တူရကီနိုင်ငံမှာ အရှေ့တောင်ပိုင်း Diyarbakir ခရိုင်မှာ ယနေ့ စစ်ကားတန်းဖြတ်သန်းသွားစဉ် ဗုံးတလုံးထပ်မံ ပေါက်ကွဲခဲ့ရာလူ အနည်းဆုံး ၇ဦးသေဆုံးသွားတယ်လို့ တူရကီ Haberturk သတင်းဌာနက ဆိုပါတယ်။ မနေ့ကလည်း မြို့တော် အန်ကာရာက ပါလီမန်လွှတ်တော်နဲ့ စစ်ဌာနချုပ်နားမှာ စစ်ကားတွေ သွားလာနေချိန်မှာဖောက်ခွဲရေးပစ္စည်းတွေတင်ထားတဲ့ ကားတစီးကို အချိန်ကိုက် ဖောက်ခွဲလိုက်တဲ့အတွက် လူပေါင်း ၃၀ခန့် သေဆုံးကာ ၆၀ ကျော် ဒဏ်ရာရသွားပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် တူရကီဝန်ကြီးချုပ် အာမက် ဒါဗူးတော်လူးရဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။
ဒီပေါက်ကွဲမှုတွေဟာ ဘယ်အဖွဲ့အစည်းလက်ချက်လို့ မဆိုနိုင်သေးပေမယ့်၊ တူရကီက ဆီးရီးယားနိုင်ငံထဲမှာ ရှိတဲ့ ကဒ်လူမျိုးစုတွေကို တိုက်ခိုက်မှုနဲ ဆက်နွယ်နေနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေသလို IS အဖွဲ့တွေ လက်ချက်လို့လည်း ပြောဆိုမှုတွေရှိနေပါတယ်။
လက်ရှိ အရှေ့အလယ်ပိုင်းဒေသ အခြေအနေဟာ ရုရှားနဲ့ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေဟာ အကြမ်းဖက်အဖွဲ့ ISကိုသာမက အတိုက်အခံတွေကိုလည်း တိုက်ခိုက်နေတဲ့အတွက် ပြည်တွင်းစစ်ပြီးရပ်စဲ အတွက် ရုရှားရဲ့ ဗုံးကြဲမှုတွေကို ရပ်တန့်ဖို့ အနောက်နိုင်ငံတွေက တောင်းဆိုနေချိန်မှာ တူရကီက ဆီးရီးယားနိုင်ငံထဲမှာရှိတဲ့ ဆီးရီးယားကဒ်တွေကို တိုက်ခိုက်လိုက်တဲ့အတွက် အခြေအနေဟာ ရှုပ်ထွေးလာနေ ပါတယ်။
အမေရိကန်အပါအဝင် နေတိုးအုပ်စုနိုင်ငံတွေကတော့ တူရကီကို ထောက်ခံတယ်လို့ ဆိုကြောင်း CNN သတင်းက ဆိုပါတယ်။