ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ရှိ သမိုင်းဝင် ဂဝံမြို့ဟောင်း၏ နေရာတချို့၌ လျှော်ဖြူစိုက်ပျိုးမည့် ပုဂ္ဂလိက စီမံကိန်းကြောင့် ပျက်စီးမှုအခြေအနေများကို ဧရာဝတီတိုင်း ရှေးဟောင်းသုတေသနဌာနက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
“နေပြည်တော် ရှေးဟောင်းသုတေသနဌာန ညွှန်ကြားချက်အရ ကျမတို့ဌာနက မြို့ဟောင်းကို သွားရောက်စစ် ဆေးခဲ့ပါတယ်။ အဲဒီမှာ ဆင်ကျုံးနေရာဟောင်းလို့ ယူဆရတဲ့နေရာမှာ စိုက်ခင်းလုပ်ဖို့ မြေရှင်းထားတာတွေ့ခဲ့ရ သလို နောက်ပြီး ဂဝံကျောက်တွေလည်း ကျိုးကြေနေတာ တွေ့ခဲ့ရတယ်။ တွေ့ရှိမှုတွေကို နေပြည်တော်ကို အစီရင်ခံစာရေးပြီး ပြန်လည်တင်ပြသွားမှာပါ”ဟု ဧရာဝတီတိုင်း ဒေသကြီး ရှေးဟောင်းသုတေသနဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သီတာဝင်းက ဧရာဝတီကို ပြောသည်။
ဂဝံကျောက်များဖြင့် တည်ဆောက်ထားသည်ဟုယူဆရသည့် အင်္ဂပူမြို့ဟောင်းမှာ အင်္ဂပူမြို့နယ် တောင်ဇင်းကျေးရွာအနီးတည်ရှိပြီး မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာနက ထိန်းသိမ်း စောင့်ရှောက်ခြင်း မပြုနိုင်သေးသည့် မြို့ဟောင်းတခု ဖြစ်သည်။ မြို့ဟောင်းဧရိယာမှာ ၈ မိုင်ပတ်လည်ခန့်ရှိပြီး အင်္ဂပူနှင့် လေးမျက်နှာမြို့နယ် နှစ်ခုစလုံးတွင်ပါဝင်ကြောင်း သိရသည်။
မြို့ဟောင်းဧရိယာအတွင်း ပါဝင်သည်ဟု ယူဆရသည့်နေရာတွင် လျှော်ဖြူစိုက်ပျိုးရန်အတွက် အင်္ဂပူမြို့နယ် ကွင်းကောက်တိုက်နယ်ဆရာဝန် ဒေါက်တာ ဇော်လင်းနှင့် ဗိုလ်ကြီးဟောင်း ဦးဇော်မျိုးထွန်းတို့အား အင်္ဂပူမြို့ နယ် မြေစာရင်းဌာနက မြေလွတ်မြေရိုင်းများအဖြစ် လုပ်ပိုင်ခွင့် ချထားပေးခြင်း ဖြစ်ကြောင်း၊ အဆိုပါ မြေများ အား သစ်ပင်စိုက်ပျိုးရန်အတွက် စက်ယန္တရားများဖြင့် မြေရှင်းလင်းရေး လုပ်ဆောင်ရာမှတဆင့် ဆင်ကျုံးနေရာ ဟောင်းများ ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“နဂိုတုန်းက ဒီနေရာမှာ ဆင်လူးတဲ့အိုင်တွေရှိတယ်။ ဆင်တွေရေချတဲ့ မြောင်းလည်း ရှိတယ်။ အောက်ဖက်မှာ က ဂဝံကျောက်တုံးတွေနဲ့ လုပ်ထားတဲ့ ဆင်ကျုံးတွေလည်း ရှိတယ်။ အခု သူတို့က စက်တွေနဲ့ တူးပစ်လိုက် တော့ ဆင်လူးအိုင်တွေလည်း ပျက်သွားတယ်။ ဂဝံတန်းတွေလည်း ကြေမွကုန်တာပေါ့”ဟု အင်္ဂပူမြို့နယ် သံပရာကုန်းကျေးရွာမှ ဒေသခံ ကိုအောင်ကျော်သူက ပြောသည်။
လျှော်ဖြူ စိုက်ပျိုးခွင့် ရထားသူ ဦးဇော်မျိုးထွန်း၏ စိုက်ကွင်းတာဝန်ခံ ဦးဝင်းကျော်ထွန်းက မိမိတို့အနေဖြင့် အင်္ဂပူမြို့နယ် မြေစာရင်းဌာနက တရားဝင်ချထားပေးသည့်အတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“ကျနော်တို့ကို အင်္ဂပူမြေစာရင်းဌာနက နှစ်ရှည်ပင်စိုက်ပျိုးဖို့ ချထားပေးလို့ လုပ်ကိုင်တာပါ။ မြို့ဟောင်း နေရာ ထဲမှာ ပါခြင်း မပါခြင်း ကျနော်တို့ မသိဘူး။ ဆင်ကျုံးနေရာဟောင်းဆိုတာလည်း ကျနော်တို့ မသိပါဘူး”ဟု သူက ပြောသည်။
