ကချင်ပြည်နယ်ကို ဘိန်းစိုက်ပျိုးမှု ကင်းစင်သည့်နယ်မြေ ဖြစ်ရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဒေသခံ လူထု အခြေပြု မူးယစ်ဆေး ဝါး တိုက်ဖျက်ရေး အဖွဲ့များက ဘိန်းစိုက်ခင်းများကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် လိုက်လံ ဖျက်ဆီးလျက်ရှိရာ ကချင်ပြည်နယ်၊ အထူး ဒေသ(၁) ဝိုင်းမော်မြို့နယ်အတွင်းရှိ ဘိန်းခင်းများကို ဖျက်ဆီးရန် သွားရောက်သည့် ဒေသခံအဖွဲ့တခုဖြစ်သော ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေးအဖွဲ့(Pat Jasan)ကို ဝိုင်းမော်မြို့အဝင် ဝါရှောင်အနီးတွင် အစိုးရတပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ဖြတ်သန်း သွားလာခွင့်မပြုခြင်းအပေါ် လူထုက စိတ်ဝင်စားမှု မြင့်တင်လျက် ရှိသည်။
ထိုဒေသသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ အင်ဂျန်းယန် မြို့နယ်တို့၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားသူ ဦးစခုန်တိန့်ယိန်း၏ ထိန်းချုပ်နယ်မြေတခုလည်း ဖြစ်သည်။
စခုန်တိန့်ယိန်းမှာ ၁၉၆၅ ခုနှစ်တွင် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)မှ ခွဲထွက်ပြီး ကချင်ကွန်မြူနစ် လက်နက်ကိုင်တပ်ဖွဲ့ကို ဦးဆောင်ပြီး ထူထောင်ခဲ့သူ ဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးယူလိုက်ပြီး နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ယင်းဒေသတွင် နယ်ခြားစောင့်တပ်အပြင် ပြည်သူ့စစ်တပ်ဖွဲ့တခုလည်းရှိကာ ယင်းတပ်ဖွဲ့တွင်လည်း ဦးစခုန်တိန့်ယိန်းမှာ နာယကဖြစ်ပြီး သူ၏ အာဏာသက်ရောက်မှု ရှိသည်။
ထို့ကြောင့် ယင်းဒေသတွင် ဘိန်ခင်းများဖျက်ဆီးရန် ကြိုးပမ်းနေသည့် ကချင်လူထု အခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့(Pat Jasan) မှ လူပေါင်း ၃၇၅၀ ခန့်ကို “အထက်အမိန့်” အရဟုဆိုကာ အစိုးရ တပ်မတော်မှ ဖြတ်သန်းသွားလာခွင့် မပြုခြင်းနှင့် ပတ်သက်၍ ယင်းဒေသတွင် အာဏာ သက်ရောက်မှုရှိသည့် ဦးစခုန်တိန့်ယိန်းကို ဧရာဝတီ သတင်းထောက် ဇူးဇူးက ဆက်သွယ် မေးမြန်း ထားပါသည်။
မေး ။ ။ အထူးဒေသ (၁) ထဲက ဘိန်းခင်းတွေကို ဝင်ဖျက်ဖို့ လုပ်နေတဲ့ ကချင်လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ အခုလမ်းမှာ တားဆီးခံထားရတယ်။ ဒီအပေါ် အန်ကယ် ဘယ်လို သဘောထား ရှိပါသလဲ။
ဖြေ ။ ။ Pat Jasan (ကချင်လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့)က ဘိန်းဖျက်တယ်ဆိုတာ ဒီလိုပုံစံမျိုးကို ကျ နော်တို့ သဘောမကျဘူး။ ဘာကြောင့်ဆိုတော့ ဒီလူတွေက ဘိန်းက စိုက်ထားပြီးသားသား ဖြစ်နေတယ်။ သွားတော့ ဖျက်ရမယ်။ သူတို့ဘာသာ စိုက်ထားတော့ သူတို့ဘာသာ ဖျက်ရမယ်ပေါ့။ အခုက အပြင်က လူတွေကလာပြီး ဖျက်တယ်။ အပြင်ကလာတဲ့ ဘာမှ မဆိုင်တဲ့ လူတွေက လာတယ်။ ပြည်သူတွေက သူတို့ တောင်ယာတွေမှာ စားဖို့ စိုက်ထားတာတွေလည်း ရှိတယ်။ အခုက တောင် ယာတွေကို ဝင်လာတယ်။ ဘိန်းဖျက်တယ်ဆိုပြီး လူတွေကို လာအနိုင်ကျင့်တာတွေ ရှိတယ်။ အဲဒီတော့ ရန်က ဖြစ်လာမှာပဲ။
