ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ပြုလုပ်ရန် စီစဉ်ထားသည့် အဖွဲ့အစည်းပေါင်းစုံ ပါဝင်ဆွေးနွေးမည့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖိုရမ်သည် နိုင်ငံတော်သမ္မတရုံးက ခွင့်ပြုချက် မရသဖြင့် ပွဲပျက်သွားကြောင်း ယင်းပွဲအား စီစဉ်နေသည့် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ပြောသည်။
လွိုင်ကော်မြို့၌ ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တွင် ပြုလုပ်မည့် “Community Peace Building Forum” ကို ပြုလုပ်ရန် တင်ပြခဲ့ရာ သမ္မတရုံးက ခွင့်မပြုသဖြင့် ပွဲလုပ်ခွင့် မပြုဟု ကယားပြည်နယ် အစိုးရအဖွဲ့မှ အရာရှိတဦးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အကြောင်း ကြားလာကြောင်း ပွဲစီစဉ်သူ အထက်ပါ ဖောင်ဒေးရှင်မှ ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။
ဦးထူးချစ်က“ခွင့်ပြုချက်က ကြိုတင်ခဲ့တော့ လုပ်ခွင့်ရမယ် ထင်ခဲ့တာ။ ကျနော်တို့က Myanmar Pecae Center ရဲ့ လုပ်ငန်းစဉ်ကို ရှင်းပြ ပြီး အဲဒီလိုကိစ္စတွေ အပေါ်မှာ ပြန်ဆွေးနွေးပေးတာ၊ ရှင်းပြတာ လုပ်ဖို့ပါ။ ဘာကြောင့် ခွင့်မပြုလဲတော့ မပြောဘူး။ သမ္မတရုံးက ခွင့်မပြု ဘူးလို့ပဲ ပြောတယ်”ဟု ပြောသည်။
အဆိုပါဖိုရမ်သည် ဖက်ဒရယ်ကိစ္စကိုသာ အဓိကထား၍ ပြောမည်ဟု ယူဆကြောင်း၊ တိုင်းရင်းသား အဖွဲ့ အစည်းများ ခွဲထွက်မှုကို ဖြစ်စေနိုင်သည်ဟု သုံးသပ်မိ၍ ပွဲကို ခွင့်မပြုရန် သမ္မတရုံးက ညွန်ကြားခဲ့ခြင်း ဖြစ်သည်ဟု ကယားပြည်နယ် အစိုးရအဖွဲ့မှ ညွှန်ကြား ရေးမှူး ဦးအံ့မော်က ပြောဆိုသည်။
ဦးအံ့မော်က“သမ္မတရုံးက ခွင့်မပြုဘူး။ သူတို့အဖွဲ့တွေက ပြောတာက ဒီလိုပေမယ့် ဆွေးနွေးတာက တခြား ဖြစ်နေရော။ ဒါကြောင့် အဲလိုတွေ ဖြစ်လာရင် ခွင့်မပြုဖို့ သမ္မတရုံးက ညွှန်ကြားထားတာပါ”ဟု ပြောသည်။
ကယားပြည်နယ်အတွင်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုင်ရာ လူထုပညာပေး လုပ်ငန်းများနှင့် ညှိနှိုင်း ဆွေးနွေးပွဲ လုပ်ငန်း စီမံကိန်း များကို အကောင်အထည် ဖော်ခဲ့ကြောင်း၊ ထိုလုပ်ငန်းများမှ မေးမြန်းချက်များ၊ ဆွေးနွေးချက်များနှင့် အကြံပြုချက်များကို ပြန်လည် စုစည်းခဲ့ပြီး“ငြိမ်းချမ်းရေး တည်ဆောက်ခြင်း”ပွဲတွင် ပြန်လည်ဝေမျှရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်ဟု ယင်းဖောင်ဒေးရှင်းက ပြောသည်။