ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းပေါက်ခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က တပ်သားသစ် လာရောက် စုဆောင်းမည်ဟူသည့် သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသခံ ၁၀၅ ဦး နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
ထွက်ပြေး တိမ်းရှောင်နေရသူ ၁၀၅ ဦးမှာ မိုင်းယန်မြို့နယ်ရှိ ဝမ်ကန်ရွာနှင့် ကျိုင်းခမ်းရွာတို့မှ ဒေသခံများဖြစ်ပြီး၊ ၎င်းတို့သည် မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုရှိ ပုံလုံရွာသို့ ထွက်ပြေးလာကြကြောင်း မိုင်းလွေ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးစိုင်းလွယ်ကျောက်က ဧရာဝတီကို ပြောသည်။
“ဇန်နဝါရီလကုန်ကနေ စပြောင်းလာတာ ရှေ့တပတ်အထိပဲ။ ‘ဝ’ စစ်သားတွေ သူတို့ဆီတော့ ရောက်မလာသေးပါဘူး။ သူတို့ကို တပ်သားသစ်စုတဲ့အထဲ ခေါ်မယ် သတင်းကြားလို့ ကြောက်ပြီး ပြေးလာကြတာပဲ။ အိမ်ထောင်စုက ၂၀။ အခုလည်း မပြန်ကြဘူး။ ဒီမှာပဲ” ဟု ဦးစိုင်းလွယ်ကျောက်က ဆိုသည်။
၎င်းက ဆက်လက်၍ “သူတို့ပြေးလာတာ ကျနော်တို့နဲ့ တောင်တလုံးပဲ ခြားတယ်။ ကျနော်တို့က ရှမ်းတွေ သူတို့နဲ့လူမျိုးလည်း မတူဘူး။ အခုပြေးလာတာ လွယ်လူမျိုးတွေ။ ဒီဒေသမှာ အရင်က ဒါမျိုးလည်း မရှိခဲ့ပါဘူး” ဟု ဆိုသည်။
UWSA ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ကျောက်ရှောက်ဖူကမူ ၎င်းတို့ တပ်ဖွဲ့များအနေဖြင့် ယခုဖြစ်ပေါ်နေသည့် သတင်းကို မကြားသိရကြောင်းနှင့် ၎င်းကိုယ်တိုင်လည်း မသိရှိပါကြောင်း ဧရာဝတီကို ပြောသည်။
UWSA ပြင်ပဆက်ဆံရေးဌာန၊ ဌာနကြီးမှူး ဦးကျောက်ကော်အန်းက “UWSA အနေဖြင့် တပ်သားသစ်များ အဓမ္မ စုဆောင်းခြင်းများ မပြုလုပ်ဘူး၊ ကျနော်တို့ ဒေသခံတွေကို ဒီလိုမလုပ်ပါဘူး။ နိုင်ငံပိုင်သတင်းစာမှာ ပါတာကလည်း သူတို့ သတင်းလျှောက်ရေးတာပဲ ဖြစ်တယ်။ ကျနော်တို့ဆီမှာနေတဲ့ ဒေသခံတွေလည်း ထွက်ပြေးတဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒါ့ကြောင့် ဘာမှတ်ချက်မှလည်း မပေးချင်ပါဘူးခင်ဗျ” ဟု ဧရာဝတီသို့ ပြောသည်။
UWSA ၏ အဖွဲ့ဝင်တဦးဖြစ်သူက “ မိုင်းပေါက်ခရိုင်၊ မိုင်းယန်းမြို့က ကျမတို့ “ဝ” ဒေသထဲ မပါပါဘူး။ ဒီလို တပ်သား အတင်းစုတာမျိုးလည်း မူဝါဒမရှိဘူး။ ဒီသတင်းကို ကျမတို့ သိတောင် မသိဘူး” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁၈ ရက်ထုတ်၊ အစိုးရ တပ်မတော်အာဘော် မြဝတီသတင်းစာတွင် ဒေသခံ ၁၀၀ ကျော် ပြောင်းရွှေ့လာသည်ကို တွေ့ရသဖြင့် ဒေသအာဏာပိုင်များက စုံစမ်းကြည့်ရာ UWSA က တပ်သားသစ် စုဆောင်းခြင်းကြောင့် ပြောင်းရွှေ့လာသူများ ဖြစ်ကြောင်းနှင့် UWSA သည် ယခင်က ရွာတရွာလျှင် လူတဦးနှုန်း တပ်သားသစ် စုဆောင်းမှုရှိခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ မှစ၍ ၁၆ နှစ်အောက် အမျိုးသားနှင့် အမျိုးသမီးများ၊ ၁၆ နှစ်အထက် အိမ်ထောင်မရှိသူများ တအိမ်လျှင် တဦးနှုန်း တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် ထွက်ပြေးလာကြသူ ၁၀၅ ဦးကို ပုံလုံရွာတွင် အိမ်များဆောက်လုပ်ပေးခြင်း၊ အုပ်ချုပ်ရေးမှူးများမှ ဆန် ၁၀ အိတ်နှင့် စားနပ်ရိက္ခာများ၊ အဝတ်အထည်များ ထောက်ပံပေးထားကြောင်း သိရသည်။
UWSA အဖွဲ့သည် မြန်မာ-တရုတ် နယ်စပ် ၊ ရှမ်းပြည်နယ်ရှိ ပန်ဆန်းမြို့တွင် ဌာနချုပ်ကို အခြေစိုက်ထားပြီး ပန်ဆန်း၊ မိုင်းမော၊ ဟိုပန်၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်းနှင့် ၊ပန်ဝိုင်မြို့တို့သည် “ဝ”တပ်ဖွဲ့များ လှုပ်ရှားရာ ဒေသဖြစ်သည်။
လက်ရှိကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ၊ ပုဒ်မ ၅၆ (စ) အရ အစိုးရက ရှမ်းပြည်နယ်ရှိ ပန်ဆန်းမြို့နယ်၊ မိုင်းမောမြို့နယ်၊ ဟိုပန်မြို့နယ်၊ နားဖန်းမြို့နယ်၊ မိုင်းယန်းမြို့နှင့် ပန်ဝိုင်မြို့နယ်တို့ကို ခရိုင် နှစ်ခုခွဲကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးထားသည်။
UWSA မှ ခေါင်းဆောင်များက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် “ဝ” ပြည်သူ့အစိုးရအဖွဲ့ ဖွဲ့စည်းကာ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေသည်။ “ဝ” ဒေသကို တိုင်းမှပြည်နယ်အဆင့် တိုးပေးရန် အစိုးရထံ တောင်းဆိုလျှက်ရှိကြောင်း သိရသည်။
UWSA သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အနက် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး၊ ၁၉၈၉ ခုနှစ်၊ မေလ ၉ ရက်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားသည်။ UWSA သည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်၌ လုပ်ဆောင်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ( NCA ) စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးထားခြင်းမရှိဘဲ လာမည့်အစိုးရသစ် လက်ထက်တွင် ဆက်လက် ဆွေးနွေးမည်ဟု ပြောဆိုထားသည်။