို့ ပြောသည်။
အစိုးရတပ်မတော်က လေကြောင်းမှ တိုက်ခိုက်သည့် ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အောင်ရဲဝင်းကို ဆက်သွယ်မေးမြန်းရာ “ကျနော် မပြောနိုင်သေးဘူး။ ကျနော် သတင်းလည်း အတည်မပြုနိုင်သေးဘူး။ ပြောလည်း မပြောနိုင်သေးပါဘူး” ဟု ဧရာဝတီသို့ ဖြေကြားသည်။