မွန်ပြည်နယ်တွင် ကျင်းပခဲ့သော မြေယာအခွင့်အရေးနှီးနှောဖလှယ်ပွဲ၌ ယခင်အစိုးရများ အဆက်ဆက်တွင် သိမ်းဆည်းခံခဲ့ရသော မြေယာပြဿနာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်မည့် အစိုးရကာလတွင် မြေယာပဋိပက္ခနှင့် သက်ဆိုင်သော အထူးတရားရုံး ဖွဲ့စည်း၍ ဖြေရှင်းပေးရန် တိုက်တွန်းခဲ့သည်။
သံလွင်အရှေ့ဘက်ခြမ်း မွန်ဒေသရှိ တောင်သူလယ်သမားများနှင့် မြေယာအသုံးချသူများ နှီးနှောဖလှယ်ပွဲကို မော်လမြိုင်မြို့တွင် ဖေဖော်ဝါရီ ၁၄- ၁၅ နှစ်ရက်ကြာကျင်းပခဲ့ပြီး သံလွင်မြစ်အရှေ့ခြမ်း ဒေသများ ဖြစ်ကြသော မွန်ပြည်နယ် မြို့နယ် ၅ခုနှင့် တနင်္သာရီတိုင်း မြို့နယ်၁ခုမှ ကိုယ်စားလှယ်ပေါင်း ၉၀ ကျော်တက်ရောက်ခဲ့ကြသည်။ ထို့ပြင် မော်လမြိုင်အခြေစိုက် မြေယာအခွင့်အရေးလုပ်ကိုင်နေသော လူမှုအဖွဲ့အစည်းများနှင့် တောင်သူလယ်သမား အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့ကြသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲတွင် တောင်သူလယ်သမားများက မြေယာပဋိပက္ခများကို အထူးတရားရုံးဖွဲ့၍ ဖြေရှင်းရန် တောင်းဆိုခဲ့ကြသည်။ ထို့ပြင် အစိုးရအနေဖြင့်လည်း မြေယာအသုံးချသူများက လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသည်ထက် လယ်ယာမြေပိုင်ဆိုင်ခွင့်ရှိသည့် မူဝါဒတရပ် ချမှတ်ရန် တောင်းဆိုခဲ့ကြသည်။
မြေယာအခွင့်အရေးသည် မြန်မာနိုင်ငံတွင် အဓိက စိုးရိမ်မှုတခုအဖြစ် ဆက်လက်တည်ရှိနေသည်။ ယခင်စစ်အာဏာရှင်လက်အောက်တွင် စစ်တပ်မှ အခြေချမှုကြောင့် မွန်နှင့် ကရင်ပြည်နယ်မှ ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တောင်သူလယ်သမားများနှင့် ဒေသခံ တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ၏ အသံကို ပြန်လည် စုစည်းခြင်းအရ မြေယာပြဿနာ စုစုပေါင်း ဧက ၆၀,၀၀၀ ရှိပါသည်။
တနင်္သာရီတိုင်းမှ မြေယာပြဿနာများနှင့် ထပ်ပေါင်းလိုက်လျင် အရေအတွက် ၂ ဆဖြစ်နိုင်သည်ဟု အချို့က ဟောကိန်းထုတ်ကြသည်။
“တနင်္သာရီတိုင်းက မောရဝတီရေတပ်စခန်းအတွက် သိမ်းထားတဲ့ မြေဧက ၆၀,၀၀၀ ပါထည့်တွက်ရင် မြေဧက ၁၂၀,၀၀၀ ကျော်ရှိတယ်”ဟု မွန်ဒေသလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးနိုင်အောင်သန်းလွင်က ပြောသည်။
“အဓိက တောင်သူတွေက သူတို့ရဲ့မြေကို ပြန်လိုချင်ကြတယ်။ အဲလိုမရဘူးဆိုရင် ထိုက်သင့်တဲ့ သီးနှံလျော်ကြေး ရချင်ကြတယ်။ အခု ကျနော်တို့ အသိမ်းခံရတဲ့မြေတွေမှာ သီးနှံလျော်ကြေးလည်း မရဘူး။ မြေတွေကိုလည်း သီးစားခပေးပြီး ပြန်စိုက်နေရတယ် ”ဟု ဦးနိုင်အောင်သန်းလွင် ကပြောသည်။
