ကမ္ဘာကျော် အားကစားပစ္စည်းနှင့် အဝတ်အထည်ထုတ် ကုမ္ပဏီ Nike က ဂေးဆန့်ကျင်ရေး ပြောဆိုမှုများကြောင့် ကြော်ငြာ စပွန်ဆာ မပေးတော့ဟု ကြေညာလိုက်သည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် ဖိလစ်ပိုင် ရုပ်မြင်သံကြား TV5 အင်တာဗျူးတွင် ကမ္ဘာ့ချန်ပီယံ ၈ ကြိမ် ဖြစ်ဖူးသော နာမည်ကျော် လက်ဝှေ့သမား ပက်ကေးယိုးက “ဂေးတွေဟာ တိရိစ္ဆာန်ထက် ဆိုးတယ်”ဟု ပြောကြားခဲ့ခြင်းအပေါ် Nike က “LGBT အသိုင်းအဝိုင်း၏ အခွင့်အရေးအတွက် အတူတကွ ရပ်တည်နေပြီး ထောက်ခံပံ့ပိုးသော သမိုင်း ရှိသည်။
မည်သည့် ခွဲခြားနှိမ်ချဆက်ဆံခြင်းကိုမဆို ပြင်းပြင်းထန်ထန် ဆန့်ကျင်သည်။ မန်နီပက်ကေးယိုးနှင့် ကျနော်တို့ မပတ်သက်တော့”ဟု ဆိုခဲ့သည်။ ဖိလစ်ပိုင်အောက်လွှတ်တော်အမတ်လည်း ဖြစ်ပြီး အထက်လွှတ်တော်အမတ် ဖြစ်ရန်လည်း ကြိုးပမ်းနေသူ ပက်ကေးယိုးက နောက်ပိုင်းတွင် ပြန်လည်တောင်းပန်ခဲ့သည်။ “လိင်တူဆက်ဆံသူတွေကို တိရိစ္ဆာန်နဲ့ နှိုင်းလို့ ထိခိုက်နာကျင်သွားရတဲ့သူရေတွကို ဝမ်းနည်းကြောင်း ကျနော်ပြောချင်ပါတယ်” ဟု ပက်ကေးယိုးက သူ့ဖေ့ဘွတ်မှတဆင့် ပြောသည်။ ” လိင်တူချင်း မင်္ဂလာဆောင်တာကို ကျနော်ဆန့်ကျင်ပါတယ်။ အကြောင်းက သမ္မာကျမ်းစာမှာ ပြောထားလို့ပါ။ ဒါပေမယ့်က LGBT တွေကို မရှုတ်ချပါဘူး။ ဘုရားသခင်ရဲ့ နာမတော်အားဖြင့် အားလုံးကို ကျနော် ချစ်ပါတယ်”ဟုလည်း ပြောဆိုသည်။