အရှေ့တောင် အာရှပင်လယ်စာစက်ရုံ လုပ်ငန်းခွင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ရေလုပ်သားများ အကြောင်း စုံစမ်း ထုတ်ဖော် ရေးသားသည့် Associated Press (AP) သတင်းဌာနမှ အမျိုးသမီး သတင်းထောက် ၄ ဦးသည် “၆၇” ကြိမ်မြောက် George Polk Awards In Journalism (New York) ဆု ယခင်အပတ်က ရရှိခဲ့သည်။
George Polk Award ဆု ရရှိခဲ့သူ အမျိုးသမီးသတင်းထောက် ၄ ဦးတွင် မြန်မာ အမျိုးသမီး သတင်းထောက်ဖြစ်သူ အက်စတာ ထုဆန် လည်း တဦး အပါအဝင် ဖြစ်သည်။
အင်ဒိုနီးရှား နိုင်ငံရှိ လုပ်ငန်းခွင်များအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ရေလုပ်သားများအကြောင်းကို အက်စတာ ထုဆန် အပါအဝင် ယခုဆုရရှိသူ အမျိုးသမီး ၄ ဦးပူးပေါင်း၍ သတင်းထုတ်ဖော် ရေးသားပြီးနောက်ပိုင်း ကျွန်လုပ်သားကဲ့သို့ လုပ်ကိုင်နေရ သည့် ရေလုပ်သား ၂၀၀၀ ကျော် လွတ်မြောက်လာ ခဲ့ကြောင်း၊ ထို သတင်းဆောင်းပါးဖြင့် ဆုရရှိခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွက် George Polk ဆု ရရှိသူများကို အမေရိကန်အခြေစိုက် Long Island တက္ကသိုလ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
George Polk ဆု ရရှိခဲ့ကြသည့် AP သတင်းဌာန အမျိုးသမီး ၄ ဦးမှာ Robin McDowell (ယခင်က ရန်ကုန်အခြေစိုက် AP , Correspondent), Margie Mason (Indonesia AP Bureau Chief), Martha Mendoza (AP National Writer, California, USA) နှင့် အက်စတာ ထုဆန် (AP သတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်) တို့ ဖြစ်ကြသည်။
ဆုရရှိမှုနှင့် ပတ်သက်ပြီး အက်စတာ ထုဆန်က “ကျမ ဒီအဖွဲ့ထဲမှာ ပါဝင်ခွင့်ရတာလည်း ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ ဒီဆုရတာထက်ကို တကယ်ဆုက ဘယ်ချိန်မှာ ခံစားရလဲဆိုတော့ ကျမတို့ မြန်မာပြည်သားတွေ မြန်မာပြည် ပြန်လာတဲ့အချိန်မှာ ကျမအတွက် လက်ဆောင်ရတယ်။ ဆုရတယ်လို့ မြင်တယ်။ ဒီဆုတွေဆိုတာက နာမည်ပဲ ရှိတယ်။ တကယ့်တကယ် ပြောင်းလဲမှု ဖြစ်စေတာက ဒီလူတွေ အိမ်ပြန်ရောက်လာကြတာက တကယ်ဝမ်းသာစေပါတယ်”ဟု ပြောသည်။
၎င်းတို့ ၄ ဦးသည် ထိုသတင်းကို ၂၀၁၄ ခုနစ် နိုဝင်ဘာတွင် အင်ဒိုနီးရှားနိုင်ငံရှိ ကျွန်းများသို့ သွားရောက်၍ ကျွန်ကဲ့သို့ လုပ်ငန်း လုပ်ကိုင်နေရပြီး လုပ်အား ခေါင်းပုံဖြတ် ခံနေရမှု၊ လူများစွာ ဥပဒေမဲ့ သေဆုံးမှုများ၊ လူများစွာ ရောင်းစားခံနေရမှုများကို သက်သေ အထောက်အထား ခိုင်လုံစွာဖြင့် လိုက်လံဖော်ထုတ် စုံစမ်းရေးသားခဲ့ရသည့်အတွက် တနှစ်ခန့် အချိန်ကြာခဲ့ကြောင်းလည်း အက်စတာ ထုဆန်က ဆက်ပြော သည်။
အက်စတာ ထုဆန်သည် AP သတင်းဌာနတွင် ၂၀၁၃ ခုနှစ် စက်တင်ဘာက စတင်ဝင်ရောက် လုပ်ကိုင်ပြီး တိုင်းရင်းသားရေးရာ သတင်း၊ လူ့အခွင့်အရေးနှင့် ပတ်သတ်သည့် သတင်းများကို ရေးသားနေသည့် သတင်းထောက်တဦး ဖြစ်သည်။
အဆိုပါ သတင်းဆောင်းပါးဖြင့်ပင် George Polk ဆုအပြင် Barlette & Steele Investigative Business Journalism Award, Goldsmith Investigative Reporting Prize နှင့် Selden Ring Award for probe of seafood produced by slaves (Los Angeles) ဆုတို့လည်း ရရှိခဲ့သည်။
George Polk Awards In Journalism (New York) ဆုကို ၁၉၄၉ ခုနစ်က စတင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ထိုဆုသည် ဂရိနိုင်ငံ ပြည်တွင်းစစ်အတွင်း သတင်းယူစဉ် သေဆုံးသွားခဲ့သည့် သတင်းထောက် George Polk ကို ဂုဏ်ပြုသည့် အနေဖြင့် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။