မြေနေရာ လုပ်ပိုင်ခွင့် ရရှိထားသူ နောက်တဦးဖြစ်သည့် ဒေါက်တာ ဇော်လင်းအား ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
အင်္ဂပူမြေစာရင်းဌာနက လုပ်ငန်းရှင်များအား မြေနေရာချပေးခဲ့သော်လည်း အမှန်တကယ် မြေရှင်းလင်းခြင်း လုပ်ကိုင်နေသည့်နေရာမှာ လေးမျက်နှာမြို့နယ်ပိုင်နက်အတွင်း ရောက်ရှိနေသည့်အတွက် စီမံကိန်းများ ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် တားမြစ်စာထုတ်ပြန်ထားကြောင်း လေးမျက်နှာမြို့နယ် ဘယ်ပြားကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ကျော်ကလည်း ပြောသည်။
“အင်္ဂပူမြို့နယ်က မြေနေရာပေးတာမှန်ပေမယ့် တကယ်ဝင်လုပ်တာက လေးမျက်နှာမြို့နယ် အပိုင်ထဲမှာ ဖြစ်နေတယ်။ အဲဒါကြောင့် လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှူးက နှုတ်မိန့်နဲ့ တခါ တားတယ်။ ကျနော်ကိုယ် တိုင်လည်း စီမံကိန်းတွေဆက်မလုပ်ဖို့ စာထုတ်ပြီး တခါထပ်တားတယ်။ ဒါပေမယ့် သူတို့ဘက်ကလိုက်နာ ခြင်းမရှိဘူး၊ တားမြစ်တဲ့နောက်ပိုင်းမှာကို တောမီးရှို့တာတွေ လုပ်တယ်”ဟု သူက ပြောသည်။
မြို့ဟောင်းနေရာတွင် သီတင်းသုံးနေသည့် ဆရာတော် ဦးပညာသီရိကလည်း အဆိုပါ မြို့ဟောင်းကို ယဉ်ကျေး မှုဝန်ကြီးဌာနအနေဖြင့် ရှေးဟောင်းနယ်မြေအဖြစ်သတ်မှတ်၍ ထိန်းသိမ်းစောင့်ရှောက်မှ အင်္ဂပူမြို့ ဟောင်းရှိ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများ လုံခြုံမည်ဖြစ်ကြောင်း မိန့်ကြားသည်။
“၂၀၁၂ တုန်းကလည်း လုပ်ငန်းရှင်တချို့က ဂဝံမြို့ရိုးတွေကို တူးပစ်ပြီး လမ်းခင်းကျောက်အဖြစ်နဲ့ ရောင်းစား တာတွေ ရှိခဲ့တယ်။ ဒေသခံတချို့ကလည်း ရှေးဟောင်းအုတ်တွေကိုထုချေပြီး လမ်းခင်း တာတွေ ရှိခဲ့တယ်။ အဲတော့ အင်္ဂပူမြို့ဟောင်းကို အစိုးရအနေနဲ့ထိန်းသိမ်းမှပဲ လူတွေရဲ့ ဖျက်ဆီးမှုဒဏ်က လွတ်လိမ့်မယ်၊ ဒီတိုင်း ဆက်ထားလို့ကတော့ မလွယ်ဘူး”ဟု ဆရာတော်က မိန့်သည်။
အင်္ဂပူမြို့ဟောင်းအား ၂၀၁၃ ခုနှစ်တွင် နေပြည်တော်ရှိ ရှေးဟောင်းသုတေသနဌာနမှ လာရောက် လေ့လာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သော်လည်း ယနေ့အချိန်အထိ ထိန်းသိမ်းခြင်းလုပ်ငန်းများ စတင်နိုင်ခြင်း မရှိသေး ကြောင်း သိရသည်။
ဧရာဝတီတိုင်း၌ ရှေးဟောင်းမြို့ဟူ၍ မြောင်းမြမြို့တခုသာရှိပြီး ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ကာ ထိမ်းသိမ်း စောင့်ရှောက်ထားသည်။