အသိမ်းခံထားရသော မြေယာအတော်များများမှာ ရော်ဘာပင်များ စိုက်ပျိုးကြပြီး ထိုရော်ဘာပင်များကို စစ်တပ်က မကြာခဏ လာရောက်ခုတ်လှဲ၍ ကိုယ်ကျိုးအတွက် အသုံးချမှုများ ရှိပါသည်။ ယခုအခါ တောင်သူများက ကိုယ်စိုက်ထားသော အပင်ကို သီးစားခပြန်ပေးပြီး ရော်ဘာစေးခြစ်နေရကြသည်။
“မြေအသိမ်းခံရတဲ့ လယ်သမားတွေက ရော်ဘာထုတ်ဖို့အတွက် စစ်တပ်ကို သီးစားခပေးပြီး ငှားရတယ်။ အရင်တုန်းက ရော်ဘာဈေးကောင်းတဲ့ အချိန်တုန်းက ရော်ဘာတပင်ကို ၁၂၀၀ကျပ် ပေးရတယ်။ ဒီနှစ်တော့ တပင် ၄၀၀ကျပ် ပေးရပါတယ်။ ကိုယ်စိုက်ထားတဲ့ သီးနှံကို စစ်တပ်ကို ဆက်ကြေးပြန်ပေးရတာ သဘာဝမကျဘူးလို့ ကျနော်ထင်ပါတယ်။” ဟု ဦးနိုင်အောင်သန်းလွင်ကပြောသည်။
ပုပ္ပလိက စီမံကိန်းအတွက် ဒေသခံပေါက်ဈေးထက်လျော့နည်းသော မြေယာဝယ်မှုတခုကို မွန်ပြည်နယ် ကျိုက်မရောမြို့တွင် တွေ့ခဲ့ရကြောင်း ဦးနိုင်အောင်သန်းလွင်ကပြောသည်။
“EITI လုပ်ငန်းစဉ်တွေ မပါဘဲနဲ့ ဒေသခံဌာနေ တိုင်းရင်းသားတွေကိုလည်း အမှန်အတိုင်း ဖွင့်မပြောဘဲနဲ့ ပွင့်လင်းမြင်သာမရှိ ဘိလပ်မြေစက်ရုံတရုံ တည်ဆောက်နေတာကို ကျနော်တို့ တွေ့ရပါတယ် ” ဟု ဦးနိုင်အောင်သန်းလွင်က ပြောသည်။
၂ ရက်ကြာကျင်းပသော အဆိုပါနှီးနှောဖလှယ်ပွဲတွင် မြေယာအသုံးချသူများအတွက် ပိုမိုကောင်းမွန်သော လယ်ယာမြေပိုင်ဆိုင်မှု အနေအထားတရပ် ပေါ်ပေါက်လာနိုင်ရေးအတွက် လက်ရှိပြဌာန်းထားသည့် မြေယာဥပဒေ၊ မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေး ဥပဒေ၊ အမျိုးသားမြေ အသုံးချရေး မူဝါဒတို့၏ အားသာချက် အားနည်းချက်များကို ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် ပြည်တွင်းရှိ မြေမဲ့ ယာမဲ့များ၊ လုံခြုံရေးကြောင့် မူလဒေသတွင် မနေနိုင်ခဲ့ကြသော စစ်ဘေးရှောင် (IDPs) နှင့် ဒုက္ခသည်များ (refugees) အား လာမည့်အစိုးရသက်တမ်းကာလတွင် မြေယာပြန်လည် ဝေမျှနိုင်ရန် တောင်းဆိုခဲ့ကြသည်။
သို့ရာတွင် ဓါးမဦးချနှင့် မီးရိုးဖလာ ရိုးရာ ဓလေ့ထုံးတမ်းမြေယာစီမံခန့်ခွဲမှုကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ဥပဒေပြုခွင့်ရရှိရန်နှင့် သီးခြားမူဝါဒ ရေးဆွဲနိုင်ရန်လည်း တောင်းဆိုခဲ့ကြသည်။
နှှီးနှောဖလှယ်ပွဲပြီးနောက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှ မြေယာအသုံးချသူများက မြေယာအခွင့်အရေး လှုပ်ရှားသွားနိုင်ရန် မြေယာကွန်ရက်တခုကို ဒေသအသီးသီးရှိ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။