၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ အနေဖြင့် ၎င်းတို့၏ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်များ ချောမွေ့စေရေးအတွက် မြန်မာ့ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေဆဲ ဖြစ်သည့် တပ်မတော်နှင့် နားလည်မှု ရယူနေရကြောင်း ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)က ပြောသည်။
NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယခုလ ၁၇ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံမှုအပေါ် UNFC ဒုတိယ ဥက္ကဌ နိုင်ဟံသာက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
နိုင်ဟံသာက“လောလောဆယ်မှာ NLD အနေနဲ့ သူတို့ရဲ့ရှေ့လုပ်ငန်းစဉ်တွေမှာ ချောမွေ့ဖို့ တပ်မတော်နဲ့ နားလည်မှု ယူရတယ်။ တပ်မတော်နဲ့ ညှိနှိုင်းနေ တယ်။ တကယ်လို့ သူတို့ နှစ်ဘက်အမြင်တူညီသွားရင် ရှေ့လုပ်ငန်းစဉ်တွေက ချောမွေ့သွားမယ်လို့ မြင်တယ်။ သူတို့ဘက်ကလည်း အဲသလို မြင်လို့ပါ”ဟု မီဒီယာများသို့ ပြောသည်။
UNFC သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် တပ်ပေါင်းစု အဖွဲ့ကြီးဖြစ်ပြီး UNFC တွင် ပါဝင်သော အဖွဲ့ များ အားလုံးသည် သမ္မတ ဦးသိန်းစိန် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်း မရှိခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်တို့အကြား ယခုတကြိမ်တွေ့ဆုံမှုသည် တတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထာဝရငြိမ်း ချမ်းရေးရရှိရန် ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးဖြစ်ခဲ့ကြောင်း နှစ်ဘက်သတင်းထုတ်ပြန်ချက်အရသိရသည်။ ထိုတွေ့ဆုံမှု သုံးကြိမ်လုံးတွင် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စသည် အထူးကိစ္စရပ် တခုအဖြစ် ပါဝင်လျှက်ရှိသည်။
နိုင်ငံမအေးချမ်းလျှင် အပြောင်း အလဲဖြစ်မြောက်လာမည်မဟုတ်သကဲ့သို့ ဒီမိုကရေစီ၊ ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်လာမည် မဟုတ်ကြောင်း ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းရင်းသားများအကြား ဖြစ်ရှိနေသော ကွဲပြားနေသည့်ကိစ္စ များနှင့် လက်နက်ကိုင်ပဋိပက္ခ အမြန်ဆုံး ဖြေရှင်းရေးကို လိုလိုလားလားရှိသည်ဟု မြင်ကြောင်း၊ တပ်ချုပ်နှင့်တွေ့ဆုံရာတွင် ထိုကိစ္စရပ်များကို ဆွေးနွေးလိမ့်မည်ဟု ယုံကြည်ကြောင်း နိုင်ဟံသာ ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံရာတွင် “တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေး တပြည်လုံးဖြစ်ဖို့နဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ အားလုံးပါဝင်ဆွေးနွေးဖြေရှင်းဖို့ ဒါကိုပဲ ဒေါ်အောင်ဆန်းစုကြည်က ပြောလိမ့်မယ်လို့ တော့ ယုံကြည်တယ်” ဟု နိုင်ဟံသာက ပြောသည်။
သို့သော်လည်း တပ်မတော်အနေဖြင့် လူထုတင်မြောက်လိုက်သည့် အစိုးရကို ဗန်းပြ၍ စစ်ရေးတွင် လိုသလို ပုံသွင်းလုပ်ဆောင် မည်ကိုလည်း စိုးရိမ်မိကြောင်း ဆက်ပြောသည်။
“NLD အစိုးရတက်လာမယ်။ တက်လာရင် တဖက်ကလည်း လူထုအများစုက ထောက်ခံတဲ့ အစိုးရဖြစ်တယ်။ အဲဒီအစိုးရကို သူတို့ ဗန်းပြပြီးတော့ စစ်ရေးမှာ သူတို့လိုချင်တဲ့ပုံစံမျီုး လုပ်နေမယ်ဆိုရင် ဒါဟာလည်း ကျနော်တို့အတွက် အခက်မခဲဘဲလို့ ဆိုတဲ့ အမြင်မျိုးရှိတယ်” ဟု နိုင်ဟံသာက ပြောသည်။
အစိုးရသစ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရမည်ဆိုလျှင်လည်း တိုင်းရင်းသားလက်နက်ကိုင် အများစု၏ ရပ်တည်ချက်သည် အားလုံး တပြိုင်တည်း ပါဝင်ရေး ဖြစ်ပြီး တကြိမ်တည်းမပါနိုင်သေးလျှင် ကျန်နေသည့်အဖွဲ့များကို သွားရောက်တိုက်ခြင်းမပြုရန် ခိုင်မာသည့် ကတိကဝတ် အာမခံခရရှိရန်လိုအပ်ကြောင်း UNFC ကပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငယ် အများစုပါသော ၁၅ ဖွဲ့ဖြင့် ဟန်ပြ အဖြစ်သာ ရေးထိုးနိုင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားလျှက်ရှိသော အဖွဲ့များ အပါအဝင် အင်အားကြီး လက်နက်ကိုင် အဖွဲ့ကြီးအများစုနှင့် သဘောတူ ရေးထိုးနိုင်ခြင်းမရှိခဲ့ပေ။
UNFC သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ အရေးပေါ် အစည်းအဝေး ပြုလုပ်မည် ဖြစ်ပြီး ထိုအစည်းအဝေးတွင် ရွေးကောက်ပွဲပြီးနောက် အစိုးရအပြောင်းအလဲတွင် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ လတ်တလောက်ရှမ်းပြည်နယ်မြောက်ပိုင်းတွင် RCSS/SSA နှင့် PSLF/TNLA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ကြားဝင်ဖြေရှင်းရေး ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။