တင်းမာမှုတွေက ပိုဖြစ်လာမှာပဲ။ ဒါကြောင့် တခြားလူတွေက လာဘိန်းဖျက်တယ်။ လူအင်အားနဲ့ သွားလိုက်တယ်ဆိုတာ အစိုးရက တာဝန် ရှိတယ်။ တရားဥပဒေနဲ့ နိုင်ငံတော်က ဥပဒေနဲ့ လုပ်လို့ရတယ်။ အခုက သူတို့က ဥပဒေတွေလည်းမရှိ ဘာမရှိနဲ့ လာပြီး တော့ လုပ်တယ်။ ဒါက ပိုပြီး လူတွေနဲ့ တင်းမာစေတယ်။
ဒီနှစ်တော့ ဒီလို လာဖျက်တယ်။ နောက်တနှစ်မှာ လူထုတွေ ဘိန်းပြန်မစိုက်အောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ပြုပြင် ပြောင်းလဲပေးရမယ့် နည်းလမ်းတွေ၊ ဗဟုသုတပေးပြီး မူဝါဒတွေ သေချာ ချပြီးတော့ လုပ်သင့်တယ်။ အဲတာ မဟုတ်ဘဲ အခုလို လိုက်ဖျက်တယ်ဆိုတဲ့ ပုံစံမျိုးက ချက်ချင်းပြီးသွားနိုင်တဲ့ အရာမဟုတ်ဘူး။ ကျနော်ပြောချင်တာက ဖြစ်စေချင်တာက ပြည်သူတွေကို နားလည်အောင်ပြောပြီး သူတို့ ကိုယ်တိုင် ဖျက်ဖို့ပါ။ အလကား ရန်ရှာပြီးလည်း ဘယ်သူကမှ မလုပ်လိုပါဘူး။
မေး ။ ။ ဒီလို ဖြစ်နေတာတွေကို အန်ကယ့်အနေနဲ့ လွှတ်တော်မှာ တင်ပြဖို့ ရှိမလား။ လွှတ်တော်မှာ ဆွေးနွေးမှာလား။
ဖြေ ။ ။ လွှတ်တော်မှာတော့ ကျနော် တင်ပြစရာ မရှိဘူး။ ဒါတွေက အစိုးရက လုပ်ရမယ့် အလုပ်တွေ ဖြစ်တယ်။ တင်ပြဖို့ အစီ အစဉ် မရှိသေးဘူး။ အခု ဖြစ်နေတဲ့ လူထုတွေနဲ့ ဘိန်းဖျက်တဲ့သူတွေကိစ္စ ပြီးသွားမှ အေးအေးချမ်းချမ်း ဆောင်ရွက်လို့ ရလိမ့်မယ် ထင်တယ်။ အကုန် သေချာချမှတ်ပြီးမှ လုပ်တာ ပိုကောင်းပါမယ်။
မေး ။ ။ ဘိန်းခင်းတွေကို အားတတ်သရော လိုက်ဖျက်နေတဲ့ ကချင်လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကိုရော ဘယ်လို မြင်ပါသလဲ ။
ဖြေ ။ ။ သူတို့က လူတွေကို တခါတည်း လုပ်အားတွေ ယူတယ်။ တနိုင်တပိုင် စိုက်နေတဲ့ သူတွေရဲ့ ဘိန်းခင်းတွေကို ဖျက်ဖို့ လူတွေကို ဖိအားပေးတယ်။ ဒီလိုသာ အတင်းလုပ်နေရင် လူတွေရဲ့ နေထိုင်မှုဘဝတွေ ပျက်သွားနိုင်တယ်။ တင်းမာမှုတွေ ပိုဖြစ် လာနိုင်တယ်။
သူတို့ အခုလုပ်နေတဲ့ လုပ်ရပ်က တခြားတနေရာကနေ ရန်ပုံငွေတွေရဖို့ ဘိန်းဖျက်တာကို လုပ်ပြနေတာပဲ။ အကြောင်း ပြနေတာပဲ။ အဲဒီလိုပဲ ကျနော်တို့ ယူဆတယ်။
မေး ။ ။ အန်ကယ်တို့ရဲ့ အထူးဒေသ ၁ မှာ ဘိန်းစိုက်ပျိုးတဲ့ စိုက်ခင်းတွေ ရှိပါသလား။
ဖြေ ။ ။ ဘိန်းစိုက်ပျိုးတယ်ဆိုတာ အပြင်ကနေ အကြောင်းပြပြီး ရောက်လာပြီး ဒေသကို မတည်မငြိမ်ဖြစ်အောင် လာလုပ်နေ တယ်။ ကိုယ့်ဘာသာကိုယ် ဘိန်းဖျက်ကြ။ ကျနော်ကတော့ ဒီလိုပဲ။ အစိုးရလည်း ပံ့ပိုးပေးရင် ပံ့ပိုးပေးပေါ့။ မဟုတ်ဘူးလား ။ ဒီလိုပဲ။ ကျနော်တို့ မသိလိုက်ဘူး။ ဘိန်းစိုက်တယ်ဆိုတာ ကျနော်တို့ ဒေသထဲမှာ ပြည်သူတချို့ ဘိန်းစိုက်တာ ရှိကောင်းရှိမယ်။ ရှိနိုင်တယ်။ တခြားနေရာတွေမှာ အများကြီး စိုက်ထားမယ်လို့ ကျနော် ယူဆပါတယ်။ ဒီတနေရာတည်းမှာတော့ မဟုတ်ဘူး။ အခုက ဒီတနေရာ တည်းက ဘိန်းကိုဖျက်မှ မြန်မာတနိုင်ငံလုံး ကင်းစင်သွားမှာလည်း မဟုတ်ဘူး။ ကျနော်တို့ဒေသအပြင် တခြားနေရာတွေမှာလည်း ရှိနေဦးမှာပဲ ။
မြို့ပေါ်မှာဆို မူးယစ်ဆေးဝါးတွေ ဆေးပြားတွေအပြည့်နဲ့ လူတွေအများကြီး ဒုက္ခရောက်နေတာလည်း ရှိတယ်။ အဲတာတွေ ရှင်း အောင် အရင်လုပ်ကြပါလား လုပ်နိုင်ရင်လေ။ ဒါဆို ပြည်သူတွေ တကယ် အကျိုးဖြစ်မှာပေါ့။
မေး ။ ။ အထူးဒေသ ၁ မှာ ဘိန်းစိုက်ခင်းတွေ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး အန်ကယ် ဘယ်လို မူဝါဒတွေ ချထားလဲ။
ဖြေ ။ ။ ဘယ်နေရာမှာရှိရှိ မူးယစ်ဆေးဝါးဆိုတာ ကောင်းတာမှ မဟုတ်တာ။ ကျနော်တို့မှာ ရှိမယ့်လူနဲ့ အင်အားနဲ့ ပြည်သူတွေ ကိုယ်တိုင်က ဘိန်းစိုက်ထားတာကို တောင်းဆိုဖို့ လုပ်ရမယ်။ နောက် ဘိန်းမစိုက်တော့လို့ သူတို့ရဲ့စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းပေးဖို့ လုပ်ရမယ်။ အခုလုပ်နေတဲ့ လူတွေကိုလည်း ဒီလို လုပ်ဖို့ အကြံပေးချင်တယ်။
မေး ။ ။ ကချင်လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကိုရော ဘာများ အကြံပြုချင်ပါသလဲ။
ဖြေ ။ ။ တနေရာမှာပဲ ဘိန်းရှိနေတာ မဟုတ်ဘူး။ ကချင်ပြည်နယ်ရဲ့ နေရာတိုင်းမှာ ဘိန်းက ပုံစံမျိုးစုံနဲ့ ရှိနေတာပဲလေ။ ဘာလို့ ဒီနေရာကိုပဲ လာမဲပြီးတော့ လုပ်နေသလဲ။ ဖျက်ချင်နေကြတာလဲ။ ဖျက်လိုက်ရင်တော့ ရတာပါပဲ။ ဒါပေမယ့် သူတို့ လုပ်နေတာက နည်းလမ်း မရှိဘူး။ မူမရှိဘူး။ တကယ့် ဘိန်းဖျက်တယ်ဆိုတဲ့ ရည်မှန်းချက် အောင်မြင်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ပြီး လုပ်နေတဲ့ပုံ မတွေ့ရဘူး။
တခြားဒေသက လူတွေကို သွားမလုပ်ပါနဲ့။ လာမလုပ်ပါနဲ့။ အဲဒီဘိန်းဖျက်နေတဲ့လူတွေ ကိုယ့်အိမ်မှာလည်း ကိုယ့် အလုပ်ကိုယ် ရှိကြမယ်လို့ ကျနော်ထင်ပါတယ်။ နိုင်ငံတော်က အစိုးရက တခြားနေရာတွေမှာက တားလို့ မကောင်းလို့ မတားတာ ဖြစ်မယ်။ အခု ဒီနေရာမှာကတော့ ပြဿနာ မဖြစ်အောင် တားတာ ဖြစ်ပါလိမ့်မယ်။ အာဏာလွဲပြီးရင် အစိုးရသစ်က စီစဉ်ပြီး ဒီကိစ္စတွေကို အစိုးရ သစ် ပေါ်လာရင် အစိုးရသစ်ကလည်း နိုင်ငံတော်ကို အုပ်ချုပ်တဲ့ စနစ်တွေနဲ့ လုပ်စရာရှိတာကို လုပ်မှာပဲ။ အခုချိန်မှာ စပ်ကူး မတ်ကူးကာလမှာ ဖြေရှင်းမယ်ဆိုပြီး ဝင်လုပ်နေတာတွေက ကြားမှာ မရှုပ်ရှုပ်အောင် လုပ်တဲ့သဘော သက်ရောက်ပါတယ်။